မောင်လူမွှေး - ကယ်တင်ရှင်ရောဂါ
မောင်လူမွှေး - ကယ်တင်ရှင်ရောဂါ
မိုးမခ ၊ ဧပြီ ၇ ၊ ၂၀၂၅
မောင်လူမွှေးတို့မြန်မာတွေဟာ အလှူတွေကို မှတ်တမ်းတင်တဲ့ဓလေ့ဟာ သိမီသလောက် ပုဂံခေတ်ကတည်းက စတင်ခဲ့တာပါ။ ပုဂံခေတ်မှာ ဓာတ်ပုံကင်မရာမရှိသေးတော့ ကျောက်စာရေးထိုးပြီး မှတ်တမ်းတင်ကြရပါတယ်။ ပုဂံခေတ်ရဲ့အလှူမှတ်တမ်းတင် ကျောက်စာကို ကျောင်းသားတွေလေ့လာဖို့ ပြဋ္ဌာန်းထားလို့ တော်တော်များများလည်း သိကြပါတယ်။
နောက်ပိုင်းကျတော့ ဘုန်းကြီးကျောင်းတွေမှာ ၊ ဘုရားစေတီ၊ ဇရပ် စတဲ့ အလှူဒါနပြုတဲ့နေရာတွေမှာ အလှူ ရှင်ကို ဆေးနဲ့စာရေးပြီး မှတ်တမ်းတင်ကြပါတယ်။ ဓာတ်ပုံတွေ ပေါ်လာတော့လည်း ရှင်ပြုအလှူ၊ ကထိန် စတဲ့ ဘာသာရေးနဲ့ဆိုင်တဲ့ အလှူအတန်းတွေမှာ မှတ်တမ်းဓာတ်ပုံရိုက်ကြပါတယ်။
ဒီလိုအလှူမှတ်တမ်းတင်တာတွေဟာ သာဓုခေါ်ချင်သူတွေမြင်ရင် သာဓုခေါ်ပြီး ကုသိုလ်တရားပွားလို့ရပါတယ်။ နေပူထဲကနေလာတဲ့သူတွေ ဇရပ်မှာဝင်နားရင်း ဇရပ်အလှူရှင်နာမည်ကိုတွေ့ရတော့ သာဓုခေါ်၊ မေတ္တာပွားလို့ရတယ်။ သောက်ရေအိုးစင်က အလှူရှင်နာမည်လေး တွေ့တော့လည်း အလှူသေးသေးလေးပေမယ့် ထိရောက်တဲ့အလှူရှင်ကြီးတွေရယ်လို့ စိတ်ထဲက အသိအမှတ်ပြုလို့ရကြပါတယ်။
ကိုယ့်ရှင်ပြုအလှူ၊ ကထိန်အလှူ၊ ဘုန်းကြီးကျောင်းအလှူ၊ ဆေးရုံအလှူ၊ စာသင်ကျောင်းအလှူ စတာတွေကို ဓာတ်ပုံနဲ့မှတ်တမ်းတင်ထားတော့ ပြန်ကြည့်ချင်တဲ့အချိန်ကြည့်ပြီး ပီတိပွားလို့ရပါတယ်။ ကုသိုလ်နဲ့မေတ္တာတရားပွားရတဲ့ ၊ ကျေးဇူးတရားနဲ့ ပီတိကို ခံစားရတဲ့ အလှူမှတ်တမ်းတွေ၊ အလှူဓာတ်ပုံတွေဟာ နှစ်ဖက်လုံးအကောင်းကိုရခဲ့တဲ့ဓာတ်ပုံတွေဖြစ်ပါတယ်။ လှူတဲ့သူအတွက်ရော၊ အလှူခံပုဂ္ဂိုလ်တွေအတွက်ရော အဆင်ပြေတဲ့ ဓာတ်ပုံမှတ်တမ်းတွေ ဖြစ်ပါတယ်။
၂၀၂၅၊ မတ် ၂၈ ရက်နေ့ငလျင်ကြောင့် ထိခိုက်မှုများတဲ့ စစ်ကိုင်း၊ မန္တလေးဘက်တွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့သွားရောက်ကူညီကြတာ၊ လှူဒါန်းကြတာတွေကို သတင်းတွေထဲမှာ မောင်လူမွှေး နေ့စဥ် တွေ့မြင်နေရပါတယ်။ ဒီလိုသွားလှူကြတဲ့ထဲမှာ မောင်လူမွှေးတို့ မြို့က လူမှုရေးအသင်းတွေလည်း ပါပါတယ်။ မောင်လူမွှေးနဲ့ ရင်းနှီးတဲ့သူတွေလည်း ပါပါတယ်။
ဒီလိုလှူဒါန်းကြတဲ့နေရာမှာ ဖုန်း ကင်မရာတွေကြောင့် ပစ္စည်းလက်ခံမယ့် ငလျင်ဘေးဒုက္ခသည်တွေဟာ အနှောင့်အယှက်ဖြစ်ကြရတယ်လို့ ဆိုပါတယ်။ မန္တလေးမြို့ကြီးမှာ ငလျင်ဒဏ်ခံရတဲ့မောင်လူမွှေးရဲ့ မိတ် ဆွေညီငယ်တစ်ယောက်ကတော့ ဖုန်းကင်မရာတွေကိုကြောက်လွန်းလို့ ပစ္စည်းဝေရင်သွားမယူဘဲ ကိုယ့်ရှိတာလေးနဲ့အဆင်ပြေအောင်နေနေတယ်လို့ ဆိုပါတယ်။ ဓာတ်ပုံရိုက်ခံရမှာစိုးလို့ လာမယူတဲ့သူတွေအများကြီးရှိတာတွေ့ရတယ်လို့ မန္တလေးကို ငလျင်ဘေးသွားကူနေသူ မောင်လူမွှေးအသိမိတ်ဆွေတစ်ဦးကလည်း သူ့ facebook စာမျက်နှာမှာရေးတင်ထားတာကို မောင်လူမွှေး ဖတ်လိုက်ရပါတယ်။
ငလျင်ဘေးမှာ ကိုယ်တိုင်ကိုယ်ကျပေးလှူနေတဲ့သူတွေထဲကတချို့ဟာ မရှိတဲ့သူ၊ ဘေးဒုက္ခရောက်နေသူတွေကို ပေးလှူတဲ့အခါမှာ ပုံမှန်ရိုးရိုးအလှူပြုတာနဲ့ မတူဘူးဆိုတာကို စဥ်းစားမိပုံမရဘူး ထင်ပါတယ်။ ရိုးရိုးဒါနအတွက် အလှူပြုတာက အလှူရှင်ရောအလှူခံပုဂ္ဂိုလ်တွေရော နှစ်ဘက်လုံးကြည်နူးကြရတာပါ။ ငလျင်ဘေး ဒဏ်ကြောင့် ဒုက္ခဖြစ်နေသူတွေကို လှူဒါန်းတာကတော့ ပေးလှူနေရတဲ့ သူတွေရော၊ ခံယူရတဲ့သူတွေရော နှစ်ဦးလုံး စိတ်ချမ်းမြေ့ဖွယ် မဖြစ်ပါဘူး။ ပီတိနဲ့လှူတဲ့အလှူမဟုတ်ဘဲ စာနာစိတ်နဲ့ပေးလှူရတာမျိုးလို့ မောင်လူမွှေးနားလည်ပါတယ်။
ဒီလိုကြည့်နူးစရာမဟုတ်တဲ့အလှူကို ဘာကြောင့် ဓာတ်ပုံ ဒီလောက်ရိုက်ချင်နေရတာလဲဆိုပြီး မောင်လူမွှေးတွေးပါတယ်။ ကိုယ့်အလှူဒါနကို မှတ်တမ်းတင်ချင်တာ၊ ကိုယ် တကယ် လှူဒါန်းနေကြောင်း မှုရင်းအလှူရှင်တွေကိုပြချင်တာ၊ နောက်ထပ်အလှူခံလို့ရအောင် ဘယ်လောက်ဆင်းရဲဒုက္ခရောက်နေတယ်ဆိုတာကို ပြချင်တာတွေအပြင် ကယ်တင်ရှင်ဖြစ်ချင်တဲ့ ရောဂါလည်းပါမယ်လို့ မောင်လူမွှေး တွေးမိပါတော့တယ်။
ကိုယ့်အလှူဒါနကိုမှတ်တမ်းတင်ရုံ၊ ပြချင်ရုံနဲ့တော့ ဒီလိုတွေ အလွန်အကျွံ မရိုက်သင့်ဘူးဆိုတာ သိဖို့ ပညာတတ်ဖို့မလိုပါဘူး။ စာနာတတ်တဲ့ စိတ်ထားရှိရင် သိမှာ ဖြစ်ပါတယ်။ ခုတော့ စာနာစိတ်ထားထက် ကယ် တင်ရှင်အဖြစ် ကြွားလိုဇောတွေကြောင့် မူရင်းအလှူရှင်တွေရော၊ လက်ခံသူတွေပါ စိတ်အနှောင့်အယှက်ဖြစ်ကြရပါတယ်။
"ကျွန်တော်တို့ကတော့ အလှူခံစုပေး၊ ကားပေါ်ထိ ကိုယ်တိုင်ထမ်းတင်ပေးလိုက်တာပဲ။ ဟိုမှာ သူတို့က အလှူ ရှင်ကြီးတွေလုပ်ပြီး ဓာတ်ပုံတွေ တတင်တင်နဲ့ဗျာ " လို့ မောင်လူမွှေး နေတဲ့ ဒေသက လူငယ်တစ်ဦးက မောင်လူမွှေးကို လာရင်ဖွင့်ပါတယ်။
ပရဟိတလုပ်တာဟာ မွန်မြတ်တဲ့အလုပ် ဖြစ်ပါတယ်။ အခြေအနေ အချိန်အခါအလျောက် လိုအပ်ရင် လိုအပ်သလို ဝိုင်းဝန်းကြရတဲ့ အလုပ်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ပရဟိတနဲ့ နိုင်ငံကို ကယ်တင်လို့ မရပါဘူး။ ဒီတော့ ပရဟိတလုပ်ပြီး ကယ်တင်ရှင် မဖြစ်ချင်ကြပါနဲ့လို့ မောင်လူမွှေး မေတ္တာရပ်ခံလိုက်ပါရစေခင်ဗျာ။
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar