Breaking News

အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဆိုင်းဖို့ စစ်ကောင်စီကို အမေရိကန်ရဲ့ တောင်းဆိုမှု၊ တော်လှန်ရေးအင်အားစုတွေ၏ အခင်းအကျင်း အလှည့်အပြောင်းချိန်

မြန်မာနွေဦးခရိုနီကယ် - ဧပြီလ ၂၃ မြင်ကွင်း

မိုးမခ၊ ဧပြီ ၂၄၊ ၂၀၂၅

အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဆိုင်းဖို့ စစ်ကောင်စီကို အမေရိကန်ရဲ့ တောင်းဆိုမှု၊ တော်လှန်ရေးအင်အားစုတွေ၏ အခင်းအကျင်း အလှည့်အပြောင်းချိန်

မြန်မာစစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဆိုင်းပြီး မတရားဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့နဲ့ လူသားချင်းစာနာမှု အကူအညီလိုအပ်နေသူတွေကို အဟန့်အတားမရှိခွင့်ပြုပေးဖို့ အမေရိကန် ပြည် ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနက ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမှာ ဧပြီ ၂၂ ရက်နေ့က ကျင်းပတဲ့ အမေရိကန် ပြည်ထောင်စုနဲ့ အာဆီယံဆွေးနွေးပွဲမှာ ပြောဆိုခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။ 

အာဆီယံနဲ့အမေရိကန်ပြည်ထောင်စုဆွေးနွေးပွဲမှာ အမေရိကန်နိုင်ငံဘက်က နိုင်ငံခြားရေးဝန်ကြီးဌာနက အာရှနဲ့ ပစိဖိတ်ရေးရာ ဗျူရိုအကြီးတန်းအရာရှိ ဖြစ်သူ ရှောင်အိုနီးလ်က ပြောဆိုတာဖြစ်ပါတယ်။ 

အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နဲ့အညီ မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိရေး အာဆီယံ အဖွဲ့နဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း အမေရိကန်ပြည်ထောင်စုရဲ့သဘောထားကို ပြောဆိုခဲ့တယ်လို့ သတင်းထဲဖေါ်ပြထားပါတယ်။ 

အရှေ့အာရှနဲ့ အရှေ့တောင်အာရှမှာ ထရန့်အစိုးရရဲ့ စိတ်ဝင်စားမှု၊ ပါဝင်ပတ်သက်မှုတွေက တရုတ်နိုင်ငံနဲ့ ထိုင်ဝမ်အရေး၊ တရုတ်နဲ့ ကုန်သွယ်ကောက်ခံမှု အပြန်အလှန်လက်တုံ့ပြန်နေမှုတွေကလွဲရင် ကြီးကြီးမားမား စိတ်ဝင်စားမှုမရှိတဲ့အနေအထားကို သတိပြုမိကြပါလိမ့်မယ်။ 

ယခုနှစ်ဇန်နဝါရီလ ၂၀ ရက်နေ့မှာတာဝန်စယူခဲ့တဲ့ အမေရိကန်သမ္မတသစ် ထရန့်လက်ထက် အရှေ့တောင်အာရှနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုပြသခဲ့တာမတွေ့ရသေးသလို အနောက်ဥရောပမှာဖြစ်ပွားနေတဲ့ ရုရှား- ယူကရိန်းစစ်ပွဲရပ်ဆိုင်းဖို့နဲ့ ဂါဇာကိစ္စတို့ကိုသာ အဓိကကိုင်တွယ်ဖြေရှင်းတာ သဘောထားရပ်တည်ချက်ထုတ်ဖေါ်ပြောဆိုတာတွေလုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။ အဆိုပါအကြောင်းအရာ ၂ရပ်အပြင် အခြားသောနိုင်ငံတကာ အရေးကိစ္စတွေအနေနဲ့တော့ ဂရင်းလန်းကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ငှားရမ်းချင်တဲ့အကြောင်း၊ ကနေဒါကို ၅၁ ခုမြောက်ပြည်နယ်အဖြစ်ပူးပေါင်းရင် ဘယ်လောက်အကျိုးရှိမယ်ဆိုတဲ့ အငြင်းပွားဖွယ်ကိစ္စရပ်တွေသာပြောဆိုခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။ 

အမေရိကန်ပြည်ထောင်စုအနေနဲ့ အခုလို အခြားသောကမ္ဘာ့အရေးကိစ္စတွေနဲ့ ဗျာများနေတဲ့အနေအထား၊ အရှေ့ တောင်အာရှကို ဒီလောက်စိတ်ဝင်စားမှုမပြတဲ့အနေအထားတွေကို စစ်ကောင်စီအနေနဲ့လည်း ၄င်းတို့အတွက် ကံကောင်းတဲ့အနေအထားလို့ မြင်ကောင်း မြင်ပါလိမ့်မယ်။ 

ယခင် သမ္မတဘိုင်ဒင်လက်ထက်ကလည်း မြန်မာ့အရေးကို ဒီလောက်ကြီး ထဲထဲဝင်ဝင်လုပ်ဆောင်ပေးတာ မဟုတ်သော်လည်း ယခုလက်ရှိ သမ္မတလက်ထက်မှာ ပိုပြီးလျစ်လျူရှုလာတဲ့အနေအထားက စစ်ကောင်စီအတွက် အသက်ရှူချောင်တဲ့အခြေအနေဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ရန် ဘက် သို့မဟုတ် ပြိုင်ဘက်ရုရှားနဲ့ တတ်နိုင်သမျှ ပိုမိုနီးစပ်အောင် ကြိုးစားနေချိန်၊ ဒေသတွင်း အင်အားကြီးနိုင်ငံဖြစ်တဲ့အိမ်နီးချင်းတရုတ်ရဲ့အကူအညီယူပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ရဲ့ထိုးစစ်ဆင်နယ် မြေသိမ်းယူမှုတွေကိုရပ်တန့်စေပြီး တရုတ်အစိုးရကိုပိုမိုနီးကပ်စွာဆက်ဆံလာနေတဲ့အခြေအနေတွေအောက်မှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ ထဲထဲဝင်ဝင်လုပ်ဆောင်နိုင်ခြင်းမရှိခြင်းက ၄င်းတို့အတွက်စိတ်သက်သာရာ ရစေမှာ ဖြစ်ပါတယ်။

မြန်မာနွေဦးတော်လှန်ရေးအင်အားစုတွေဖြစ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းနဲ့ အနောက်မြောက်ပိုင်း၊ မြောက်ပိုင်းတို့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ကတော့ တရုတ်နိုင်ငံထက် အမေရိကန်ပြည် ထောင်စုနဲ့ ပိုမိုရင်းနှီးစွာဆက်ဆံပြီး အမေရိကန်ရဲ့သံတမန်ရေးအကူအညီအပြင်  ငွေကြေးလို ရုပ်ဝတ္တုအကူ အညီတွေအထိ မျှော်လင့်ချက်ထားရှိကြတာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ ယခင်သမ္မတ ဘိုင်ဒင်သက်တမ်းအတွင်း ၄င်းတို့ရဲ့ ကာကွယ်ရေးအသုံးစရိတ်ထဲ Burma Act လို့ခေါ်ဆိုတဲ့ အသက်သေစေနိုင်တဲ့အရာတွေမပါဝင်တဲ့အကူအညီတွေပေးဖို့ ဘတ်ဂျက်ကိုထည့်သွင်းရေးဆွဲပြီး လွှတ်တော်ကအတည်ပြုခဲ့ပေမယ့် လက်တွေ့မှာတော့ အပြည့်အဝအကောင်အထည်ဖေါ်နိုင်ခြင်းမရှိဘဲ အဆိုပါဘတ်ဂျက်တွေ အကူအညီတွေ သက်တမ်းကာလကုန်ဆုံးသွားခဲ့တဲ့အနေအထားလည်း ဖြစ်ပါတယ်။ 

အခုလက်ရှိ သမ္မတထရန့်လက်ထက်မှာတော့ Burma Act လိုမျိုးထပ်မံဖြစ်ပေါ်လာဖို့ မျှော်လင့်ချက်မရှိသလောက်နည်းပါးပြီး အမေရိကန်ပြည်ထောင်စုဟာ အမေရိကန်ပြည်ထောင်စုအတွက်သာ ဖြစ်ရမယ်ဆိုတဲ့ မူ နဲ့ အစ္စရေးလ် ပါလစ္စတိုင်းအရေးကိစ္စကလွဲရင် ကမ္ဘာ့အရေးကိစ္စတွေမှာ ထဲထဲဝင်ဝင်ပါဝင်ဖို့ အလားအလာ သိပ်မမြင်ပါဘူး။ ထရန့်ရဲ့ပေါ်လစီက အမေရိကန်အကျိုးစီးပွားလို့ဆိုရာမှာ သြဇာပါဝါမဟုတ်ဘဲ ငွေကြေး၊သယံ ဇာတ စတဲ့အကျိုးအမြတ်တွေကိုဆိုလိုတာဖြစ်ပြီး အမေရိကန်သြဇာရှိဖို့ ငွေကြေးအရအကူအညီပေးတာ စစ်ရေးအရအကူအညီပေးတာမျိုးတွေ မပါဝင်တာတွေ့ရမှာ ဖြစ်ပါတယ်။ 

မြန်မာ့နွေဦးလှုပ်ရှားမှုထဲမှာ နိုင်ငံရေးအရ အဓိကဦးဆောင်အဖွဲ့အစည်းသဖွယ်ဖြစ်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ သံတမန်ရေးအားကိုအမှီပြုသလို ဝန်ကြီးအချို့၊ CRPH ခေါင်း ဆောင်တချို့ဟာ အမေရိကန်ပြည်ထောင်စုမှာ အဓိကအခြေပြုနေထိုင်ကြတာကြောင့် အမေရိကန်ကို အား ပြုတယ်လို့ ယေဘုယျအားဖြင့် ကောက်ချက်ချနိုင်ပါတယ်။ ကမ္ဘာ့နိုင်ငံရေးနဲ့ စီးပွားရေးအခင်းအကျင်းမှာ အမေရိကန်နဲ့ တရုတ်ရဲ့အားပြိုင်မှုက ပိုပြီးပြင်းထန်လာချိန်မှာ မြန်မာ့အရေးအပေါ် ဘယ်လိုအကျိုးဆက် သက်ရောက်မှုတွေဖြစ်ပေါ်လာနိုင်သလဲဆိုတာ နိုင်ငံရေးဦးဆောင်သူတွေအနေနဲ့တွက်ဆပြီး ကြိုတင်ပြင်ဆင်ထားကြဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။ 

မြန်မာ့အရေးမှာ တရုတ်နိုင်ငံရဲ့ပါဝင်ပတ်သက်မှုက တစတစနက်ရှိုင်းလာတာတွေ့ရမှာ ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ တရုတ်နိုင်ငံကိုပိုမိုအားကိုးလာရလေလေ တရုတ်နိုင်ငံအနေနဲ့ ပိုမိုပါဝင်ပတ်သက်လာခွင့် ရလာလေလေ အနေအထားမျိုးဖြစ်ပါတယ်။ 

ရှမ်းမြောက်ကိစ္စက နွေဦးတော်လှန်ရေးရဲ့အရှိန်ကို မြှင့်တင်ပေးနိုင်ခဲ့သလို အခုတဖန် အပစ်ရပ်ပြီး လားရှိုးမြို့ကို ပြန်လည်လွှဲပြောင်းပေးရခြင်းကလည်း နွေဦးတော်လှန်ရေးကိုအရှိန်လျော့စေလိမ့်မှာ ဖြစ်ပါတယ်။ ဒီလိုအခင်းအကျင်းမှာ အမေရိကန်ပြည်ထောင်စုရဲ့ အခန်းကဏ္ဍပိုမိုမှေးမှိန်လာနေတာကိုလည်း အားလုံးသတိပြု မိကြပြီးဖြစ်မယ်လို့ ယူဆပါတယ်။ 

အခု အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနအရာရှိကြီးက ကမ္ဘောဒီးယားနိုင်ငံမှာပြောဆိုတဲ့ ထုတ်ပြန်ချက်ဟာ ယေဘုယျသဘောဆန်တဲ့ သံတမန် သဘောဆန်တဲ့ ထုတ်ပြန်ချက်အဆင့်ထက်မပိုတဲ့ ထုတ်ပြန်ချက်တခုလို့ကောက်ချက်ချရင် မှားမယ်မထင်ပါ။ ၂၀၂၅ ခုနှစ်ဆန်းမှာ ပြောင်းလဲလာတဲ့ကမ္ဘာ့အခင်း အကျင်းနဲ့အတူ မြန်မာ့နွေဦးတော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း ပြန်လည်ဆင်ခြင်သုံးသပ်ကာ နိုင်ငံ တကာ ဆက်ဆံရေးမဟာဗျူဟာတွေနဲ့ပတ်သက်လို့ ပြုပြင်ဖြည့်စွက်သင့်တာရှိရင် ပြုပြင်ဖြည့်စွက်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar