Breaking News

တပ်ဦးလ - ငါတို့လားရှိုးက အပေါင်ဆိုင်မှာ

Art- Aung Htet
ငါတို့လားရှိုးက အပေါင်ဆိုင်မှာ
တပ်ဦးလ
(မိုးမခ) ဧပြီ ၂၅၊ ၂၀၂၅

မွေးနေ့အပြီး
ထူးခြားတာဆိုလို့
ကြောင် သားအမိသုံးကောင်ရှေ့ဆင့်နောက်ဆင့်
မွေးဖွားတယ်
ငလျင်လှုပ်တယ်
ညည ငှက်တွေထပျံတယ်
ပုပ်ရဟန်းမင်းကြီးဖရန်စစ် ဆုံးပါးတယ်
ဒါပဲလားဆိုတော့
ဘယ်ဟုတ်မလဲ
မင်းကိုချစ်ခဲ့ခြင်းကြောင့် နောက်ဆက်တွဲတွေ
ထပ်လှုပ်တယ်
နောက်ဆက်တွဲသတင်းတွေ ထပ်တက်တယ်
နွေအပူက အားကောင်းလာတယ်
ရေထဲဆင်းပြီး
ရောဂါရှာဖွေတယ်
သုံ့ပမ်းတစ်ကောင်အကြီးကြီးမိတယ်
အကောင်အသေးလေးတွေဆို ပလူပျံလို့
ဒါပဲလားဆိုတော့
ဘယ်ဟုတ်မလဲ
လားရှိုးလည်း မောင့်မျက်ရည်ဝိုင်းပဲ
ဒါပဲလားဆိုတော့
ဘယ်ဟုတ်မလဲ
ထရန့်လေလည်တာ ကွန်တိန်နာBoxတွေ
တရုတ်ကမ်းခြေဘက် ပြေးကပ်တယ်
ဒါပဲလားဆိုတော့
ဘယ်ဟုတ်မလဲ
ကမ္ဘာမှာ စသည်စသည်တွေအများကြီး
ဒီနိုင်ငံမှာလည်း စသည်စသည်တွေအများကြီး
လောလောဆယ်
ငါတို့လားရှိုးက အပေါင်ဆိုင်မှာ
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar