မျိုးသန့်ထွန်း(စစ်ကိုင်း) - ပျောက်ဆုံးနေတဲ့ ဦးနုရဲ့စာမူများ (The Lost Of U Nu’s Unpublished Manuscript)
မျိုးသန့်ထွန်း(စစ်ကိုင်း) - ပျောက်ဆုံးနေတဲ့ ဦးနုရဲ့စာမူများ (The Lost Of U Nu’s Unpublished Manuscript)
မိုးမခ၊ ဧပြီ ၁၅ ၊ ၂၀၂၅
ဦးနုကိုတော့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ဒီမိုကရေစီဝန်ကြီးချုပ် ဆိုတာ လူတိုင်း သိကြပါတယ်။ ဒီအပြင် ပြဇာတ်ရေးဆရာ၊ တေးထပ်ရေးဆရာ၊ စာရေးဆရာကြီးရယ်လို့ ဦးနု စာအုပ်တွေ ဖတ်သူတွေလောက်သာ သိကြပါလိမ့်မယ်။ ဒါပေမဲ့ “ဦးနုစာစုစာရင်း” စာအုပ်ကိုကတော့ သိချင်မှ သိပါလိမ့်မယ်။ ဒီဟာက စာကြည့်တိုက်ပညာဒီပလိုမာဘွဲ့အတွက် “စာစုစာရင်း” ပြုစုရတာပါ။
အပြင်လောကမှာ စာပေနဲ့ သိပ်နီးစပ်မှုမရှိရင် “စာစုစာရင်း” လုပ်ရတယ် ဆိုတာ သိနိုင်မှာ မဟုတ်ပါဘူး။ မြန်မာပြည်မှာ “စာရေးသူစာစုစာရင်း” ပြုစုမှု လုပ်တာဟာ အရေးကြီးတယ် ဆိုတာ လူများမသိကြပါဘူး။ ဒီ “စာစုစာရင်း”တွေဟာ စာကြည့်တိုက်တွေမှာ စုဆောင်းထားရပါတယ်။ အသုံးချမှုနည်းပါးပါသေးတယ်။ စာကြည့်တိုက်ပညာ ဒီပလိုမာဘွဲ့ယူအတွက် စာစုစာရင်း ပြုစုရပါတယ်။
မျိုးသန့်ထွန်း ပြုစုတဲ့ “ဦးနုစာစုစာရင်း(Author Bibliography)”စာအုပ် ဆိုတာ ရှိပါတယ်။ မျိုးသန့်ထွန်းက စာကြည့်တိုက်ပညာဘွဲ့အတွက် ၂၀၁၁၄-၁၅ လောက်က ပြုစုခဲ့တာပါ။ “ထိုဦးနုစာစုစာရင်း”ကို အများပြည်သူ ဖတ်ရှုလေ့လာလို့ရအောင် နှစ်ကာလစာပေတိုက်က စာအုပ်အစဉ်-၃၈၂ အရ ၂၀၁၉ က ထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်ကို ဖတ်ခြင်းအားဖြင့် ဦးနုရဲ့ စာအုပ်စာပေအကြောင်း တီးမိ ခေါက်မိပါလိမ်မယ်။ ဒါကို ဖတ်ရင် ဦးနုသမိုင်းကို အနည်းနဲ့ အများ သိလာပါလိမ်မယ်။
ဦးနု စာစုစာရင်းဟာ လိုအပ်ချက်တွေ ရှိပါတယ်။ ထိုလိုအပ်ချက်တွေကို စာရေးသူက တတ်နိုင်သလောက်နောက်ထပ် ရှာဖွေ တွေ့ရှိပြီး ဆောင်းပါးရေးနေပါတယ်။
“ဦးနုစာစုစာရင်း”ဆိုတာက ဦးနုသမိုင်း လေ့လာသူအတွက် သိပ်အရေးကြီးပါတယ်။ ဖြည့်ဆည်းပေးရပါတယ်။ ပြီးပြည့်စုံတယ် ဆိုတာ မရှိပါ။ တွေ့ရင် တွေ့သလို ရေးနေရတယ်။ ဒေါက်တာသန်းထွန်း ပြောသလိုပဲ သမိုင်းစာတမ်း၊ သမိုင်းစာအုပ်တွေဟာ “နောက်ထပ် တွေ့ရှိချက်တွေ အသစ်တွေ့ရှိချက်တွေကို ရေးနေရမယ်”လို့ ဆရာသန်းထွန်းက ပြောလေ့ရှိပါတယ်။
ဦးနုဟာ ပြဇာတ်ရေးဆရာ၊ တေးထပ်ကဗျာဆရာ၊ စာရေးဆရာကြီး၊ ဇာတ်ညွန်းရေးသူ ဒါရိုက်တာ၊နိုင်ငံရေးသမား၊ ဝန်ကြီးချုပ် စတဲ့ ဂုဏ်ပုဒ်တွေက များတယ်။ သူ့ ဖြတ်သန်းခဲ့တဲ့လမ်းက ခရောင်းလမ်း ဖြစ်ပါတယ်။ ပန်းခင်းလမ်းတော့ မဟုတ်ပါဘူး။ ဦးနုဟာ ဝန်ကြီးချုပ်ဘဝထက် စာရေးဆရာဘဝကို ပိုပြီးနှစ်သက်သူပါ။ သူ့ဘဝမှာ စွဲစွဲမြဲမြဲ စာရေးခြင်း အလုပ်ကို လုပ်ရတာ အလွန်နှစ်ကြိုက်သူ ဖြစ်ပါတယ်။ ဦးနုနဲ့ သူ့သူငယ်ချင်း ဗိုလ်ချုပ်အောင်ဆန်းဟာလည်း စာရေးဆရာဘဝကို ဝါသနာပါသူ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ တက္ကသိုလ်ကျောင်းသားဘဝထဲက စာရေးသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ နိုင်ငံရေးလောက က အနားယူပြီးရင် စာရေးဆရာ လုပ်တော့မယ်လို့ ခံယူထားကြပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကတော့ နိုင်ငံ့အာဇာနည်ဖြစ်ကာ ၁၉၄၇ မှာ အသက် ၃၂ မှာ ကျဆုံးသွားခဲ့ပါတယ်။ ထင်သလောက် စာဆက်ရေးဖို့ အချိန်မရလိုက်ပါဘူး။ သူသာ အသက်ရှည်ရှည်နေဦးမယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ စာအုပ်တွေဟာ ဦးနုရဲ့ စာအုပ်တွေနဲ့အတူ အပြိုင်အဆိုင် ဖတ်ရှုလေ့လာနေရဦးမယ်ဆိုတာ ရဲရဲကြီး ပြောရဲပါတယ်။ မြန်မာ့သမိုင်းအတွက် တကယ်ကို တန်ဖိုးရှိပါမယ်။
ဦးနုဟာ ငယ်စဉ်က စာရေးလာသူပါ။ တက္ကသိုလ်ကျောင်းသားဘဝမှာ သတင်းထောက်အနေနဲ့ရော အင်္ဂလိပ်နယ်ချဲ့ဆန့်ကျင်ရေးစာတွေ ရေးခဲ့ပါတယ်။ အချို့စာတွေက စာကြည့်တိုက်မှာ ရှာဖွေလို့ မရခဲ့ပါ။ ရှေးဟောင်းစာပေအဖြစ်နဲ့ ပျောက်ဆုံးနေပါတယ်။
ဥပမာ။ မောင်နု အမည်နဲ့ရေးတဲ့ “အချစ်လော့ အမုန်းလော့” ပြဇာတ်၊ “သွေးအရူးသွေးတန်း”ပြဇာတ်တွေက ယနေ့အထိ ရှာမရပါ။ စာဖတ်သူများတွေ့ရှိက စာမူနဲ့အတူ အကြောင်းကြားပေးပါ၊မေတ္တာရပ်ခံပါတယ်။ ဦးနုရဲ့ ကလောင်အမည်တွေကို ချရေးလိုက်ပါတယ်။ မှတ်တမ်းတင်ကြလော့ဝ်!။
ဦးနု ကလောင်တွေက— ၁-သမိန်ဗရမ်း(ဗမာ့ခေတ်မှာရေး)၊ ၂-မောင်နု၊ ၃-ကိုနု၊တက္ကသိုလ်ကျောင်းသားကိုနု၊ ၄-ဘီအေကိုနု၊ ၅-သခင်နု၊ ၆-ဝန်ကြီးချုပ်ဦးနု၊ ၇-ဦးနု၊ ၈-ဝန်ကြီးချုပ်သခင်နု၊ ၉-ဥက္ကဋ္ဌကြီးဦးနု၊ ၁၀-ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးခေါင်းဆောင်ကြီးဦးနု၊ ၁၁-သတင်းထောက်တစ်ဦး(ဒီးဒုတ်ဂျာနယ်မှာရေး)၊ ၁၂-အရှင်ဓမ္မဓဇ (ဘုန်းကြီးဝတ် မဟာစည်မှာဟော-ရေး)၊ ၁၃-ဖဆပလအဖွဲ့ချုပ်ဥက္ကဌကြီးဦးနု၊ ၁၄-ဝန်ကြီး သခင်နု(ဂျပန်ခေတ်မှာရေး)၊ ၁၅-နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု စတဲ့ သူ့စာအုပ်တွေမှာ ဦးနု ကလောင်အမျိုးမျိုးကို တွေ့ရပါတယ်။
ဦးနု ငယ်စဉ်ကရေးတဲ့ ပြဇာတ်တွေက ပျောက်ဆုံးခဲ့တာ များပါတယ်။ အင်္ဂလိပ်လို ရေးတဲ့ ပြဇာတ်တွေလည်း ရှိပါတယ်။ ဒီနေရာမှာ အဆင်သင့်မဖြစ်လို့ ပြဇာတ် အမည်မဖော်နိုင်တာ ခွင့်လွှတ်ပါ။သခင်နု အမည်နဲ့ရေးတဲ့ “ရက်စက်ပါပေ့ကွယ်”စာအုပ်ကို အင်္ဂလိပ်လို ဆရာK ခေါ် မြန်မာ့သံညွှန်းကြားရေးမှူးဦးခင်ဇော် ဘာသာပြန်ဖူးပါတယ်။ စာအုပ်အဖြစ် ထုတ်ခဲ့တာ မရှိပါဘူး။ နောက် ဦးနုရဲ့ “ငါးနှစ်ရာသီဗမာပြည်”စာအုပ်ကို ကြေးတိုင်းမင်းကြီး ဂျေအက်ဖ်ဖာနီဖယ်က အင်္ဂလိပ်လို ဘာသာပြန်ခဲ့ပါတယ်။ပြည်ပမှာ စာအုပ်အဖြစ် ထုတ်ခဲ့ပါတယ်။
ထို “ငါးနှစ်ရာသီဗမာပြည်”ကို နောက်ထပ် အင်္ဂလိပ်ဘာသာ(ခ) အစ္စရေးဘာသာနဲ့ ပြန်ဆိုပြီး အစ္စရေးနိုင်ငံ(Isreal)မှာ ထုတ်ဝေခဲ့ပါတယ်။ နောက်ထပ် ဦးနုရဲ့ “ငါးနှစ်ရာသီဗမာပြည်”စာအုပ်ကို Taipei University-တိုင်ပေ့တက္ကသိုလ်တစ်ခုကနေ တရုတ်ဘာသာနဲ့ ပြန်ဆိုပေးပြီး ကမ္ဘာကို ဖြန့်ခဲ့ပါတယ်။ နောက်ဆုံး ရေးခဲ့တဲ့ဦးနုရဲ့ နာမည်ကြီး “တာတေစနေသား”စာအုပ်ကို မြန်မာဘာသာနဲ့ ၁၉၇၄ မှာ ရေးသားပြီး(The Nation Press Founder’s U Law Yone) ဦးလောရုံနဲ့ ပါမောက္ခဦးကျော်ဝင်းတို့က အင်္ဂလိပ်ဘာသာပြန်ဆိုကာ “Saturday Son”အဖြစ်နဲ့ ၁၉၇၆ မှာ ကမ္ဘာသို့ ဖြန့်ချိခဲ့ပါတယ်။
ထိုအချိန်က “တာတေစနေသား” စာအုပ်ကို ဗမာပြည်တွင်းမှာ ဖတ်ရှုခွင့်မရပါ။ မဆလဥက္ကဋ္ဌ ဗိုလ်နေဝင်းက ဦးနု-တာတေစနေသား စာအုပ်ကို ပိတ်ပင်တားမြစ်ထားခဲ့တယ်လို့ သိရပါတယ်။ ဒီနောက် “တာတေစနေသားစာအုပ်ဟာ ၂၀၁၂ ခုနှစ်မှာ ပြည်တွင်းမှာ လွတ်လပ်စွာ ဖတ်လို့ ရခဲ့ပါတယ်။ ဦးနုဟာ “တာတေစနေသား” နောက်ဆက်တွဲအနေနဲ့ ရေးသားခဲ့တယ်လို့ သိရပါသေးတယ်။ အဲဒီ နောက်ဆက်တွဲစာမူကတော့ အခုလောလောဆဲမှာ ပျောက်ဆုံးနေပါတော့တယ်။ ဆက်၍ တာတေစနေသား နောက်ဆက်တွဲကို ရှာဖွေနေပါတယ်။ တွေ့ရင် ပြောပါမယ်။
ဦးနုဟာ ဗုဒ္ဓသာသနာပြုအတွက် ဘာသာရေးစာပေတွေလည်း ရေးခဲ့ပါတယ်။ ထိုဗုဒ္ဓဘာသာစာပေတွေကို ဝန်ကြီးချုပ်ဘဝ ဖြစ်ပြီး ၁၉၆၂ ခုနှစ် အာဏာသိမ်းခံရပြီး နောက်ပိုင်းမှာ ရေးခဲ့တာ များပါတယ်။ ဦးနုဟာ ၁၉၆၂ မှာ စစ်တပ်ခေါင်းဆောင် ဗိုလ်နေဝင်းက အာဏာသိမ်းခံပါတယ်။ ဦးနုကို ဖမ်းဆီးပါတယ်။ ဦးနုကို မင်္ဂလာဒုံက ရေကြည်အိုင်စခန်းမှာ အကျယ်ချုပ်နဲ့ထားပါတယ်။ အဲဒီ ရေကြည်အိုင်မှာ တထပ်တိုက်နဲ့ နေရပါတယ်။ ဦးနုရဲ့ ဆိုင်ရာဝန်ကြီးတွေလည်း ဖမ်းပါတယ်။နောက်ပိုင်းမှာ ဦးနုက စာရေးသားခွင့် ရပါတယ်။ စာရေးသားရာမှာ ဘာသာရေးစာပဲ ရေးသားရပါတယ်။ ဦးနုဟာ ၁၉၆၂ မှ ၁၉၆၆ အထိ ရေကြည်အိုင်မှာ အကျဉ်းကျခံနေစဉ်အတွင်း ဘာသာရေးစာအုပ်များနဲ့ အခြားစာအုပ်များလည်း ရေးသားနိုင်ခဲ့ပါတယ်။ အိမ်က သူ လိုချင်တဲ့ ဘာသာရေးစာအုပ်တွေ ယူခွင့်ရှိပါတယ်။ မဟာစည်ဆရာတော်ကိုလည်း ပင့်ဆောင်ခွင့်ရှိပါတယ်။ မဟာစည်ဆရာတော်က ဦးနုဆီ ကြွရပါတယ်။ မဟာစည်ဆရာတော်ကို ဦးနုက ဗုဒ္ဓသာသနာဆိုင်ရာ မေးမြန်းလျှောက်ထားခွင့်ရပါတယ်။ ရေကြည်အိုင်စခန်းမှာ လေးနှစ်ကျော် နေလိုက်ရပါတယ်။ ဦးနုရဲ့ ရေကြည်အိုင်ထွက် စာအုပ်တွေ ၁၀ အုပ်မက ရှိပါတယ်။ အချို့သာ ထုတ်ခွင့်ရပါတယ်။ ထုတ်ခွင့်မရတဲ့စာအုပ်တွေလည်း ရှိပါတယ်။ ဥပမာ-ဗိုလ်နေဝင်းထံပေးစာ ၁၅ ချက်ကတော့ ထုတ်ခွင့်မရခဲ့ပါဘူး။
ဦးနု ရေးတဲ့ ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ ဘာသာရေးစာအုပ် ၃ အုပ် ရှိပါတယ်။ အဲဒီစာအုပ်တွေက ၁- အမြတ်ဆုံးသုံးဆူ၊ ၂-အမြတ်ဆုံးရွှေပြည်၊ ၃-အမြတ်ဆုံးအောင်နိုင်ခြင်း တို့ ဖြစ်ကြပါတယ်။ ဒီဘာသာရေးစာအုပ် သုံးအုပ်ထဲမှာ နံပါတ် ၁-အမြတ်ဆုံးသုံးဆူ စာအုပ်ပဲ ထုတ်ဝေခဲ့ပါတယ်။ ကျန်တဲ့ “အမြတ်ဆုံးရွှေပြည်”နဲ့ “အမြတ်ဆုံးအောင်နိုင်ခြင်း” ကိုတော့ စာမူတွေ ပျောက်ဆုံးနေပါတယ်။
ဒါပေမဲ့ စာမှုအချို့ကို ဘုန်းကြီးကျောင်းတကျောင်းမှာ ထားတယ်လို့ ကြားသိရပါတယ်။ အချို့ကို ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းအခါက ရုတ်တရက် ဖရိုဖရဲဖြစ်ကာ အာဏာသိမ်းစစ်တပ် မတရားသိမ်းယူဆောင်သွားခဲ့တယ်လို့ ဦးနုမိသားစုထံက သိရပါတယ်။ အချို့စာမူတွေလည်း ဘုန်းကြီးကျောင်းတွေကို ပို့ထားရတယ်လို့ သိရပါတယ်။ အချို့ဟာတွေက မသေချာ မရေရာမှု မရှိတာ တွေ့ရပါတယ်။
ဦးနု ရေးတဲ့ “အတွဲ (၁) ကမ္ဘာနဲ့ သတ္တဝါအစ၊ ယဉ်ကျေးမှုအစ၊ ရုပ်စုံအခြေခံသမိုင်း” စာအုပ်ကို “အောင်လောကစာပေ”က ခပ်စောစောပိုင်းက ထုတ်ဝေခဲ့ပါတယ်။ ကျန်အတွဲ (၂) နဲ့ (၃) ကိုတော့ မထုတ်ဖြစ်ခဲ့ပါဘူး။ ဦးနု သမီးကြီး ဒေါ်စန်းစန်းနု ပြောတာက အဆိုပါစာအုပ်ရဲ့ နောက်ထပ်ကျန်အတွဲ (၂) တို့၊ (၃) တို့ စာမူတွေကို မြို့မကျောင်းဆရာကြီး စာပေဗိမာန်ဘာသာပြန်အဖွဲ့ အရာရှိကြီး ဆရာဦးစံထွားဆီကို ပို့ထားခဲ့တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာ ဆရာကြီးဦးစံထွားလည်း ၁၉၉၆? မှာကွယ်လွန်ခဲ့ပါတယ်။
အန်တီစန်းနဲ့ စာရေးသူတို့ဟာ ကွယ်လွန်သူဆရာကြီး ဦးစံထွားရဲ့ အိမ်ကို သွားဖို့ စီစဉ်ပါသေးတယ်။ဒါပေမဲ့ မသွားဖြစ်ခဲ့ပါ။ ဒေါ်စန်းစန်းနုဟာလည်း ၂၄ ဇန်နဝါရီ ၂၀၂၅ မှာကွယ်လွန်ခဲ့ပါတယ်။ ဦးနု စာမူတချို့ ကို စာရေးသူဦးနု ပြတိုက် အလုပ်လုပ်နေစဉ်က ရှာဖွေ စုဆောင်းပေးခဲ့ပါတယ်
ရေကြည်အိုင်က ရေးထုတ်လိုက်တဲ့ “ကာမတဏှာ”၊ “ဘဝတဏှာ”၊ “သမုဒယတဏှာ” စတဲ့ တဏှာ စာအုပ်သုံးအုပ်ကို ဦးနု ရေးခဲ့ပါတယ်။ စာအုပ်အဖြစ် “ကာမတဏှာ”စာအုပ်ပဲ Published ၁၉၆၇ က ထုတ်ခဲ့ပါတယ်။ ကျန် “ဘဝတဏှာ”နဲ့ “သမုဒယတဏှာ”ကိုတော့ ထုတ်ဝေတာ မတွေ့ရပါ။
နောက်ပိုင်း ဦးနုပြတိုက် စာရေးသူ အလုပ်လုပ်နေစဉ် ထိုစာအုပ်ကို ဆက်လက်ရှာပုံတော်ဖွင့်လိုက်တာ “သမုဒယတဏှာ” စာမူကို ကံကောင်းထောက်မလို့ တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ပေါင်း ၅၀ ကျော်သွားတဲ့ စာမူဖြစ်တဲ့အတွက်နောက်ပိုင်း စာလေးတွေ ဖြုတ်ပျက် ကျန်ရစ်ခဲ့ပါတယ်။ စာမူလည်း ဆွေးမြည့်နေပါပြီ။
“သမုဒယတဏှာ”စာအုပ်ကိုတော့ ငါတို့စာပေက ၂၀၁၉ က ထုတ်ဝေခဲ့ပါတယ်။ ဝမ်းသာရပါတယ်။
ကျန်တဲ့ “ဘဝတဏှာ”စာမူကတော့ ယနေ့အထိ ရှာမတွေ့သေးပါ။ ရှာကြံနေဆဲပါ။
နောက်ထပ် ရှာလိုသေးတာက ဦးနုရဲ့ အင်္ဂလိပ်စာမူတွေ ဖြစ်ပါတယ်။ ဦးနုဟာ အင်္ဂလိပ်လိုဗုဒ္ဓသာသနာပြု စာအုပ်တွေ ရေးခဲ့ပါတယ်။ အင်္ဂလိပ်စာအုပ်တွေက “The Discoverer”၊”The Path”နဲ့ “The Disciples “ တို့ဖြစ်ပါတယ်။ထိုအထဲက “The Discoverer”ကို အင်္ဂလိပ်လို The Key စာအုပ်တိုက်က ထုတ်ခဲ့ဖူးပါတယ်။ ကျန်တဲ့ “The Path”၊”The Disciples”စာမူတွေကိုအဖြစ် ထုတ်တာမတွေ့ပါဘူး။ ဒီအင်္ဂလိပ်စာအုပ် နှစ်အုပ်ကတော့ ပျောက်ဆုံးနေပါတယ်။ နောက်ထပ်ပျောက်ဆုံးနေတဲ့ ဦးနုစာမူတွေ ရှိပါသေးတယ်။ ဦးနု ရေးတဲ့ စာမူဘဝက မတွေ့နိုင်တဲ့ စာမူတွေက “ဘဝတဏှာ”နဲ့ “အတွဲ (၂) (၃) ရုပ်စုံသမိုင်းအခြေခံသမိုင်း” ၊ “အချစ်လော့အမုန်းလော့”ပြဇာတ်၊ “ရန်သူတော်”ပြဇာတ်၊ “မာန်တစ်ကျော့”ပြဇာတ်၊ “မိုးမှောင်”ပြဇာတ်၊ “ဖိုးသုည”(Uneducated Person )” ပြဇာတ် စတဲ့ ထိုအရာတွေဟာ ဒီကနေ့အထိ (Unpublished manuscripts) ပျောက်ဆုံးနေပါတယ်။
နောက်ထပ် ဦးနုရဲ့ မဟာစွမ်းဆောင်ချက်တစ်ခုဖြစ်တဲ့ “ကမ္ဘာမှာ ဗုဒ္ဓသာသနာပြုမယ်”ဆောင်ပုဒ်အတိုင်း ဦးနု ဆောင်ရွက်ခဲ့ပါတယ်။ ဒီပြင် “ဆဋ္ဌသင်္ဂါယနာတင်သမိုင်း” (Sixth Buddhist Council Conference … History By U Nu) စာအုပ်တွေကို ဦးနု ပြုစုခဲ့ပါတယ်။
ဒီစာအုပ်တွေဟာ ဦးနုရဲ့ အဖွဲ့အစည်းများ ဖွဲ့ကာ ဆောင်ရွက်ခဲ့ပါတယ်။ ဦးနု ရဲ့ ကမ္ဘာ့ဗုဒ္ဓသာသနာပြု ဆောင်ရွက်ခဲ့တာကို တခြားနိုင်ငံက ယူအသုံးပြုနေကြောင်း ကြားသိရလို့ စိတ်မကောင်းဖြစ်ရပါတယ်။
ဆိုလိုတာက ပိဋကတ်ဘာသာပြန်စာပေဖြန့်ချိရေးအဖွဲ့ကြီးကို (၂၀-၈-၁၉၈၀) နေ့မှာ ဥက္ကကြီးဦးနုနဲ့အဖွဲ့ဝင် ကိုးဦးတို့ ပါဝင်ဖွဲ့စည်းခဲ့ပါတယ်။ နောက်ဆုံးမှာ အင်္ဂလိပ်ဘာသာပြန်ပြီး ပိဋကတ်တော်စာအုပ်ကြီးများအဖြစ် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ကမ္ဘာသို့ ဗုဒ္ဓသာသနာပြုလုပ်ငန်းကြီးများ ရေရှည်တည်တံ့ရေး ဖြစ်ဖို့ လိုပါတယ်။ ဒီလုပ်ငန်းတွေ အောင်မြင်နိုင်ဖို့ တိုင်းပြည်ကောင်းဖို့ လိုပါတယ်။အတိတ်ကို ပြန်ကြည့်လိုက်ရင် မြန်မာနိုင်ငံဟာ အာဏာသိမ်းမှုနဲ့ ဆင်းရဲမွဲတေမှု ဆက်စပ်နေပါတယ်။ စစ်အာဏာသိမ်းတဲ့ နိုင်ငံတိုင်းဟာ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေးနဲ့ လူမှုရေးတို့က အစအဘက်ဘက်က တလိမ့်ခေါက်ကွေး ကျဆင်းနေပါတယ်။ ဒီအထဲမှာ အဖိုးတန် အမျိုးအမှန်တဲ့ စာအုပ် စာပေတွေ ပျောက်ဆုံးနေပါတယ်။ ဦးနုရဲ့ စာတွေလည်း ပါ ပါတယ်။
ဦးနုရဲ့ ပေးစာ ပြန်စာတွေလည်း စုဆောင်းထားသူဆီမှာ ရှိပါတယ်။ ထိုစုဆောင်းသူများက ဆိုင်ရာ စာပေနဲ့ သက်ဆိုင်သူများကို အမြန်ဆက်သွယ်ပြီး စာအုပ်အနေနဲ့ ထုတ်ဝေသင့်ပါတယ်။ ပြည်ပမှာ လည်း ဦးနု စာအုပ်တွေကို သက်ဆိုင်သူ အသိပေးပြီး ထုတ်သင့်ပါသေးတယ်။ ပြည်ပရောက်လူများက ဦးနုနဲ့ သက်ဆိုင်တဲ့ စာတမ်းစာအုပ်တွေကအစ ရေးသင့်ပါတယ်။ စာအုပ်အဖြစ် ပြည်ပမှာ လက်လှမ်းသလောက်ထုတ်ဝေရပါမယ်။
ဦးနုရဲ့ စာမူတွေ၊ စာတမ်းတွေဟာ တစတစနဲ့ လုံးပါးပါးလာပါတယ်။ တိုင်းပြည်က ပြည်တွင်းစစ်ဒဏ်ကြောင့် စာပေပစ္စည်းများ တန်ဖိုးထားရမယ့် စာအုပ်စာတန်းတွေဟာ ဘယ်သူမှ မကယ်နိုင်ဘဲ ဆုံးရှုံးနစ်နာနေတာ တွေ့နေရပါတယ်။ တိုင်းပြည် ဆင်းရဲဒုက္ခရောက်ခြင်းဟာ အဓိကက စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲပြဿနာနဲ့ ပြည်တွင်းစစ် ဒဏ်ရာဒဏ်ချက်တွေကြောင့်လို့ ပြောလို့ရပါတယ်။ တိုင်းပြည် ကာကွယ်ရမယ့် စစ်တပ်က နိုင်ငံကို တည်ဆောက်လို့ မရနိုင်ပါ။ မြန်မာပြည်စစ်အာဏာသိမ်းယူမှု ၁၉၆၂ ခုနှစ်အစ ဒီကနေ့အထိ မဟာအမှားကြီး မှားခဲ့ပါပြီ။ သင်ခန်းစာယူတတ်ဖို့ လိုပါတယ်။
ကိုယ့်နိုင်ငံအကြောင်း ကိုယ် အသိနိုင်ဆုံးပါ။ မြန်မာပြည်အထဲမှာ နေထိုင်ဖူးတဲ့ လူမျိုးဟာ မြန်မာပြည်အကြောင်း ကောင်းကောင်းသိပါတယ်။ ဦးနု မရှိတဲ့နောက်မှာ သမီးကြီး ဒေါ်စန်းစန်းနု ဦးဆောင်ပြီး ဦးနု အိမ်မှာ ဦးနု စာအုပ်များ ထိန်းသိမ်းရေး အဖွဲ့အစည်းကို ၁၉၁၂ မှာ ဖွဲ့စည်းခဲ့ပါတယ်။ အဖွဲ့ဝင် ၁၄ ဦးနဲ့ ဖွဲ့ခဲ့ပါတယ်။ အဲဒီအဖွဲ့မှာ စာရေးသူက အထွေထွေအတွင်းရေးမှူးအနေနဲ့ပါဝင်ခဲ့ပါတယ်။ အချို့အဖွဲ့ဝင်တွေကတော့ ကွယ်လွန်သွားခဲ့ပါတယ်။ နောက်တော့ ဤအဖွဲ့အစည်းလည်း ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒါပေမဲ့ စာရေးသူက တာဝန်ရှိတယ်လို့ ယူဆတဲ့အတွက် ဦးနု စာအုပ်များနဲ့ အခြားရှားပါးစာအုပ်များတို့ကို ယနေ့တိုင် ရှာပုံတော် ဖွင့်နေရပါတော့တယ်။
စာဖတ်သူအားလုံး ကျန်းမာစွာနဲ့ ဘေးကင်းကြပါစေ။
မျိုးသန့်ထွန်း(စစ်ကိုင်း)
(တော်လှန်ရေးနေ့၊ ၂၇ မတ်လ ၊၂၀၂၅။)
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar