ကျော်မင်းထွန်း(NEW YORK) - ၂၀၂၅ သင်္ကြန်
၂၀၂၅ သင်္ကြန်
ကျော်မင်းထွန်း(NEW YORK)
မိုးမခ ၊ ဧပြီ ၁၅ ၊ ၂၀၂၅
ငလျင်တွေ တလုံးချင်း ဘေ့စ်တီးထားတဲ့
“မြနန္ဒာ”သီချင်းကို
သင်္ကြန်မတိုင်ခင် ခင်ဗျားကြီး ဆိုသွားတယ်။
ဒီနှစ် ဒီသီချင်းက
ကဂျိုးကဂျောင်နဲ့ ကီးကြောင်နေမှာပေါ့
မန္တလေးနန်းမြို့ရိုးရဲ့
အုတ်ကျိုးအုတ်ပဲ့က ဒရမ်တီးတယ်
Sky Villa ရဲ့
အင်္ဂတေ Slab ကြီးက ရစ်သမ်တီးတယ်
ဧရာဝတီပေါ်လျောင်းနေတဲ့
စစ်ကိုင်းတံတားဟောင်းက ကီးဘုတ်တီးတယ်
အပုပ်နံ့တထောင်းထောင်းနဲ့
Dead body တွေက ဟာမိုနီလိုက်နေပြန်ရော။
ကျုပ် သိပါတယ်
အဓိက လိဒ်တီးသူက
ဘိလပ်မြေသူခိုးကြီးဆိုတာ..။
သင်္ကြန်ပွဲအတွက်
ကန်ထရိုက်ဆွဲတဲ့ စတီးချောင်းသူခိုးကိုယ်တိုင်က
သင်္ကြန်ယိမ်းဝင်ကနေတော့
မယ်လိုဒီရော၊ ဆင်ဖိုနီရော ကောင်းပါ့ဦးမလား။
မဟာမြတ်မုနိတန်ဆောင်းလည်း
စောင်းလဲသွားမှတော့
“မန်းတောင်ရိပ်ခို” သီချင်းနဲ့
ခင်ဗျား မန်းတောင်ရိပ် မခိုချင်တာ မဆန်းပါဘူး။
လောကပါလနတ်မင်း ဆိုတဲ့
ခင်ဗျားကြီး
ဒီနိုင်ငံ ဒီဒေသကို အပြီးစွန့်ခွာသွားပြီလား။ ။
-