Breaking News

AA က အမျိုးသားကာကွယ်ရေး ဆိုင်ရာ အရေးပေါ် အခြေအနေကြေညာချက် ထုတ်ပြန်ပြီး ရခိုင်ဒေသခံလူငယ်တွေကို ရခိုင်ပြည်နယ်ပြင်ပ ထွက်ခွာခွင့်ပိတ်



မြန်မာနွေဦးခရိုနီကယ် - မေ ၂၂ မြင်ကွင်း

မိုးမခ၊ မေ ၂၃ ၊ ၂၀၂၅

AA က အမျိုးသားကာကွယ်ရေး ဆိုင်ရာ အရေးပေါ် အခြေအနေကြေညာချက် ထုတ်ပြန်ပြီး ရခိုင်ဒေသခံလူငယ်တွေကို ရခိုင်ပြည်နယ်ပြင်ပ ထွက်ခွာခွင့်ပိတ်

ရခိုင်ပြည်နယ်တွင်း အချို့သောနေရာဒေသများနှင့် ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ်ထိစပ်နေသည့် ပဲခူး တိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းတို့မှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ရက္ခိုင့်တပ်တော် AA က အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်ပြီး အသက် ၁၈ နှစ်မှ ၄၅ နှစ် (အမျိုးသမီးဖြစ်ပါက ၁၈ နှစ်မှ ၂၅ နှစ်) အရွယ်လူငယ်များ  ရခိုင်ပြည်နယ် အတွင်းမှ ထွက်ခွာခွင့်ကို ပိတ်ပင်လိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ပြည်နယ်မြို့တော်စစ်တွေနဲ့ တရုတ်နိုင်ငံရဲ့ ရေနံသဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံ ကိန်းတည်ရှိရာ ကျောက်ဖြူမြို့တို့သာ စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်ပြီး ကျန် ရခိုင်ပြည်နယ်ရဲ့ မြို့နယ်ဒေသအားလုံးကို AA က တိုက်ယူထိန်းချုပ်ထားပြီး ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ ရခိုင်ပြည်နယ်မှာ AA နဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့ပြီး AA အနေနဲ့ မြို့တွေနဲ့ စစ်ကောင်စီ တပ်ရင်းစခန်း၊ ဗျူဟာစခန်း၊ တိုင်းစစ်ဌာနချုပ်တွေ ဆက်တိုက်ဆိုသလို သိမ်းယူခဲ့ပြီးနောက်မှာ အခုလိုကြေညာခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်နယ်ကို အပြီးတိုင်ဆုံးရှုံးသွားပြီလို့ မဆိုနိုင်ယုံတမယ် မြို့တော်စစ်တွေနဲ့ ကျောက်ဖြူတို့ကိုသာ ထိန်းချုပ်ထားနိုင်တော့တဲ့ အခြေအနေဖြစ်ပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA နဲ့ ရက္ခိုင့်တပ်တော် AA တို့က ရခိုင်ပြည်နယ်ရဲ့ စစ်ရေးနဲ့ အုပ်ချုပ်ရေး၊ စီးပွားရေးနဲ့ လူထုဝန်ဆောင်မှုဆိုင်ရာတွေကို အကောင်အထည်ဖော်လုပ်ဆောင်နေတာလည်း ရခိုင်သတင်းဌာနတွေက ဖေါ်ပြတဲ့သတင်းတွေအရ ကြားသိနေရပါတယ်။

ရခိုင်ပြည်နယ် နဲ့ အခြားမြို့တွေအကြား ကုန်သွယ်မှု၊ ကူးသန်းသွားလာမှုတွေကို စစ်ကောင်စီဘက်ကရော၊ AA ဘက်ကပါ ကန့်သတ်မှုတွေ ထုတ်ပြန်ထားသည့်တိုင် ရှိနေဆဲဖြစ်ပြီး စစ်တွေနဲ့ ရန်ကုန် လေကြောင်းသွားလာမှုနဲ့ ရေလမ်းက ကုန်စည်သယ်ဆောင်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်အဆင့် အုပ်ချုပ်ရေးဝန်ထမ်းတွေက စစ်တွေမြို့မှာ အခြေစိုက်နေဆဲဖြစ်ပြီး အောက်ခြေ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေအနေနဲ့ဆိုရင်တော့ ကျောက်ဖြူနဲ့ စစ်တွေကလွဲရင် မရှိတော့တဲ့အနေအထားလည်းဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကနေ အခြားပြည်နယ်တိုင်းဒေသတွေကို သွားရောက်ဖို့ အတွက် စစ်တွေ-ရန်ကုန် လေကြောင်းခရီးကို အသုံးပြုနေကြရတာကို တွေ့ရပါတယ်။ အခု AA က ထုတ်ပြန်ချက်မှာဖေါ်ပြထားရာမှာ စစ်မှုမထမ်းလိုတဲ့ လူငယ်တချို့ ရခိုင် ပြည်နယ်ကနေ တိတ်တဆိတ်ထွက်ခွာနေကြတာတွေရှိနေတာကြောင့် အခုလိုအမျိုးသားကာကွယ် ရေးဆိုင်ရာ အရေးပေါ်ကြေညာချက်ထုတ်ပြန်ပြီး တားမြစ်ရတဲ့အဓိပ္ပါယ်လို့ နားလည်ရပါတယ်။

ရခိုင်ပြည်နယ် အခြေအနေနဲ့ ပတ်သက်လို့ အနာဂတ် ရခိုင်ပြည်နယ်ကို ဘယ်လိုတည်ဆောက်ကြမလဲ ဘယ်လိုပုံသဏ္ဍာန်နဲ့ ပေါ်ထွက်လာမလဲစတဲ့အချက်တွေနဲ့ပတ်သက်လို့ လတ်တလောမှာ ရခိုင်လူထုတွေအကြား နားလည်မှုဘယ်လိုရှိနေကြသလဲဆိုတာလည်း စိတ်ဝင်စားစရာကောင်းတဲ့ မေး ခွန်းတခုဖြစ်ပါတယ်။ ULA/AA က ချမှတ်ထားတဲ့ ရက္ခိတလမ်းစဥ်လို့ ခေါ်ဆိုတဲ့ ရခိုင်ပြည်နယ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ထက်ပိုတဲ့အဆင့်မျိုးလား မြန်မာနိုင်ငံရဲ့အခြားသောပြည်နယ်၊ တိုင်းဒေသတွေနဲ့ ပြည်ထောင်စုအစိုးရနဲ့ ဆက်ဆံရေး စတဲ့ အနာဂတ်မှာဖြစ်ပေါ်လာနိုင်တဲ့အနေအထားတွေက ဘယ်လိုဖြစ်မလဲဆိုတဲ့မေးခွန်းတွေ အတွက်အခုအချိန်မှာ အဖြေမရှိသေးဘူးလို့ ဆိုရမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အနေနဲ့က ကုန်းတွင်းပိတ်ဒေသမဟုတ်တဲ့အချက်က အခြားသောပြည်နယ်ဒေသတွေထက် အားသာချက်ရှိတယ်လို့ဆိုနိုင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်နိမိတ်ထိစပ်နေသလို AA  သိမ်း ယူထားပေမယ့် ရခိုင်ပြည်နယ်မဟုတ်တဲ့ ပလက်ဝဒေသကနေလည်း အိန္ဒိယနဲ့ ကုန်သွယ်တာတွေ လုပ်ဆောင်နေနိုင်တဲ့အခြေအနေဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားဒေသတွေ အနက် ကိုးကန့်ဒေသ၊ တအာန်းပလောင်ဒေသတွေက ၄င်းတို့လူမျိုးစုနေထိုင်ကြတဲ့ ဒေသတွေကို သိမ်းယူနိုင်ခဲ့ပြီး အခြားသော လူမျိုးစုတွေရောနှောနေထိုင်တဲ့မြို့တွေနယ်တွေအထိသိမ်းယူထားပြီး အုပ်ချုပ်ရေးဖေါ်ဆောင်နေသလို ရခိုင်ပြည်နယ်နဲ့ ကရင်နီ (ကယား)ဒေသတို့မှာလည်း ပြည်နယ်မြို့တော်က လွဲပြီးအခြားသောဒေသတွေအားလုံးသိမ်းယူကာ အုပ်ချုပ်ရေးဖေါ်ဆောင်နေကြတဲ့ အနေအထားဖြစ်ပါတယ်။ 

လက်ရှိ သတင်းထုတ်ပြန်ချကိတွေအရ - အဆိုပါ တိုင်းရင်းသားဒေသတွေမှာ အထွေထွေအုပ်ချုပ်ရေးနဲ့ လူထုဝန်ဆောင်မှုလုပ်ငန်းတွေ ထူထောင်လည်ပတ်ဖို့ ကြိုးပမ်းနေတာတွေ တွေ့နိုင်ပါတယ်။ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF/TNLA) မော်တော်ယာဉ် မှတ်ပုံတင် ကြီးကြပ်ရေး ဌာနမှ မော်တော်ယာဉ် မှတ်ပုံတင် လိုင်စင်များကို မေလ ၂၅ ရက်နေ့မှာ စတင်ပြုလုပ် ပေးသွားမယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် -တအာင်းပြည် တပ်မဟာ ၂ နယ်မြေ ကျောက်မဲခရိုင် သီပေါမြို့နယ် စံဖိတ်ကျေးရွာကဒေသနေပြည်သူတွေ သောက်သုံးရေ ရရှိစေဖို့ PSLF/TNLA မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဦးဆောင်ပြီး ဆောင်ရွက်ပေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ မြို့နယ်စည်ပင်သာယာရေအဖွဲ့ကဦးဆောင်ပြီး ကျေးရွာ‌‌‌ဒေသနေပြည်သူတွေနဲ့အတူ ဖေဖော်ဝါရီလ ၂၅ ရက်က စတင် ပြုလုပ်ခဲ့တာဖြစ်ပြီး မေလ ၂ဝ ရက်မှာ ပြီးစီးခဲ့တယ်လို့ ဆိုပါတယ်။ 

တိုင်းနဲ့ ပြည်နယ် အနှံ့အပြားမှာတော့ NUG ပညာရေး၊ ကျန်းမာရေးဝန်ကြီးဌာနတွေနဲ့ ချိတ်ဆက်လုပ်ကိုင်နေကြတဲ့ စီဒီအမ်ဝန်ထမ်းတွေ၊ ဒေသခံတွေ၊ စစ်ဘေးရှောင်စေတနာဝန်ထမ်းတွေနဲ့ ပညာ ရေး ကျန်းမာရေးလုပ်ငန်းတွေ လည်ပတ်နေကြတာကိုလည်း မြင်တွေ့ရပါတယ်။ ဒါတွေက စစ်ဘေးရှောင်ဒေသ၊ စိုးမိုးနယ်မြေ၊ ထိန်းချုပ်နယ်မြေတွေအလိုက် မရှိမဖြစ် ထူထောင်ကြရတဲ့ ကျောင်း၊ ဆေးရုံ ဆေးခန်းတွေ ဖြစ်တယ်လို့တောင် ဆိုနိုင်ပါတယ်။ ပြည်တွင်း ပြည်ပ ထောက်ပို့တွေက ပြည်တွင်းရှိ လူမှုရေး ကယ်ဆယ်ရေး အကူအညီတွေ ပညာရေး ကျန်းမာရေး ထောက်ပံ့မှုတွေကို တစိတ်တပိုင်း ပံ့ပိုးပေးနိုင်တယ်လို့ မှတ်ချက်ပေးနိုင်ပါတယ်။ အဲသည်အတွက် အကူအညီတွေ ရောက်ရှိဖို့ကို ဒေသခံ လူမှုအဖွဲ့တွေ၊ သပိတ်အဖွဲ့တွေ၊ NUG နဲ့ PDF ချိတ်ဆက်အဖွဲ့တွေ ကနေ တဆင့် စီးဆင်းနေကြတာ ဖြစ်ပါတယ်။ တိုင်းရင်းသားဒေသတွေမှာကတော့ ဦးဆောင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၏ သဘောထားကိုလိုက်နာပြီး ဆောင်ရွက်ကြတယ်လို့ ဆိုနိုင်ပါတယ်။ စစ်ရေးအထောက်အပံ့တွေကို တိုင်းရင်းသားတွေ PDF တွေ ဒေသခံ ပကဖတွေ က မိမိတို့အစီအစဉ်နဲ့ဆောင်ရွက်ကြတာဖြစ်ပြီး စစ်သည်အင်အားတွေကိုတော့ ခုချိန်မှာ မိမိဆန္ဒအလိုက် ပါဝင်ကြတဲ့ အနေအထားကနေ ဒေသတွင်းမှာ အမိန့်နဲ့ဖြစ်စေ အမျိူးမျိုးသော စည်းရုံးမှုတွေ အစီအစဉ်တွေကနေ စုဆောင်းကြရတဲ့အဆင့်ကို ရောက်ရှိလာတာကို မြင်တွေ့နေကြရပြီ ဖြစ်ပါတော့တယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar