ကိုနီတွတ် - အိုးတိန်တွင်း အထက်တန်းကျောင်းမှအစပြု၍......
အိုးတိန်တွင်း အထက်တန်းကျောင်းမှအစပြု၍......
ကိုနီတွတ်
(မိုးမခ) မေ ၂၀၊ ၂၀၂၅
၂၀၂၁ ခု၊ ဖေဖော်ဝါရီလ(၁) ရက်နေ့မှ ၂၀၂၅ ခု၊ မေလ(၁၂) ရက်နေ့အထိနိုင်ငံတော်အာဏာကို ဥပဒေမဲ့အာဏာသိမ်းခဲ့သည့် အကြမ်းဖက်မအလခါးပိုက်ဆောင်တပ်၏ တိုက်ခိုက်ဖျက်ဆီးမှု စာသင်ကျောင်းပေါင်း ၃၃၃ ကျောင်းအထိ ရှိလာပြီဟု DVB သတင်းဌာန၏သတင်းထုတ်ပြန်မှုအရသိရသည်။ တိုင်းနှင့်ပြည်နယ် (၁၄) ခုလုံး၏စာရင်းဖြစ်ပြီး အများဆုံးကားစစ်ကိုင်းတိုင်း။ (၈၄) ကေျာင်းဆိုသည့်အရေအတွက်သည် မနည်းလှ။ ထိုစာသင်ကျောင်းအဆောက်အဦများနှင့်အတူ ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများ၊ပြည်သူလူထုများ၏ အသက်သေဆုံးမှုနှုန်းများကိုကြည့်၍ မတော်တဆမှားယွင်းခြင်းမဟုတ်။ တမင်ချိန်ရွယ် ဖျက်ဆီးသတ်ဖြတ်နေမှန်း သိသာ၏။ ယခုလောလောလတ်လတ် ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းနှင့် ကျောင်းသားကျောင်းသူများအပေါ် အညှာအတာကင်းမဲ့စွာလုပ်ရက်ခဲ့ပုံမှာ နွေဦးတော်လှန်ရေးကိုအားပျော့သွားစေရန်နှင့် ပြည်သူများ PDFs များကိုမထောက်ခံရဲအောင် ရက်စက်ပြခြင်းပင်ဖြစ်သည်။ ထိုကိစ္စနှင့်ပက်သက်၍ ဘောမများ၊စစ်လော်ဘီများ ပြောကြားထုတ်ပြန် ပြုမူမှုများကိုကြားရချိန် ရင်ထဲ ကျင်ခနဲနာကျဥ်ရုံမက ဒေါသအလိပ်လိပ်တက်ခဲ့ကြသည်မှာ ပြည်သူအားလုံးနီးပါး။
အကြမ်းဖက်စကစ၏ဗဟိုချုပ်ကိုင်သည့် ခေါင်းညိမ့်ခေါင်းပညာရေးလောက်သာ သိရှိနားလည်သည့် ထိုဘောမများ၊ သူတို့ပြောခဲ့သည့်စကားလောက်သာ ပြောတတ်သည့်ထိုဘာမများ၏ဉာဏ်အတိမ်အနက် မည်မျှရှိသည်ကို ထိုအချက်များအရသိနိုင်သည်။ ရေတွင်းထဲကရေပြင်ကိုအလွန်ကျယ်သည်ထင်နေသော ဖားကလေးပုံပြင်ကိုသတိရမိသည်။ ကရဏီရလောက်နှင့်ဆွမ်းစားနေသော ဘုန်းကြီးပမာ။ ကော်ဇောမှတ်လို့ထိုင်မိတာ ဖျာစဖင်စူးနေတာလည်း ဖျာကြမ်းမှန်းမသိ။ ကိုယ့်ထမင်းကိုယ်စား ကြီးတော်နွား အလကားကြောင်းနေရမှန်းလည်း အတွေးမဝင်။ ကိုယ့်မေဓာရှိလျှင် သူ့(သု) မေဓာရှိကြောင်းလည်း နားမလည်။ ဤနွေဦးတော်လှန်ရေးတွင် စကစကျွန် Non-CDMs များသင်ကြားပေးနေသည့်စစ်ကျွန်ကျောင်း၊စစ်ကျွန်ပညာရေးမပါဝင်လိုသည့် အမှန်တရားဘက်တော်သား CDMs ပညာရေးဝန်ထမ်းများသင်ပေးနေသည့်ပညာရေး သို့မဟုတ် NUG ပညာရေးနှင့်တိုင်းရင်းသား EROs များ၏ လွတ်မြောက်နယ်မြေများတွင် လည်ပတ်နေသည့်ပညာရေး ဟူ၍ရှိသည်။ ကိုယ်ပိုင်ကျောင်းပညာရေးကိုလည်းချန်ထား၍မရ။
သူ တို့ကိုသူတို့ မောင်နှမသုံးယောက် (ဘဂ်လားမောင်နှမများလားမသိ) ဟု သွေးမတော် သားမစပ်ပဲ တော်နေသည့်ဘောမသုံးယောက်နှင့် စစ်လော်ဘီဘောမများ၏အလိမ်အညာများကြောင့် အိုးတိန်တွင်းရွာ အထက်တန်းကျောင်းကလပ်စတာဗုံးဖြင့် အကျဲခံရသည့်ကိစ္စ လေထဲပျောက်ကွယ်သွားလိမ့်မည်ဟု ထင်သူကထင်ပေလိမ့်မည်။ ကိုမင်းကိုနိုင်စကား ငှားပြောရလျှင် အရိုးတွန်မှ ဝန်ချမတောင်းပါနှင့်ဟု ဆိုချင်ပါသည်။ ကြမ်းပေါက်ကျွံလျှင် နုတ်၍ရသည်၊စကားကျွံလျှင် နုတ်မရကြောင်း သိကြားစေ။ ကြက်သွန်ချည်းနေလျှင် အကောင်းသား ငြုပ်သီးနှင့်ပေါင်းမှ အထောင်းခံရတတ်ကြောင်း နောင်တရချိန်ကြမှ မျက်နှာငယ်လေးဖြင့် ဖြူစင်ဟန်မဆောင်ပါလေနှင့်။ အမှန်မှာ ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရပညာရေး၊ EROs ဒေသပညာရေးများအကြောင်း နားခည်တတ်သိသူများ ထွက်ရှင်းပေးကြလျှင်ကောင်းလေစွ။သို့သော်မလိုအပ်၍ မရှင်းခြင်းဆိုလျှင်လည်း နားခည်မိပါသည်။ သို့သော် ရက်ရက်စက်စက်ဗုံးကျဲခံခြင်းကို နာကျဥ်ရသူ အထဲ CDM ကျောင်းဆရာဖြစ်သော ကျွန်တော်လည်းပါလေရာ ကျွန်တော်သိမှတ်သမျှ ကြားကာလပညာရေးများအကြောင်းရှင်းလိုသည်မှာ ထိုမဟာ့မဟာ အုတ်ကြား မြက်ပေါက် အလေနတောများသိစေလို၍ဖြစ်ပါ၏။
NUG အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းစဥ်က ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနလည်းပါသည်။ ဆရာကြီးဒေါက်တာဇော်ဝေစိုးကဝန်ကြီး၊ ဒေါ်ဂျာထွယ်ပန်၊ ဒေါက်တာစိုင်းခိုင်မျိုးထွန်းတို့ကဒုဝန်ကြီးများ။ သူတို့အောက်တွင်ညွှန်ကြားရေးမှူးမှစကာ ပညာရေးတာဝန်ခံများ ၊မြို့နယ်အသီးသီးရှိိပညာရေးဘုတ်အဖွဲ့များ စသဖြင့်ရှိကြသည်။ ပညာရေးဝန်ကြီးဌာနအောက်တွင် online schools များ ၈၀ နီးပါးခန့်ရှိသည်။ ကျောင်းတစ်ကျောင်းလျှင် အနည်းဆုံးကျောင်းသားဦးရေ ၃၀၀ ကျော်၊ အများဆုံးကျောင်းတွင် သုံးသောင်းကျော် ပညာသင်ကြားနေကြသည်။ဖုံးတစ်လုံးရှိလျှင် ပညာစုံအလွယ်တကူသင်ကြားနိုင်သောခေတ်မဝုတ်လား။ထိုကျောင်းများတွင် NUG သင်ရိုးများကို သင်နေကြသလို ဂျပန်စာ၊တရုတ်စာ၊ အဂ်လိပ်စာများကိုပါ အပိုသင်ပေးသည်။ တရုတ်ပေသီးအသုံးပြုနည်းပါမကျန် သင်ပေးကြသည်။ ပန်းချီပြိုင်ပွဲ၊စာစီစာကုံးပြိုင်ပွဲ၊စကားရည်လုပွဲ၊ ဂီတအနုပညာပြိုင်ပွဲများကိုလည်း ကျင်းပပေးသည်။ အချို့ကျောင်းများတွင် ကဗျာရေးဖွဲ့နည်းကိုပါသင်ပေးကြသည်။ ထိုအပြင် အတတ်ပညာရှင်၊ အသိပညာရှင်များ၏ ဟောပြောပွဲများကိုလည်း ကလေးများအတွက်ရည်ရွယ်ပြီး ကျင်းပပေးကြသည်။ ဆော့ဝဲတစ်ခုကိုအသုံးပြု၊ အုပ်စုဖွဲ့၊ ကလေးများမေးမြန်းလိုသော၊ သိလိုသောအကြောင်းအရာများကို ပြန်လည်ဖြေ ကြားပေးသည့် အစီအစဥ်ကိုပင် ထားပေးသည်။
..ထို online schools များမှာ ပညာရေးဝန်ကြီးဌာနအောက် ရှိသည်မှန်သော်လည်း တိုက်ရိုက်ချုပ်ကိုင်အမိန့်ပေး အကောင်အထည်ဖော် ပညာရေးမဟုတ်။ ဖက်ဒရယ်စံတစ်အတိုင်း သက်ဆိုင်ကျောင်းတာဝန်ရှိသူများ၏ စီမံခန့်ခွဲမှုများလွတ်လပ်စွာလုပ်ကိုင်ခွင့်ပေးသည်။ ငွေကြေးကောက်ခံမှု ခွင့်မပြုသော်လည်း မိဘများ၏ထည့်ဝင်မှု၊အလှူ့ရှင်များ၏ပညာရေး ထောက်ပံမှုများကိုလက်ခံသည်။ မဲလက်မှတ်၊ ထီလက်မှတ်များကိုရောင်း၍ ရန်ပုံငွေလည်းရှာပြီး ဆရာဆရာမများ၏ဒေတာဖိုးကို ထောက်ပံပေးသည်။ ကွန်ပျူတာ၊ လက်တော့၊ဖုံးများကိုသုံး၍ ပညာသင်ပေး၊ ပညာသင်ယူနေရာ အပေါ်ယံကြည့်၍ ပညာတတ်မှတတ်ပါ့မလား အထင်မှားစရာ။ သို့သော် NUG ပညာရေးဝန်ကြီးဌာန၏လမ်းညွှန်မှုအောက်တွင် စနစ်ဟောင်း ၁၀ တန်း(BECA) စာမေးပွဲသုံးကြိမ်၊ G-12 စာမေးပွဲများပါ ကျင်းပပေးနေသည်။ နွေဦးတက္ကသိုလ်နှင့်အခြားဆရာအတတ်သင်သင်တန်းများ၊ ဘာသာရပ်မွမ်းမံသင်တန်းများ၊ အခါအားလျှော်စွာ အသိပညာရှင်အတတ်ပညာရှင်များ၏ဟောပြောပွဲများ၊ နိုင်ငံတကာတက္ကသိုလ်များနှင့် ချိတ်ဆက်ပညာသင်ကြားမှုတို့ပါ စသဖြင့် စုံစုံလင်လင် ရှိလှပေသည်။
ထိုကျောင်းများ၏ ပညာသင်ကြားချိန်သည်လည်း ထိုကျောင်းစဖွငိ့ခွင့်ရသည့်အချိန်မှစတင်သည်၊၊ ကျောင်းများကိုလည်း ဖွင့်ချင်တိုင်း ကောက်ဖွင့်ရသည်မဟုတ်။ ဖွင့်ခွင့်တင်၊အမိန့်ကျမှ ဖွင့်ရသည်။ မိမိတို့ဖွင့်လိုသည့်ကျောင်းအမျိုးအစား၊ကာလအတိုင်းအတာ၊ သင်ရိုးညွှန်းတမ်းများစသဖြင့် တင်ပြရသည်။ သင်ရိုးညွှန်းတမ်းကိုလည်း ဖွင့်လိုသည့်ကာလအတိုင်းအတာအတိုင်း ချဲ့ထွင်၊နုတ်ပယ် သင်ကြရသည်။ Batch(1) ပြီးလျှင် Batch(2)။ (2) ပြီးလျှင်(3) စသဖြင့် ဖွင့်လှစ်သင်ကြားသွားကြသည်။Batch တစ်ခုပြီးလျှင် ခေတ္တကျောင်းပိတ်၊အနားပေး။ ပြီးလျှင်ပြန်လည်ဖွင့်လှစ်ကြသည်။ ထို့အပြင် NUG လက်အောက်ခံ onground schools များလည်း လွတ်မြောက်နယ်မြေများတွငိရှိသည်။ (ယခုစကစအကြမ်းဖက်ဗုံးကျဲခံရသော အိုးတိန်တွင်းကျောင်းကဲ့သို့။) ထိုကျောင်းများကို ဝန်ကြီးဌာနလက်အောက်ခံ ဘုတ်အဖွဲ့များမှဦးစီး၍ နယ်အသီးသီးတွင် CDMs ဆရာဆရာမများ၊ဘွဲ့ရ၊ ၁၀ တန်းအောင်၊တက္ကသိုလ်တက်ဆဲ သူများမှသင်ပေးနေကြသည်။ ပြောပြလျှင် ဇာတ်နာအောင်ထွင်သည်ဟုပြောပေလိမ့်မည်။ ရသညိ့အခကြေးငွေကား ငါးသောင်း၊ တစ်သိန်းမျှသာ။ စကစအကြမ်းဖက်လေတပ်၏ဗရမ်းဗတာဗုံးကျဲမှုဒဏ်၊ စစ်ခွေးစစ်ကြောင်းများ၏စစ်ကြောင်းထိုးမှုများကြောင့် ပုံမှန်အချိန် ပုံမှန်စာသင်ခြင်းများကို မပြုလုပ်နိုင်။ ပုံသေကားချပ် တရားသေသတ်မှတ်၍ သင်မရ။ ဘေးအမျိုးမျိုး၊ အန္တရာယ်အသွယ်သွယ်များကြားမှ အကောင်အထည်ဖော်သင်ကြားရသောကြားကာလပညာရေးဖြစ်၍ စစ်လော်ဘီ၊စစ်ဘောမများ မသိနားမလည်၊ ဥာဏ်တိမ်စွာ အဆင်အခြင် မဲ့စကားသရမ်းခဲ့သော "ကေျာင်းဖွင့်ချိန်မဟုတ်ဖူး၊ G-12 စာမေးပွဲကိုပြန်ဖြေရန်ကျောင်း သားလည်းမရှိ" ဆိုသည့်စကားလုံးများမှာ ခါးတောင်းကျိုက်တစ်လွဲ ဖင်တလွဲ။ စကားကိုလည်းတင်စီးပြောသာ်။ အီးကိုလည်း လေတင်ကပေါက်သည်။ သူတို့ပထွေး မအလခွေးပုကြီးအတိုင်း "စာသင်ကြာသာပတေး၊ စာရေးသောကြာ" ဟု လှေနံဓားထစ် ပုံသေကားချပ် ထင်နေပုံကား ဆင်ချည်သောကြိုးနှင့်ကြက်ကိုချည်သလို ကျွဲချည်သောကြိုးနှင့် ဆင်ချည်သလို ဖြစ်နေသည်။
ကြားကာလပညာရေးဖြစ်၍ ယခင်အချိန်များကဲ့သို့ သက်တောင့်သက်တာ စိတ်လက်ပေါ့ပါးစွာသင်ကြား၍ရသည်မဟုတ်။ တစ်ဖက်က မအလအကြမ်းဖက်ခါးပိုက်ဆောင် သူခိုးကြမ်းပိုးတပ်ရန်ကိုလည်း ရှောင်ရသေးသည်။ လူမဟုတ်သည့် ခွေးတိရစ္ဆာန်လေယာဥ်မှူးများ၏ သားသမီးချင်းကိုယ်ချင်းမစာမနာ ဗုံးကျဲသတ်ဖြတ်နေမှုကိုလည်း သတိထားရသေးသည်။ ပြည်သူ့ကာကွယ်ရေးတပ်(PDFs) နှင့်အကြမ်းဖက်သူပုန်မအလတပ်တို့ တိုက်ပွဲများကြောင့်လည်း ကျောင်းယာယီပိတ်ရသေးသည်။ နွေဦးတော်လှန်ရေး မအောင်မချင်း.ထိုကျောင်းများ၏ ပညာသင်ချိန်သည် ပုံမှန်ထား၍ရသည်မဟုတ်။ မအလကြင်စိုး၏ မတရားအာဏာသိမ်းခြင်းကို ပြန်လည်တော်လှန်နေခြင်းကြောင့် စီးပွားရေး၊လူမှုရေး၊စိုက်ပျိုးမွေး မြူရေးများလည်း ပျက်စီးယိုယွင်းနေသည်မှာ ၄ နှစ်ကျော်လာပြီ။ ဆွမ်းတော်ထက် ဝမ်းတော်ခက်နေသည့် ပြည်သူများမှာ မိမိတို့ကလေးများ အဆင်ပြေသလို ပညာသင်ကြားနေခွင့် ရရှိနေခြင်းကပင် ညပြောအောက်ကြည့် နေ့ပြောနောက်ကြည့်အနေအထား။ ညောင်သီးလည်းစား လေးခွသံလည်းနားထောင်နေရသည့် အခြေအနေ။
ဤသည်ကို မဝါဘောမများ စစ်ကျွန်ပညာရေး ဘောင်ကျဥ်းကျဥ်းလေးထဲမှ စစ်ကျွန်ကြည့်၊ စစ်ကျွန်အမြင်များဖြင့် မဟုတ်တန်းတရား ပြောထွက်နေသည်မှာ အော့အန်စရာကြီး။ကြောင်စိုးဦး၏စကားကားအဆိုးဆုံး။ ဘယ်လိုမှလက်ခံ၍မရ။စာသင်ကျောင်းအဆောက်အဦက ထင်ထင်ရှားရှား။ ထိုအထဲတွင် ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမများမှလွဲ၍ သူတို့ပြောသည့်အကြမ်းဖက် PDFs ဆိုသည်မှာ မူး၍ရူစရာပင်မရှိ။ ကာကင်းအဆောက်အဦ၊ဗန်ကာ၊ဆက်သွယ်ရေးတူးမြောင်း၊ စစ်ဖက်ဆိုင်ရာ များကလည်းကြည့်ချင်မြင်ချင်၍ပင်မတွေ့ရ။ မည်မျှပင်သိသိ ခေါင်းမပါသည့် ချီးစားငမိုက်သားစစ်ခွေးများကား နိုင်ငံ၏သားကောင်းရတနာများကို အညှာအတာကင်းမဲ့စွာ သတ်ဖြတ်ခဲ့သည်မှာ များလှပြီ။ ကလေးဆိုသည်ကိုလည်း သဘောမထား၊အပြစ်ကင်းသည့်အရွယ် ဆိုသာ်ကိုလည်းအသိမသွင်း။ စာသင်ကျောင်းကိုမတိုက်ခိုက်ရဘူးဆိုသည်ကိုလည်း အသိထဲမထည့်။တကယ်ပင် တစ်တုံးသာကုန်သွားသည် ချေးမှန်းမသိသည့် လူ့အန္ဓငရဲခွေးများ။ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးတည် ဆောက်အံ့ဟုသော အာဏာရှင်များ၏ပညာရေးရည်မှန်းချက်ကား ပြည်သူလူထု၏စိတ်နှလုံးကို ကြိမ်မီးအုန်းလိုဖြစ်စေခြင်း၊ ပညာသင်ရွယ်ကလေးများကို အညှာအတာမဲ့သတ်ဖြတ်နေခြင်း၊ကျောင်းအဆောက်အဦများကိုဖျက်ဆီးနေခြင်းပင်လောဟု အငေါ့တူးကာ မေးလိုက်ချင်ပါသည်။သူတို့ထင်သလိုပြည်သူလူထုကား PDFs များနှင့်မဆက်စပ်စေရန်၊ဆက်စပ်ပါက ဤကဲ့သို့ကြုံရမည်ဟုသော တောရိုင်းဥပဒေကို ကြောက်ရွံ့ရန်ထက် နာကျဥ်မှုများဖြင့် ဆုတ်သမျှခြေလှမ်းသည် ရှေ့တက်ဖို့ခြေလှမ်းကို အားရှိစေသည်ကို ဒင်းတို့သိမှသိပါလေစ။ ခွေးနေရာ မြည်းဝင််လုပ်နေသမျှ ဝါးရင့်တုတ်နှင့်အနှက်ခံရသည်ကို မှတ်မထားကြ။ မအလ ကြင်စိုး ဂျပုငတိ လေးခုထမ်းဝန်တင်နွားကြီးသည် မိကျောင်းကိုက်တတ်သည့်ရေဆိပ်တွင်.ရေချိုးမိလျက်သားဖြစ်လေပြီတည်း။
EROs တပ်များသိမ်းပိုက်ထားသည့် ဒေသများတွင် လောလောဆယ် G-12 အတန်းမှလွဲ၍ ကျန်အတန်းများမှာ ပြည်သူ့အစိုးရလက်ထက်က ရေးဆွဲခဲ့သည့်သင်ရိုးညွှန်းတမ်းများကို သင်ကြားပေးနေကြသည်။ အချို့ ေသာဘာသာရပ်များထဲတွင် မိမိတို့ဒေသနှင့်မကိုက်ညီသည့် သင်ခန်းစာများကို ခေတ္တနုတ်ပယ်ထားကြသည်။ သင်ရိုးညွှန်းတမ်းပညာရှင်များ၊ သူတို့ဒေသရောက်CDMsပညာရှင်များ၊ ဒေသခံပညာရှင်များ၊ ကိုယ်တိုင်ကိုယ်ကျသူတို့ပညာရေးထဲတွင် ပါဝင်ထမ်းဆောင်နေသည့် CDMsဝန်ထမ်းများ၏အကူအညီဖြင့် MTB-MLE curriculum framework.workshop များပြုလုပ်ကာ မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံသင်ကြားရေးစနစ် သို့မဟူတ် ဖက်ဒရယ်ပညာရေးစနစ်ကို အသုံးပြုသွားရန် စတင်နေကြသည်။မွန်၊ကရင်နီ၊ကချင်၊ကရင်၊ချင်း၊ရခိုင်များကားရေးဆွဲ၍ပင် ပြီးလေပြီ။ကျန်သူတို့မှာလည်းရေးဆွဲဆဲ၊ရေးဆွဲရန် စည်းဝေးနေကြသည်။G-12အတန်းကိုလည်း NUGပညာရေးဝန်ကြီးဌာနမှ online ဖြင့်ကျင်းပပေး သောစစ်ဆေးအကဲဖတ်ခြင်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုနေကြသည်။အင်တာနက်မရသည့်ဒေသများတွင်လည်း online off ဖြင့်ကူညီပေးနေသာ်။G-12အတန်းအတွက်ကိုလည်း မိမိတို့ဒေသ၊ပြည်နယ်များမှ ဦးစီးကျင်းပပေးနိုင်ရန် စိုင်းပြင်းနေကြသာ်။
အခြေခံပညာရေးအပြင် အဆင့်မြင့်တက္ကသိုလ်များ၊ဆရာဖြစ်သင်တန်းများ၊အနုသုခုမပညာသင်ကျောင်းများ၊ဥပဒေသင်ကျောင်းများ၊နိုင်ငံထြားဘာသာသင်ကျောင်းများ စသဖြင့် ဖွင့်လှစ်ပြီး ဖွင့်လှစ်ဆဲ အခြေအနေများကား အနာဂတ်ဖက်ဒရယ်ပညာရေး အုတ်မြသ်များပင်မဟုတ်တုံလော။ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် တည်းဟုသော အခြေခံများကို စတင်နေကြသည်။ ဤသည်တို့ကား မဟုတ်တန်းတရားအပုတ်ချပြောဆိုနေခြင်း၊ သူတို့ပထွေးဘောပုတ်ကြီးကို မရွံမရှာ အရှက်ကင်းမဲ့စွာ မနေခြင်း၊ သူတို့ကိုသူတို့တပ်မတော်ကိုထောက်ခံနေသည့် မီဒီယာအမည်ခံနေခြင်း၊ လျှာအရိုးမရှိတိုင်း ပြောချင်ပြောနေခြင်း၊ အကြမ်းဖက်အာဏာလု မအလ ကြင်စိုး၏လူသတ်ဝါဒကိုထောက်ခံနေခြင်း၊ ယုတ်သွအဆုံး ပြည်သူလူထုအပေါ် မညှာမတာ တိုက်ခိုက်သတ်ဖြတ်နေမှုများကို အားပေးအားမြှောက်ပြုနေခြင်းတို့ဖြင့် ဝါးလုံးခေါင်းထဲလသာနေသည့် ထိုထိုသောမဟာ့မဟာဘောမများကိုကြည့်၍ အလွန်သနားမိပါ၏။
မုန်းစေလို ခံတွင်းလက်လေးသစ်၊ ချစ်စေလို ခံတွင်းလက်လေးသစ်ဟုသောစကားပုံရှိသည်။ အသံကြောင့်ဖားသေတတ်သည် စကားပုံလည်း သတိပြုစရာ။ လောလောဆယ်ကိုယ့်ကိုကိုယ် "ရေနံသည်ဆိုပြီး ခေါင်းပေါင်းစမထောင်ပါနှင့်" ဟု ထပ်မံသတိကပ်စေလိုပါ၏။ ဘောမများကိုမချစ်သော်လည်း အောင့်ကာနမ်းလိုက်ပါ၏။ PDFs များ၊ EROs တပ်များ၊ပြည်သူများသည် ရှင်ကြီးဝမ်းလည်း ဝင်ခဲ့ဖူးပြီ။ ရှင်ငယ်ဝမ်းလည်း ဝင်ခဲ့ဘူးပြီ။ အရင်ဘုန်ကြီးကတစ်ချက်ခေါက်သည်၊ နောက်ဘုန်းကြီးကနှစ်ချက်ခေါက်ကြောင်း ကြုံခဲ့ပြီးပြီ။ ဟန်ချက်ညီ စုစည်းညီညွတ်လာပြီး အောင်ပွဲများစွာရနေသော နွေဦးတော်လှန်ရေးသည် ဂေါပကများ အလှူခံထြင်းမဟုတ်ပါ။ PDFs များကလည်း ဥပုသ်သည်များမဟုတ်ပါ။ EROs များလည်း ဘုန်းကြီးများမဟုတ်ကြပါ။ တော်လှန်ပြည်သူများသည်လည်း တရားနာပရိတ်သတ်များ မဟုတ်ပါကြောင်း ထပ်လောင်း၍ ဤစာအပေါင်းဖြင့် မောင်းခတ်ကြေညာလိုက်ပါ၏ဟူလို။ ။
ကိုနီတွတ်
(17-5-2025)
-
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar