မောင်လူမွှေး - ရှုပ်ယှက်ခတ်နေတဲ့ ဖတ်စာအုပ်တွေ
မောင်လူမွှေး - ရှုပ်ယှက်ခတ်နေတဲ့ ဖတ်စာအုပ်တွေ
(မိုးမခ) မေ ၂၃၊ ၂၀၂၅
မိုးတွေ မည်းမှောင်ပြီး လျှပ်စီးတွေက လက်နေတယ်။ မိုးရဲ့အမှောင်ကြောင့် ညရဲ့အမှောင်ဟာ ပိုနက်လာတယ် ထင်ရတယ်။ လျှပ်စီးတွေလက်တိုင်း ပတ်ဝန်းကျင်ကို ထင်းထင်းကြီး မြင်နေရတယ်။ မိုးစက်အမှုန်တွေဟာ မောင်လူမွှေးတို့ အိပ်ရာအထိ ပက်ဖျန်းနေလို့ အနည်းငယ်အေးတဲ့ ခံစားမှုကို ခံစားရတယ်။ မောင်လူမွှေး စာဖတ်ချင်နေပေမယ့် လျှပ်စစ်မီးမရှိတာ၊ မိုးလေကြောင့် မီးထွန်းလို့ အဆင်မပြေတာတွေကြောင့် စာမဖတ်ရဘူး။
တကယ်တော့ ညပိုင်း မောင်လူမွှေး စာမဖတ်ရတာ အချိန်တော်ကြာပါပြီ။ ညအိပ်ချိန် နည်းနည်းစိတ်အေးအေး အိပ်ရဖို့အရေး ရွှေ့ရ၊ပြောင်းရ ဆိုတော့ ဘယ်လို စာဖတ်နိုင်ပါ့မလဲ။ စာမဖတ်ရင် မနေနိုင်တဲ့ မောင်လူမွှေးတောင် စာဖတ်ဖို့ အခြေအနေမပေးရင် မောင်လူမွှေး တပည့်ကျော်တွေ ညအချိန် ဘယ်လို ဖတ်နိုင်ကြပါ့မလဲ မောင်လူမွှေး တွေးမိပါတယ်။
ကျောင်းသူကျောင်းသားတွေထဲမှာ ဖတ်စရာစာအုပ်ရှိပြီး မဖတ်နိုင်တဲ့သူနဲ့ ဖတ်စရာစာအုပ်ကို မရှိတဲ့သူဆိုပြီး နှစ်မျိုး ရှိသေးတယ်။ ဟိုတလောက ကျောင်းသားမိခင်တစ်ယောက်က သူ့သားကို ဗလာ စာအုပ်နဲ့ ခဲတံတွေ အရင်ဝယ်ပေးတယ်။ "ဖတ်စာအုပ်ကတော့ သူများထဲက ကြည့်လို့ရသေးတယ်။ ရေးစာအုပ်က သူများစာအုပ်ထဲ သွားရေးလို့မရဘူး" လို့လည်း ပြောသေးတယ်။
ကလေးတွေအတွက် ပြဋ္ဌာန်းစာအုပ် တစ်စုံကို နှစ်သောင်းခွဲကနေ သုံးသောင်းခွဲအထိ ရှိတယ်။ အထက်တန်းတွေဆို ငါးသောင်း၊ ခြောက်သောင်း ရှိတယ်။ ဖတ်စာအုပ်ရော၊ ဗလာစာအုပ်ကော တပြိုင်တည်းဝယ်ရင် မူလတန်း၊ အလယ်တန်းတောင် သိန်းဂဏန်းကပ်တယ်။ ဒီတော့ အချို့မိဘတွေဟာ ဖတ်စာအုပ်ရော၊ ရေးစာအုပ်ရော တပြိုင်တည်း မဝယ်ပေးနိုင်ကြဘူး။
"ဖတ်စာအုပ်ကတော့ သူများထဲက ကြည့်လို့ရသေးတယ်။ ရေးစာအုပ်က သူများစာအုပ်ထဲ သွားရေးလို့မရဘူး" ဆိုတာလည်း သူ့အခြေအနေနဲ့သူတော့ ဟုတ်နေတယ်။
ကျောင်းသူ၊ ကျောင်းသားအများစုကတော့ ဖတ်စာအုပ် အကျလေးတွေကို တဆင့် ပြန်ဝယ်သုံးကြရတယ်။ ဖတ်စာအုပ်တွေဟာ သူတို့အထက်က ကျောင်းသူ၊ ကျောင်းသားတွေ ရေးခဲ့၊ ခြစ်ခဲ့တာတွေနဲ့ ရှုပ်ယှက်ခတ်နေတယ်။ အချို့စာအုပ်တွေဆို ဖတ်စာအုပ်ထဲက စာတွေကိုတောင် မနည်းမြင်အောင်ကြည့်ရတဲ့ အနေအထားဖြစ်တယ်။
ရှုပ်ပွနေတဲ့ ဖတ်စာအုပ်တွေဟာ ကလေးတွေကို ပညာရေး စိတ်ဝင်စားအောင် မဆွဲဆောင်နိုင်ကြပါဘူး။ ကြည့်လိုက်တာနဲ့ သူတို့အမြင်အာရုံကို ရှုပ်ယှက်ခတ်သွားစေတော့ အမြင်နဲ့ လေ့လာမှု ( Visual Learning) မှာ အားနည်းသွားပါတော့တယ်။ ဒီတော့ ဖတ်စာအုပ်ထက် ဝှိုက်ဘုတ်နဲ့ ဘက်လက်ဘော ကိုပဲ မောင်လူမွှေး အားကိုးနေရပါတယ်။ ဒါမှ ကလေးတွေ ရှင်းရှင်းလင်းလင်း မြင်ပြီး လေ့လာမှတ်သားနိုင်တာကိုး။
အချို့ဒေသတွေမှာ လူ့အဖွဲ့အစည်းဟာလည်း ကလေးတွေရဲ့ ဖတ်စာအုပ်အဟောင်းတွေလိုပဲ ရှုပ်ယှက်ခတ်နေတယ်။ လူ့အဖွဲ့အစည်းဟာ ထားခဲ့သင့်ပြီဖြစ်တဲ့ အတွေးအခေါ်အဟောင်း၊ အယူအဆဟောင်း၊ ဓလေ့ဟောင်းတွေကို တော်လှန်ရေးဖတ်စာအုပ်ထဲမှာ အတင်းထည့်သွင်းရေးမှတ် နေကြတော့ အကုန်ရှုပ်ယှက်ခတ်ပြီး နားမလည်နိုင်ဖြစ်ကြရတယ်လို့ မောင်လူမွှေးထင်တယ်။
ရှင်းရှင်းလင်းလင်းရှိတဲ့ ကလေးတွေရဲ့ ကျောင်းဖတ်စာအုပ်ကိုတောင် အပြည့်အစုံမဖြည့်ပေးနိုင်တဲ့ လူ့အဖွဲ့အစည်းဟာ ပိုမိုရှုပ်ထွေးဖွယ်ရှိနေတာကို တွေးတောပြီး မောင်လူမွှေးရင်မောမိတာတွေ ရှိပါတယ်။
လက်ရှိကာလမှာတော့ ရိုးဂုဏ်၊ ဖြောင့်ဂုဏ်၊ ပညာဂုဏ် နဲ့ပြည့်စုံတဲ့ ခေါင်းဆောင်တွေဟာ လူ့အဖွဲ့ အစည်းရဲ့ဖတ်စာအုပ်တွေဖြစ်တယ်။ ဒီလိုခေါင်းဆောင်တွေ ဒေသတိုင်းမှာ ပေါ်ပေါက်ဖို့ အရေးကြီးတယ်လို့ မောင်လူမွှေး ယုံကြည်ပါတယ်။
မောင်လူမွှေးတို့ကျောင်းဆရာတွေကတော့ ရှုပ်ယှက်ခတ်နေတဲ့ ဖတ်စာအုပ်ထဲကဟာတွေကို ကလေးတွေ စိတ်ဝင်စားလာအောင်၊ ရှင်းလင်းနားလည်လာအောင် သင်ပြကြရမှာဖြစ်တယ်။ ကလေးတွေကို ပညာသင်ကြားရာမှာ ကျောင်းဖတ်စာအုပ်သာမက လက်ရှိ လူမှုအဖွဲ့အစည်းက ရှုပ်ယှက်ခတ်နေအောင် မှတ်ထားတဲ့ လူမှုဖတ်စာတွေထဲက အမှားတွေကို ကလေးတွေ ဆက်လက်အမှတ်မမှားရအောင် မောင်လူမွှေးတို့ ကျောင်းဆရာတွေမှာ တာဝန်ရှိတယ်လို့ မောင်လူမွှေး ခံယူထားတယ်။
ဖတ်စာအုပ်မရှိဘဲ ရေးစာအုပ်ထဲမှာ ထင်ရာရေးခဲ့ရင်၊ ရှုပ်ယှက်ခတ်နေတဲ့ ဖတ်စာအုပ်ကို ဖတ်ပြီး အမှတ်မှား၊ တဆင့်မှားတွေကို ရေးခဲ့ရင် အမှန်ကို မရနိုင်ပါဘူး။ ကလေးတွေ မှားရေးခဲ့ရင် စောင့်ကြည့်တတ်တဲ့ ဆရာ၊ ဆရာမက အချိန်ခဏတာအတွင်း ပြင်ပေးလို့ရတယ်။
တော်လှန်ရေးဖတ်စာ၊ သမိုင်းဖတ်စာကို အဖတ်မှား၊ အမှတ်မှားပြီး ထင်ရာကို ရေးကြရင်တော့ ပြင်ဖို့ မျိုးဆက်နဲ့ ချီပြီး နှစ်များစွာကြာကြရဦးမှာမို့ အဖတ်မှား၊ အမှတ်မှားမဖြစ်ကြရအောင် အလေးအနက် သတိထားကြဖို့ မောင်လူမွှေး တိုက်တွန်းလိုက်ပါရစေ ခင်ဗျာ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar