Breaking News

တမူးက ပကဖ ၁၀ ဦးကို အာသံရိုင်ဖယ်က သတ်ဖြတ်မှု အချက်အလက်တွေ ပေါ်ထွက်လာ၊ ဗန်းမော်မြို့ နဲ့ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ ရဟတ်ယာဥ် ပစ်ချခံရ

မြန်မာနွေဦးခရိုနီကယ် - မေ ၂၀ မြင်ကွင်း

မိုးမခ၊ မေ ၂၁ ၊ ၂၀၂၅

တမူးက ပကဖ ၁၀ ဦးကို အာသံရိုင်ဖယ်က သတ်ဖြတ်မှု အချက်အလက်တွေ ပေါ်ထွက်လာ၊ ဗန်းမော်မြို့ နဲ့ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ ရဟတ်ယာဥ် ပစ်ချခံရ

တမူး ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က နယ်စပ်မျဥ်းအနီးက တပ်စခန်းတခုမှာ ရှိတဲ့ တပ်ဖွဲ့ဝင် ၁၀ ဦးကို အိမ်နီးချင်းနိုင်ငံ အာသံရိုင်ဖယ် တပ်ဖွဲ့က ယခုလ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေ အတွင်းမှာ နှိပ်စက် သတ်ဖြတ်ခဲ့တယ်လို့ မြန်မာနိုင်ငံဘက်က သတင်းဌာနတွေက တမူးပကဖ နဲ့ ဒေသခံအချို့ရဲ့ ပြောဆိုချက်တွေကို ကိုးကားပြီး ဖော်ပြထားကြပါတယ်။ အိန္ဒိယနိုင်ငံဘက်က ဖေါ်ပြတဲ့ သတင်းမှာတော့ အာသံရိုင်ဖယ် အဖွဲ့က နယ်စပ်က လက်နက်ကိုင်အဖွဲ့နဲ့ ၄င်းတို့တပ်ဖွဲ့ ၃ နာရီကြာတိုက်ပွဲဖြစ်ပွားပြီး မြန်မာနိုင်ငံဘက်က လက်နက်ကိုင် ၁၀ ဦး သေဆုံးသွားကြောင်း ပြောဆိုတယ်လို့ ဖေါ်ပြထားကြပါတယ်။

အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက်မှာတည်ရှိတဲ့ မဏိပူရ်ပြည်နယ်နဲ့ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းအထက်ပိုင်း တမူးမြို့နယ်တို့ နယ်နိမိတ်ချင်း ထိစပ်နေပြီး တမူးမြို့ဟာ အိန္ဒိယနဲ့ မြန်မာနယ်စပ်ကုန်သွယ် ရေးမှာ အဓိကကျနယ်စပ်မြို့ဖြစ်ပြီး အခုဖြစ်ပွားတဲ့နေရာက တမူးမြို့နယ်ထဲက ခမ်းပတ်အနီး မြန်မာနိုင်ငံဘက်အခြမ်းမှာ အမျိုးသားညီညွတ်ရေး အစိုးရလက်အောက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိမ်းချုပ်ထားတဲ့နယ်မြေဖြစ်ပါတယ်။ ခမ်းပတ်မြို့ကို NUG လက်အောက်က ပကဖ တွေက ယမန်နှစ်ကတည်းက စစ်ကောင်စီထံကသိမ်းယူခဲ့တာဖြစ်ပြီး နယ်စပ်တလျှောက်မှာ ပကဖတွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

တဖက်မှာ အာသံပြည်နယ်ဘက်မှာတော့ ကသည်းသူပုန်နဲ့ အာသံအစိုးရတပ်ဖွဲ့တွေအကြား လက် နက်ကိုင် ပဋိပက္ခ၊ ကူးကီးလူမျိုးတွေနဲ့ အခြားသော လူမျိုးတွေအကြား ပဋိပက္ခတွေ ရှိနေတဲ့အာသံပြည်နယ်က စစ်ရေးလှုပ်ရှားမှုတွေ နဲ့ အဓိကရုန်းဖြစ်ပွားမှုတွေ မကြာခဏရှိနေတဲ့ ပြည်နယ်တခုလည်း ဖြစ်ပါတယ်။

နိုင်ငံရေးအရလည်း ကလေးကဘော်လွင်ပြင် ဒေသဟာ တချိန်က အိန္ဒိယနိုင်ငံပိုင်နယ်မြေ ဒေသတွေဖြစ်ပြီး မြန်မာနိုင်ငံက ငှားရမ်းခပေးခဲ့တဲ့ သမိုင်းအထောက်အထားတွေ ရှိတယ်ဆိုတဲ့ အာသံပြည်နယ်က လွှတ်တော်ကိုယ်စားလှယ် တဦးက မကြာသေးခင်က ပြောဆိုခဲ့တာလည်း သတင်းတွေထဲ တွေ့ခဲ့ကြရပြီး ဖြစ်ပါတယ်။

အခုမေလ ၁၃ ရက်နေ့ မှာ အာသံရိုင်ဖယ် တပ်ဖွဲ့က မြန်မာနိုင်ငံဘက်နယ်မြေ အိန္ဒိယနယ်စပ်မှာ စခန်းချနေကြတဲ့ ပကဖ ၁၀ ဦးကို လာရောက်ခေါ်ဆောင်သွားတယ်လို့ ယူဆရပြီး နောက် ၂ ရက်ကျော် အကြာမှာ ပကဖ တပ်ဖွဲ့ဘက်က တာဝန်ရှိသူတွေက ဆက်သွယ်စုံစမ်းပြီးနောက်မှာ တိုက်ပွဲဖြစ်ပွားတာကြောင့် သေဆုံးသွားပြီလို့ ဆိုကာ အလောင်းတွေကိုပြန်လည် လွှဲပြောင်းပေးခဲ့ပါတယ်။

အလောင်းတွေမှာ သေနတ်နဲ့ ပစ်ခတ်ခံထားရတဲ့ ဒဏ်ရာ၊ နှိပ်စက်ထားတဲ့ ဒဏ်ရာ၊ ဓါးဒဏ်ရာတွေတွေ့ ရှိရတယ်လို့ ဆိုပါတယ်။ အာသံ ရိုင်ဖယ်တပ်ဖက်ကတော့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားလို့ သေဆုံးတယ် ဆိုတဲ့ ပြောဆိုချက်ကိုသာ ဆုပ်ကိုင်ထားပြီး ပကဖ တပ်ဖွဲ့တွေထံက သိမ်းယူရရှိတယ်လို့လည်း ပြောဆိုထားပြီး သိမ်းယူရရှိတဲ့ လက်နက်တွေရဲ့ ဓါတ်ပုံကိုလည်း ထုတ်ပြန်ထားပါတယ်။  

အမျိုးသားညီညွတ်ရေး အစိုးရ အနေနဲ့ အိန္ဒိယနိုင်ငံဘက်က အာသံပြည်နယ် လက်နက်ကိုင်အဖွဲ့ ဘက်ကို ဆက်သွယ်မေးမြန်းရာမှာ အိန္ဒိယနိုင်ငံဘက် ဖြတ်ကျော်ဝင်ရောက်တိုက်ခိုက်တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ရခြင်း ဖြစ်တယ်ဆိုတဲ့ အချက်ကိုပဲ ဆုပ်ကိုင် ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ နယ်စပ်မှာ ခြံစည်းရိုးကာရံတာကိုလည်း မြန်မာဘက်က လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ မကန့်ကွက်ကြောင်းကို သတ်ဖြတ်ခံရတဲ့ ပကဖ ၁၀ ရဲ့ အလောင်းတွေ ပြန်ပေးစဥ်မှာ လက်မှတ်ရေးထိုးခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

အခုဖြစ်ရပ်ဟာ စစ်ကောင်စီနဲ့ ဆက်ဆံရေး ကောင်းမွန်တဲ့ အိန္ဒိယနိုင်ငံရပ်တည်ချက် သဘောထားကို ထင်ဟပ်စေတာလို့ဆိုနိုင်ပါတယ်။ တဖန် အိန္ဒိယနိုင်ငံမှာ ဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံအရ ပြည် နယ်အစိုးရတွေရဲ့လုပ်ပိုင်ခွင့်ကလည်း အတိုင်းအတာတခုထိရှိတာကြောင့် မဏိပူရ်ပြည်နယ်အစိုးရ အနေနဲ့ ၄င်းပြည်နယ်နဲ့ မြန်မာနိုင်ငံနယ်စပ်မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ပတ်သက်တဲ့သဘောထားရပ်တည်ချက်ကိုလည်း ထင်ဟပ်စေပါတယ်။ မဏိပူရ်အစိုးရကို လက်နက်ကိုင်တိုက်ခိုက်နေတဲ့ ကသည်းခွဲထွက်ရေး သူပုန်တွေကို စစ်ကောင်စီရဲ့ တပ်တွေနဲ့ပူးပေါင်းပြီး မကြာ ခဏ ဖမ်းဆီးပေးတဲ့ အဖြစ်မျိုးတွေလည်း ရှိခဲ့တာကြောင့် မဏိပူရ်နဲ့စစ်ကောင်စီတို့ ဆက်ဆံရေးက NUG လက်အောက်က တပ်ဖွဲ့တွေထက် ပိုပြီးကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။

အိန္ဒိယ မြန်မာနယ်နိမိတ်ထိစပ်နေတဲ့ နောက်ဒေသတခုက မြန်မာဘက်က ချင်းပြည်နယ်နဲ့ တဖက်နိုင်ငံက မီဇိုရမ်ပြည်နယ် တို့ဖြစ်ပါတယ်။ မီဇိုရမ်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့အကြားမှာတော့ မဏိပူရ်ပြည်နယ်လို ပြဿနာမျိုးမရှိဘဲ နှစ်ဖက်နားလည်မှု ကောင်းမွန်တဲ့ အနေအထားဖြစ်ပါတယ်။ ချင်းပြည်နယ်က ဒုက္ခသည်အများအပြား မီဇိုရမ်ဘက်မှာ နေထိုင်နေကြပြီး မီဇိုရမ်ပြည်နယ် အစိုးရဘက်က ချင်းဒုက္ခသည်တွေရဲ့ ကလေးသူငယ်တွေ ပညာသင်ကြားခွင့်တွေ အထိ စီမံဆောင်ရွက်ပေးနေတဲ့ အနေအထားဖြစ်ပေမယ့် မဏိပူရ် ပြည်နယ်ဘက်မှာတော့ အခြေအနေ ကွဲပြားခြားနားတာလည်း တွေ့ရပါတယ်။

ဒီနေ့အဖို့ နောက်သတင်းအကြောင်းအရာတခုက တော့ ၆ လနီးပါး ကြာမြင့်နေပြီဖြစ်တဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲ အတွင်း ရိက္ခာ၊ လက်နက်ခဲယမ်း ထောက်ပံ့ပို့ဆောင်တဲ့ ရဟတ်ယာဥ်တွေကို KIA ဘက်ကတိုက်ခိုက်ရာမှာ ရဟတ်ယာဥ်တစီး ထိခိုက်ပျက်စီးကာ တောတောင်တွေထဲ ပျက်ကျခဲ့ပါတယ်။ ဗန်းမော်မြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၂၁ ကိုသိမ်းယူဖို့ KIA က တိုက်ခိုက်ရာမှာ လနဲ့ ချီကြာမြင့်လာနေချိန် စစ်ကောင်စီဘက်က မြေပြင်ကနေ တပ်ကူ၊ ရိက္ခာအကူတွေကိုပို့ဆောင်နိုင်ခြင်းမရှိတော့ဘဲ လေကြောင်းကနေသာ ချပေးနေရတာဖြစ်ပါတယ်။ စစ်ကောင် စီက မေလ ၂၀ ရက်နေ့က  ရုရှားလုပ် MI-17 အမျိုးအစား စစ်ရဟတ်ယာဥ် ၃ စီးနဲ့ လာပို့ရာမှာ KIA ဘက်က လေယာဥ်ပစ်လက်နက် သို့မဟုတ် ဒရုန်း တခုခုနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မှန်းဆကြပါတယ်။ ဝါးရုံတွေကြားထဲမှာ မီးလောင်နေတဲ့ ရဟတ်ယာဥ် နဲ့ ဗိုလ်ကြီး ရာထူးအဆင့်ရှိသူ အလောင်းပုံတွေ လူမှုကွန်ရက်မီဒီယာမှာ ပေါ်ထွက်လာပါတယ်။

အခု စစ်ရဟတ်ယာဥ် ပစ်ချခံရတဲ့ ဖြစ်ရပ်ဟာ အရပ်သားသေဆုံးမှုတွေဆက်တိုက်ဖြစ်ပွားနေတဲ့  လေကြောင်း တိုက်ခိုက်မှုတွေ ကြားနေရချိန်မှာ လူအများကို စိတ်အားတက်ကြွမှုဖြစ်စေတာပါ။ လေကြောင်းတိုက်ခိုက်မှုတွေကို ဘယ်နည်းနဲ့မှမကာကွယ်နိုင်ဘူးလို့ယူဆနေချိန်မှာ အခုဖြစ်ရပ်က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကိုတန့်သွားစေနိုင်မလားဆိုတဲ့မျှော်လင့်ချက်တွေ ပေါ်ထွက်လာတဲ့ သဘောလည်း ဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ လေကြောင်းတိုက်ခိုက်မှုကိုသာ အားကိုးနေရချိန်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို တန့်စေ အားလျော့သွားစေနိုင်တဲ့လုပ်ဆောင်မှုတခုခုကို တော်လှန်ရေးလက်နက်ကိုင်တွေဖက်က လုပ်ဆောင်နိုင်မှုအဖြစ် စိတ်အားတက်ကြွလာကြတဲ့ သဘောလည်း ဖြစ်ပါတယ်။ နီးကပ်စွာတည်ရှိနေတဲ့ ရှေ့တန်းစစ်မျက်နှာတွေမှာ စစ်ရဟတ်ယာဥ်တွေကို ခြိမ်းခြောက်နိုင်တဲ့အခြေ အနေမျိုး တချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမှာ ရှိနေပေမယ့် စစ်လေယာဥ်တွေကိုတော့ ပစ်ခတ်နိုင်ဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar