Breaking News

မောင် နွေ ထက် - မ ဟာ ဒ ဂုန် တာ ရာ ငြိမ်း ချမ်း ရေး ဗိ မာန်

မ ဟာ ဒ ဂုန် တာ ရာ 
ငြိမ်း ချမ်း ရေး ဗိ မာန် 
မောင် နွေ ထက်
(မိုးမခ) မေ ၂၁၊ ၂၀၂၅

အောင်ပန်းမိုးရေထဲ
မယ်ခိုတောင်ပေါ်ကငြိမ်းချမ်းရေးဗိမာန်ပေါ်မှာ
မငြိမ်းချမ်းတဲ့ ခေတ်ဆိုးကြီးထဲမှာ
လွတ်မြောက်ငြိမ်းချမ်းရာဆီ ခဏတာထွက်ပြေး
ရိုးမအလွမ်းနဲ့ အနာဂတ်ဆီ ငါ မျှော်ငေးလို့
ဘဝအမောတွေနဲ့
ထင်းရှူးတောလမ်းကလေးထဲမှာ
ငြိမ်းချမ်းရေးကိုအရှာ
ငြိမ်းချမ်းရေးက ဘယ်မှာလဲ
မြေးမလေးသော်တာလမင်းမေလက်ကိုဆွဲ
မြက်ရိုင်းတောတွေထဲ
တောပန်းရိုင်းတွေဝေဆာ
ငြိမ်းချမ်းရေးက ဘယ်မှာလဲ
သူငယ်ချင်းပန်းပုအောင်ကျော်
တပြားတချပ်မှ မယူဘဲ
စေတနာနဲ့ ထုဆစ်ပေးထားတဲ့
မဟာဒဂုန်တာကာရုပ်ထုသစ်ကိုဦးခိုက်
ငြိမ်းချမ်းရေးက ဘယ်မှာလဲ
ဒဂုန်တာရာကဗျာရင်ပြင်ကျောက်သားပေါ်က
ရင်ခုန်သံတွေကိုခံစားရင်း
ငလျင်ဘေးဆိုးထဲက ခဏထွက်ပြေးလာတဲ့ငါ
မပြီးသေးတဲ့ တော်လှန်းရေးမဟာရုပ်ပုံလွှာ
ငြိမ်းချမ်းရေးက ဘယ်မှာလဲ
ညီညွတ်ရေး
လွတ်လပ်ရေး
ဒီမိုကရေစီရေး
ငြိမးချမ်းရေး
ငြိမ်းချမ်းရေးအဓွန့်ရှည်ပါစေ ...လို့
ပြောခဲ့တဲ့ဆရာ ရယ်
ငြိမ်းချမ်းရေးက ဘယ်မှာလဲ
ဒဂုန်တာရာငြိမ်းချမ်းရေးဗိမာန်ရှေ့မှာ
စလေဆရာကြီး ဦးပုည 
ကဗျာသား ငါသတိရတယ်
 မင်းဆိုသမျှ ကွင်းရှောင်မယ်
 ထမင်းတောင် စားချင်ဘုလေး
မဟာထိပ်ခေါင် ဆရာကြီး
သခင်ကိုယ်တော်မှိုင်းကတော့
 မင်းမရှိတဲ့
 အမတာ နိဗ္ဗူကိုသာ မှန်းကြပါရော့
ငါ့ မဟာဒဂုန်တာရာကတော့
 ကွန်မြူနစ်ကယ်နဲ့
 ဆိုရှယ်လစ် တမြေအောင်မှ
  မင်းမြစ် အကုန်လှန်၍
  ဘုံနိုင်ငံ တည်ထောင်ဖြစ်တဲ့ခါ
အော်
သမိုင်းလှခဲ့တဲ့ မဟာကဗျာတွေက
ငါ့ ရင်ထဲလာ ထာဝရပျံသန်းလို့
ဒဂုန်တာရာကဗျာရင်ပြင်မှာ
မာယာကော့ဖ်စကီး ကဗျာစာသားကတစ
ငါ ရွတ်ကြည့်လိုက်တော့
 အော်
 ယဲ့ဆဲနင်
 သင်ဟာ 
 တျာနာအတွက်အလှဘွဲ့
 ဆွန်းနက်တွေသီပြီး
  ဘာဖြစ်လို့
  ငုံးလေးလို တကြော်ကြော်နဲ့
  ကဗျာဆရာလို့ အခေါ်ရဲရတာလဲ
 ဒီနေ့
 လိုအပ်နေတာက
  ကမ္ဘာကြီးရဲ့ဦးခေါင်းခွံကို
 သံလက်သီးနဲ့ ထိုးခွဲပစ်ဖို့ပဲ
ငါ လဲ
မဟာဒဂုန်တာရာ ငြိမ်းချမ်းရေးဗိမာန်ရှေ့ကနေ
အရှေ့ဘက်
ပန်းနုရောင်နေရောင်အောက်ကနေ
နေကြာသစ်တွေပွင့်ရာဆီ မျက်နှာမူလို့
အဟောင်းအအိုအနတွေကို ဖက်တွယ်ထားထားတဲ့ လူတစုက
လူငယ်တွေကို ဘာလို့ ဂန္တဝင် မပေးတာလဲ
ဆရာဒဂုန်တာရာက
  အဆန်လမ်းထဲက လူငယ်တွေကိုို  သစ်စေချင်လို့
 ခေတ်ကြီးက
 သူတို့ကို ဩဇာပေးနေတာပဲလေ
 ကျနော်က 
 ဩဇာရှိသူမှ မဟုတ်တာ
အဲဒါ
ငါ့ မဟာဒဂုန်တာရာ
ငါ တို့
ဖြတ်သန်းနေရတဲ့ခေတ်ကြီးကတော့ မှောင်လို့ မည်းလို့
မိုးမှောင်တွေကျနေတုန်း
မိုးမှော်တွေကျနေတဲ့
ငြိမ်းချမ်းရေးဗိမာန်ရှေ့ကနေ
ငါ့
မဟာဒဂုန်တာရာ နှလုံးသွေးဝိဉာဉ်နဲ့ထုဆစ်ခဲ့တဲ့
ခေတ်ပြိုင်ထဲက မဟာစာ
အာဂရုပ်ပုံလွှာ
ဒို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါ
ဒို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါ
ဒို့ခေတ်ကိုရောက်ရမည်မှာ မလွဲပ

၁၉-မေ- ၂၀၂၅
*ပုံ-  မောင်နွေထက်
ခေမာရဌသာမိုင်းခန်း အောင်ပန်း
မယ်ခိုတောင်ပေါ်က
မဟာဒဂုန်တာရာငြိမ်းချမ်းရေးဗိမာန်ရင်ခွင်ရှေ့အမှတ်တရ
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar