Breaking News

မောင်လူမွှေး - မဆန်းတော့တဲ့ အမှောင်

မောင်လူမွှေး - မဆန်းတော့တဲ့ အမှောင်

မိုးမခ ၊ မေ ၃ ၊ ၂၀၂၅


မေလ ၁ ရက်နေ့ မေဒေးညနေမှာ မိုးဟာ သဲသဲမဲမဲ ရွာပါတယ်။  မေဒေးနေ့ မနက်ပိုင်းမှာ ဆောမြို့နယ်၊ အညာကတင်းရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်တစ်ဦး အပါ အဝင် အမျိုးသမီး ၄ ဦး သေဆုံးသွားတယ်။ မေဒေးနေ့ ရွာတဲ့မိုးဟာ သွေးဆေးမိုး ဖြစ်မယ်။ လူရဲ့သွေးညှီနံ့တွေကို မိုးရေနဲ့ ဆေးမှ ပျောက်လွယ်တာလို့  လူကြီးတစ်ယောက် ပြောပါတယ်။

 ပြီးခဲ့တဲ့ နှစ်ရက် မောင်လူမွှေး စစ်ရှောင်စခန်းလေးကို သွားတဲ့နေ့ကလည်း မိုးရွာပေမယ့် မိုးက ခုလို မသည်းဘူး။ ချောက်ကြားထဲမှာ ဆောက်ထားတဲ့ စစ်ရှောင်တဲလေးပေါ်  ထိုင်ရင်း မိုးရွာရင် ရေမကျလောက်ဘူးလားလို့ မေးတော့ "ကြည့်ရဦးမှာပေါ့ ဆရာ။ လေယာဥ်ကြောက်လို့ ချောက်ထဲဆောက်ထားတာတဲ့"။ ဒီတဲလေးအောက်မှာလည်း ရေဟာစီးနေရောပေါ့။ 

မောင်လူမွှေး စစ်ရှောင်စခန်းက ပြန်လာတော့ လမ်းမှာ နွားတစ်ကောင် သေနေတာ တွေ့ရတယ်။ မိုးကြိုးပစ်သွားတာတဲ့။ မိုးကြိုးပစ်လို့ နွားတစ်ကောင် သေတာဟာ လူတွေအတွက် အသေးအဖွဲကိစ္စ။ မဆန်းပါဘူး။ တကယ်တော့ လေယာဥ်ပစ်လို့ လူသေတာလည်း သိပ်မဆန်း။ ချောက်ကြားထဲက စစ်ရှောင်စခန်းလေး ဒုက္ခရောက်နေတာလည်း မဆန်းတော့ပါဘူး။ 

ပြီးခဲ့တဲ့တစ်ပတ်လောက်က လက်နက်ကြီးထိမှန်လို့ ကိုယ်ဝန်ရှစ်လ လွယ်ထားရတဲ့ အမျိုးသမီးတစ်ဦး ဦးခေါင်းထိမှန် ဒဏ်ရာရတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ ဖခင်ကတော့ ပွဲချင်းပြီး သေဆုံးသွားရှာတယ်။ ဒါတွေဟာလည်း မောင်လူမွှေး နေတဲ့ ဒေသမှာရော၊ တစ်နိုင်ငံလုံးမှာပါ မဆန်းဘူး။မောင်လူမွှေးတို့ နိုင်ငံဟာ မဆန်းတဲ့ နိုင်ငံတော်ပါလားလို့ အောက်မေ့ရတယ်။

မိုးသည်းသည်းရွာတော့ မောင်လူမွှေးရဲ့ ပက်လက်ဗုံးခိုကျင်းလေး ရေပြည့်သွားတယ်။ ဗုံးစထိလို့ပေါက်နေတဲ့ အိမ်ခေါင်မိုးပေါက်က မိုးယိုလို့ ကြမ်းပြင်ဟာ ရွှဲရွှဲစိုနေတယ်။ ဒါလေးတွေဟာ အသေးအဖွဲကိစ္စတွေပါ။ မောင်လူမွှေးတို့နိုင်ငံဟာ မိုးရွာရင်ရေစိုမယ်။ ငလျင်ဆို အိမ်ပြိုမယ်။ ဗုံးကြဲရင် လူသေမယ်။ မဆန်းဘူး။

လူအများစုက စစ်ရှောင်စခန်းရှေ့က ဖြတ်သွားကြမယ်။ စကားစပ်မိရင် "သနားစရာ" ဆိုတဲ့ စကားလုံးကို ရက်ရက်ရောရော ပေးလှူကြလိမ့်မယ်။ 

ရှင်ပြုအလှူတွေ အကြီးအကျယ်လုပ်ကြမယ်။ ဝက်သားရာချီကုန်တာကို ဂုဏ်ယူမယ်။ ခေတ်မကောင်းတဲ့ကြားက အလှူပွဲ အကြီးအကျယ် အောင်အောင်မြင်မြင် ကျင်းပနိုင်လို့ ကခုန် ဝမ်းမြောက်မယ်။ ဒါတွေဟာလည်း မဆန်းတော့ဘူး။

မောင်လူမွှေးတို့ နိုင်ငံက လူတွေရဲ့ ချမ်းသာရာဟာ ပစ္စုပ္ပန်မှာ မရှိပါဘူး။ ချမ်းသာမှု၊ ငြိမ်းချမ်းမှုဟာ သေပြီးနောက်ဘဝမှာမှ ရှိမှာ ဖြစ်တယ်။ ရှေးယခင်ကစ လက်ရှိအချိန်ထိ ချမ်းသာခြင်းဟာ နောက်ဘဝမှာသာ ရှိနေဆဲ ဖြစ်တယ်။ 

မောင်လူမွှေးတို့ နိုင်ငံက လူတွေအဖို့ ချမ်းသာခြင်းဟာ ဘာကြောင့် သေပြီးမှ ရှိကြရတာလဲ။ လူအများစုဟာ သူတို့သေဆုံးမှသာ သူတို့အပေါ် လွှမ်းမိုးထားတဲ့အရာတွေနှင့် အတ္တဘောင်ထဲကနေ ထွက်ခွာနိုင်ကြလို့ ဖြစ်မယ်လို့ မောင်လူမွှေး တွေးမိပါတော့တယ်။ 

မိုးတွေ ရွာနေစဥ်မှာ မောင်လူမွှေးတစ်ယောက် အတွေးနယ်ချဲ့နေမိတာပါ။ သဲသဲမဲမဲရွာတဲ့မိုးဟာ တိတ်သွားခဲ့ပါပြီ။ ပတ်ဝန်းကျင်မှာတော့ အမှောင်ဟာ ကြီးစိုးနေတယ်။ အချို့နေအိမ်တွေမှာတော့ မီးကလေးတွေ ထွန်းထားကြတယ်။

အလင်းဟာ အမှောင်ထုကို ဖြိုခွင်းတယ်။ ပညာဟာ အလင်းနဲ့တူတယ်။ ပညာဆီမီး ဆိုတာ မျိုးဆက်တစ်ခုလုံးကို ထွန်းညှိပေးရတာ ဖြစ်တယ်။ ခေတ်အမှောင်ကို ဖြိုခွင်းဖို့ ပညာမီး မရှိသေးသ၍တော့ မောင်လူမွှေးတို့ဟာ မဆန်းတော့တဲ့  အမှောင်ထဲမှာ နေကြရဦးမှာ ဖြစ်တယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar