ခေတ်သစ် ကိုလိုနီနယ်ချဲ့မှုတွေနဲ့ ကမ္ဘာ
မြန်မာနွေဦးခရိုနီကယ် - မေ ၂ မြင်ကွင်း
မိုးမခ၊ မေ ၃ ၊ ၂၀၂၅
ခေတ်သစ် ကိုလိုနီနယ်ချဲ့မှုတွေနဲ့ ကမ္ဘာ
ဧပြီလ ၂၈၊ ၂၉ ရက်တွေမှာ တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ စစ်ကောင်စီတို့ တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုအရ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ မြောက်ပိုင်းညီနောင် မဟာမိတ်အဖွဲ့ လို့ အမည်ရတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ထဲက တဖွဲ့ဖြစ်တဲ့ TNLA နဲ့ အာဏာသိမ်း မြန်မာစစ်တပ်တို့ တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်လာခြင်းဟာ တရုတ်နိုင်ငံရဲ့ တိုက်တွန်းမှု တည့်တည့်ပြောရရင် ဖိအားပေးမှုကြောင့် တွေ့ဆုံကြရတာလို့ဆိုရင်မမှားပါဘူး။
တရုတ်နိုင်ငံအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ရော မြန်မာစစ်တပ်နဲ့ပါဆက်ဆံရေးရှိနေတဲ့ အိမ်နီး ချင်းနိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် သြဇာရှိနေတဲ့အချက်ကိုလည်း အားလုံးသိရှိထားပြီးဖြစ်သလို အာဏာသိမ်းစစ်တပ်ကလည်း ကုန်သွယ်ရေး၊ လက်နက်ခဲယမ်း ဝယ်ယူမှု နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ သံတမန်ရေးအရ ထောက်ခံမှုတွေအတွက် တရုတ်နိုင်ငံကို မှီခိုနေရတာ ဖြစ်ပါတယ်။
TNLA နဲ့ လတ်တလော ဆွေးနွေးမှုမတိုင်ခင်လေးမှာ MNDAA က ဦးဆောင်ပြီးလနဲ့တိုက်ခိုက်သိမ်းယူထားတဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိတဲ့ လားရှိုးမြို့ကို စစ်ကောင်စီထံ ဆွေးနွေးမှုသဘောတူညီမှုအရ ပြန်လည်လွှဲအပ်ပေးခဲ့တဲ့ အဖြစ်အပျက်က ၁၀၂၇ စစ်ဆင်ရေးရဲ့ရည်မှန်းချက်အပေါ် သက်ရောက်မှုတွေ ရှိလာတာ ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးမှာ နယ်မြေအများအပြားသိမ်းယူမှုတွေ လုပ်ဆောင်ခဲ့တဲ့ MNDAA အနေနဲ့ စစ်ကောင်စီနဲ့အပစ်ရပ်သဘောတူညီမှုယူလိုက်ရတဲ့အခြေအနေ၊ အခု TNLA က စစ်ကောင်စီနဲ့ ဆွေး နွေးပြောဆိုရတဲ့အခြေအနေတွေက တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကြောင့်ဆိုတဲ့အချက်က ငြင်းမရတဲ့ အချက် ဖြစ်ပါတယ်။
လက်ရှိ ကနဦး ဆွေးနွေးပွဲမှာ သဘောတူညီချက်တွေ မရရှိသေးဘူးလို့ TNLA က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက ဆွေးနွေးပွဲအတွင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ် နဲ့ မိုးမိတ် ဒေသတွေကနေ နမ့်ဆန် နဲ့ မန်တုံမြို့နယ်အထိ တအာင်းတပ်(TNLA)တွေအားလုံး ဆုတ်ခွာဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး TNLA ဘက်က လက်မခံတဲ့အတွက် နှစ်ဖက်အပြန်အလှန်ဆွေးနွေးမှု ရှေ့ဆက်မတိုးနိုင်ဘဲ လာမယ့် လာမယ့် ဩဂုတ်လမှာ ထပ်မံတွေ့ဆုံဖို့ သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။
လေကြောင်းက ဗုံးကြဲခြင်း၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခြင်း၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင်ခြင်း စတဲ့ ပစ်ခတ်တိုက်ခိုက်မှုအားလုံး ရပ်တန့်ဖို့၊ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ဒေသတည်ငြိမ်ရေး နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA လို တဆင့်တိုး အပစ်အခတ်ရပ်စဲရေး ပြုလုပ်နိုင်ဖို့ တရုတ်နိုင်ငံအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက ကမကထ ပြုပြီး နှစ်ဖက်တွေ့ဆုံမှုတွေ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံ၏ကြားဝင်ဆောင်ရွက်မှုမှာ အဓိကအချက်က ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်ဖွင့်နိုင်ရေးနဲ့ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ တရုတ်ရင်းနှီးမြုပ်နှံမှု အကျိုးစီးပွားများကို ကာကွယ်ထိန်းသိမ်းနိုင်ရေးက အဓိကဖြစ်နေတာ ထင်ရှားပါတယ်။ အဲသည်အတွက် အာမခံချက်ပေးနိုင်မယ့်အင်အားရှိသူကို တရုတ်နိုင်ငံက ရွေး ချယ်ရာမှာ မြန်မာစစ်ကောင်စီနဲ့ စစ်အုပ်စုအသိုင်းအဝိုင်းကို ဦးစားပေးပြီး သူဩဇာညောင်းတယ်ဆိုတဲ့ မြောက်ပိုင်းမဟာမိတ်တွေကို အခြားချိန်ခွင်ညှာအဖြစ် ကိုင်တွယ်ထားပုံလို့ သုံးသပ်ကြပါတယ်။
ကမ္ဘာနိုင်ငံတကာအခင်းအကျင်းမှာ အာဏာရှင်တွေ အရင်းရှင်တွေထဲမှာ အင်အားကြီးသူတွေက သူတို့အကျိုး စီးပွားကိုပဲ ရှေ့တန်းတင်လာကြတာကို မြင်တွေ့နေကြရပါတယ်။ တရုတ်နိုင်ငံ၏ဩဇာချဲ့ထွင်မှုဟာ အာရှ၊ အာဖရိကအပြင် တောင်အမေရိကနိုင်ငံများအထိပြန့်နှံလာနေပြီး တတိယနိင်ငံများလို့ သတ်မှတ်တဲ့ ဖွံဖြိုးဆဲနိုင်ငံများဆီမှာ တရုတ်၏ရင်းနှီးမြုပ်နှဲံမှုတွေ အခြေကျနေပြီလို့ ဆိုနိုင်ပါတယ်။ အနောက်နိုင်ငံတွေကို ခေတ် သစ် ကိုလိုနီနယ်ချဲ့တွေလို့ မြန်မာနိုင်ငံအပါအဝင် တတိယနိုင်ငံများက ယေဘူယျ သတ်မှတ်ကြလေ့ရှိကြပြီး တရုတ်၏ စီးပွားရေး နိုင်ငံရေး စွက်ဖက်မှုတွေ စျေးကွက်နဲ့ ဩဇာ ချဲ့ထွင်မှုတွေကို ယခုနှစ်များအတွင်းမှာ အသံကျယ်ကျယ်လောင်လောင် ပြောဆိုဆွေးနွေးတာတွေ ဖြစ်လာကြတာ တွေ့ရမှာပါ။ လက်ရှိ နွေဦးတော် လှန်ရေးဆင်နွှဲနေတဲ့ မြန်မာပြည်သူတွေအပေါ် တရုတ်၏ ဆက်ဆံရေးကို ကြည့်ရင် သိသာပါတယ်။
အမေရိကန် ကိုယ်တိုင်ကလည်း ယခု သမ္မတသက်တမ်းသစ် ဒေါ်နယ်ထရန့် တက်လာပြီးနောက် အမေရိကန်အကျိုးစီးပွားကို ဦးစားပေးတာ ပြောင်ပြောင်တင်းတင်း ရှေ့တန်းတင်လာတာကြောင့် နိင်ငံတကာမှာ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေ ထွန်းကားရေးဆိုတဲ့ဘုံအကျိုးစီးပွားတွေ နောက်တန်းကို ရောက်ကုန်တာတင်မဟုတ် ချောင်ထိုးခံလိုက်ရတယ်လို့တောင် ဆိုနိုင်ပါတယ်။
သာဓကတခုကတော့ အမေရိကန်က ကုန်သွယ်ရေးစစ်ပွဲကို နိုင်ငံအားလုံးနဲ့ စိန်ခေါ်ဆင်နွှဲလာပြီး တရုတ်ကိုလည်း ပြောင်ပြောင်တင်းတင်း ဝေဖန်တာအပြင် ကုန်သွယ်ခွန် အဆမတန်တိုးပြီး တိုက်ခိုက်လာပါတယ်။ ရုရှား၏ ကျုးကျော်စစ်ကို တွန်းလှန်နေရတဲ့ ယူကရိန်းကိုလည်း စစ်ရေး အကူအညီတွေကို အပေးအယူမဲ့ မကူညီနိုင်ဘူးလို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ အမေရိကန်နဲ့ မြေရှားသတ္တု တူးဖော်ခွင့်စာချုပ်၊ စွမ်းအင်များ ထုတ်လုပ် တူးဖော်ခွင့် စာချုပ်တွေ၊ စီးပွားရေး အကျိုးအမြတ် ခွဲဝေခံစားခွင့် သဘောတူညီချက်တွေ မရဘဲနဲ့တော့ ယူကရိန်းဘက်က မရပ်တည်နိုင်ဘူးလို့ ထရန့်က ပြောအပြီးမှာ ယူကရိန်းသမ္မတ ဇီလန်စကီးက ထရန့်တောင်းဆိုချက်ကို လိုက်လျောတယ်လို့ သတင်းတွေ ထွက်လာပါတယ်။
သည်လို သတင်းအချက်အလက်တွေက ဘာကို ပြဆိုနေသလဲဆိုတော့ အင်အားကြီး ၂ နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အမေရိကားတို့ဟာ သူတို့အကျိုးစီးပွားကိုရှေ့တန်းတင်ဖို့ အကာအကွယ်ပေးဖို့ လုပ်ဆောင်တဲ့နေရာမှာ တွန့် ဆုတ်ခြင်းလုံး၀မရှိကြတာချည်း တူညီနေတာပဲ ဖြစ်ပါတယ်။ အခြားသူများ၏အကျိုးစီးပွားနဲ့ အားလုံးအကျိုးရှိမယ့် ဘုံအကျိုးစီးပွားဆိုတာကို ဦးစားပေးခြင်း မရှိကြတာချင်းလည်းတူတယ်လို့ ဆိုနိုင်ပါတယ်။ မတရားကျုးကျော်ခံနေရတဲ့ ယူကရိန်းပြည်သူတွေကို ထောက်ထားစာနာ ရပ်တည်ပေးဖို့ဆိုတဲ့ အချက်ကို အမေရိကန်အစိုးရက မီးမောင်းမထိုးသလိုမျိုးပဲ နွေဦးတော်လှန်ရေးကိုဆင်နွံနေတဲ့ မြန်မာပြည်သူတွေ၏ရည်မှန်းချက်တွေ မျှော်လင့်ချက်တွေကို တရုတ်အစိုးရဘက်က ကျောခိုင်းထားတယ်လို့ ဆိုရမှာ ဖြစ်ပါတော့တယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar