Breaking News

မောင်သော်တာ - တောင်တက်သမား

Art by POS
တောင်တက်သမား
မောင်သော်တာ
(မိုးမခ) ေမ ၂၇၊ ၂၀၂၅

တောင်တက်သမားမဟုတ်ပေမယ့် ကိုယ်တို့မြင့်မြင့်မားမားတွေးခေါ်ကြစို့
နှစ်ဆွေးနေတဲ့ခေတ်ဟောင်းသီချင်းတစ်ပုဒ်ကို ကိုယ်လေချွန်လိုက်တယ်
လေချွန်သံထဲမှာအကြွေးစာရင်းတွေ တိတိကျကျရှိတော့ အကြွေးတွေပြန်တောင်းလို့ရအောင်ပေါ့
တောင်ထိပ်ပေါ်က လေတိုက်နှုန်းအကြောင်းအ ပူချိန်ကျဆင်းမှု သစ်သီးဝလံရှားပါးမှု မြေပြိုမှုတွေဟာ သတင်းတော့သတင်းတွေပဲ
ငလျင်ကြီးလှုပ်ပြီးတဲ့နောက် အောက်ခံမြေသားအခြေအနေထက် အပေါ်ယံအဆောက်အအုံတွေကို ကိုယ်တို့ ယုံကြည့်ကြမလား
ပြည်သူပြည်သားတွေဆိုတာ အောက်ခံမြေသားတွေပဲလို့ အမ္မတကျမ်းထဲရေးထားလား
နိုင်ငံတော်ဟာ ဘုရားသခင်ပဲလို့ မျက်လုံးမှိတ်ပြီးတွေးကြည့်တော့ 
ကိုယ်တို့တွေ တူးခဲ့တဲ့ဗုံးခိုကျင်းတွေထဲ အလင်းရောင်ပျောက်ဆုံးလို့
ရုပ်ရှင်စတန့်သမားတွေရဲ့ နံရိုးတွေလို ဘယ်နှခါကျိုးကျိုး ကိုယ်တို့ဆက်ပြီးသရုပ်ဆောင်ကြမယ်
ကိုယ်တို့ဟာ လူစားထိုးစရာမရှိတော့တဲ့လူစားတွေပဲလို့တွေးမိတော့
အသက်ကယ်ကြိုးမရှိဘဲ ဆက်တက်နေတဲ့တောင်တက်သမားတွေ အများကြီးပါကလား
လက်ရှိတော့ ကိုယ်အကြွေးဆပ်နေတာ သေချာမှာပါ
တောင်တက်သမားတွေ တစ်ယောက်နဲ့တစ်ယောက် ခြေဟန်လက်ဟန်နဲ့ဆက်သွယ်ကြသလို
မင်းကို ကိုယ်လှမ်းခေါ်ကြည့်တယ်
သိပ်ပြီးအထီးကျန်ဆန်တဲ့ တောင်မြင့်မြင့်မားမားကြီးတွေလို ကိုယ့်မျက်နှာကို ကိုယ့်လက်နဲ့စမ်းကြည့်မိတယ်
မျက်နှာဟာ တောင်တက်လမ်းတစ်လမ်းလို 
ကိုယ့်သတ္တိနဲ့ကိုယ် ရွေးချယ်ခဲ့ကြရတာလား
အသက်ကယ်ကြိုး မပါဘဲ ကိုယ်တို့တွေ ရှင်သန်ခဲ့ပြီးပြီ
အသက်ကယ်ကြိုးမပါဘဲ ကိုယ်တို့တွေ တချိန်ချိန်မှာသေဆုံးကြမယ်
ကိုယ်တို့အတွက် အသက်ကယ်ကြိုးတစ်ချောင်းဟာ ဘာလို့ဆိုမလဲ ဘာဖြစ်နိုင်သလဲ
ကိုယ်ဟာ တောင်တက်သမားလို တောင်ကမူစွန်းတစ်ခုကိုဆွဲတက်လိုက်တယ်
တနည်းအားဖြင့် ကိုဟ့်ရှင်သန်မှုကို ကိုယ်ဆွဲတင်လိုက်တာပါပဲ
မယုံရင် ကိုယ့်နှလုံးခုန်သံကို စမ်းကြည့်

၂၆ မေ ၂၅
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar