Breaking News

၂၀၂၅/၂၀၂၆ ရွေးကောက်ပွဲနဲ့ လမ်းဆုံလမ်းခွ

မြန်မာနွေဦးခရိုနီကယ် - မေ ၂၆ မြင်ကွင်း

မိုးမခ၊ မေ ၂၇ ၊ ၂၀၂၅

၂၀၂၅/၂၀၂၆ ရွေးကောက်ပွဲနဲ့ လမ်းဆုံလမ်းခွ

စစ်ကောင်စီ ကျင်းပမယ့် ၂၀၂၅ /၂၀၂၆ရွေးကောက်ပွဲက မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကြပ်အတည်းကို အဖြေထွက်စေမယ့် ဖြစ်စဥ်တခု မဟုတ်ဘူးဆိုတဲ့အချက်အပေါ် အများစု အနေနဲ့ အငြင်းပွားစရာ မရှိကြပါဘူး။

စစ်အာဏာသိမ်းတယ် ဆိုတဲ့ အချက်က စပြီးမှားယွင်းလာတဲ့ မတရား အာဏာသိမ်းတဲ့ နိုင်ငံရေး ဖြစ်စဥ်ကို ဘယ်လိုပြန်လည် ပြုပြင်ကြမလဲ ဆိုတဲ့ နည်းလမ်းဆိုင်ရာမှာ အမြင်မတူညီမှုတွေ လမ်းစဥ်မတူညီမှုတွေ ရှိနေကြတာ အမှန်ပဲဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အင်အားစုတွေအနက် အဓိက အင်အားစုတခုက NLD ပါတီဖြစ်ပါတယ်။ NLD ပါတီက ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ လွှတ်တော်နေရာ အများစုကို အနိုင်ရထားတာ ဖြစ်တာကြောင့် အစိုးရဖွဲ့ခါနီး လွှတ်တော်စခေါ်ယူမယ့် နံနက်မှာ စစ်အာဏာသိမ်းခဲ့တာ ဖြစ်ပြီး အစိုးရမဖွဲ့နိုင်အောင် စစ်တပ်က အာဏာသိမ်းပြီး ပြီးခဲ့တဲ့ရွေးကောက်ပွဲရဲ့ မဲစာရင်း မသမာမှုကို စိစစ်မယ်၊ ရွေးကောက်ပွဲ အသစ်ပြန်လုပ်မယ် ဆိုတဲ့ ဆင်ခြေနဲ့ နိုင်ငံအာဏာကို ရယူခဲ့ပြီး အခု ၄ နှစ်ကျော်လာတဲ့အချိန်ထိ ရွေးကောက်ပွဲက မကျင်းပနိုင်ပဲ နိုင်ငံက ပြည်တွင်းစစ်မီးထဲ ကျရောက်ခဲ့ရတာ ဖြစ်ပါတယ်။ ပြည်တွင်းစစ် ဖြစ်ပွားလို့ ပေါ်ထွက်လာတဲ့ အကျိုးဆက်တွေ အားလုံးကို စစ်အာဏာသိမ်းခဲ့တဲ့ စစ်တပ်မှာ တာဝန်ရှိတယ်လို့ အာဏာသိမ်းမှု ဆန့်ကျင်တဲ့ အင်အားစုတွေက ဆိုကြတာ ဖြစ်ပါတယ်။

အခု ၄ နှစ်ကျော်ကြာပြီးနောက်မှာ အာဏာသိမ်းစစ်တပ် အနေနဲ့ ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်ရတော့မယ့် အခြေဆိုက်လာခဲ့ပြီ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပနိုင်တဲ့ နယ်မြေဧရိယာ သိသာစွာ လျော့နည်းလာပြီး ရွေးကောက်ပွဲမတိုင်မီ လွတ်လပ်စွာ နိုင်ငံရေး အရစည်းရုံးဟောပြောမှုတွေ လုပ်ဖို့ အခြေအနေ ရှိမနေသည့်တိုင် အာဏာသိမ်း စစ်ကောင်စီအနေနဲ့ ၄င်းအုပ်ချုပ်နေတဲ့ စစ်တပ်၊ စစ်အစိုးရကို တရားဝင်အစိုးရအဖြစ်ထိတွေ့ဆက်ဆံနေတဲ့ အိမ်နီးချင်းနိုင်ငံတချို့နဲ့ ဒေသတွင်း အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့ကို နှစ်သိမ့်ဖို့ အတွက် ရွေးကောက်ပွဲ ကျင်းပမယ့် သဘောလည်း ဖြစ်ပါတယ်။

တချို့သော အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကတော့ ရွေးကောက်ပွဲက ဒုတိယ၊ အပစ်အခတ်ရပ်စဲရေးက ပထမလိုအပ်ချက်အဖြစ် ပြောဆိုနေကြတာလည်း တွေ့ရမှာပါ။ အနောက်နိုင်ငံအချို့ကတော့ စစ်အာဏာသိမ်းမှုကလည်း တရားမဝင်သလို အာဏာသိမ်းထားတဲ့ စစ်တပ်ကကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲကလည်း တရားမဝင်ဘူးလို့ပြောဆိုပြီး မတရားဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးသမားတွေအားလုံးပြန်လွှတ်ပေးဖို့ လက်နက်နဲ့အကြမ်းဖက်မှုတွေလုံးဝရပ်တန့်ဖို့ တောင်းဆိုကြပါတယ်။ သို့ပေမယ့်လည်း အချို့သော အနောက်အုပ်စုနိုင်ငံတွေ တောင်းဆိုချက်ကို စစ်ကောင်စီကတုံ့ပြန်ခြင်းလည်း မပြုသလို ထည့်သွင်းစဥ်းစားမှုလည်း မရှိပါဘူး။

ပြည်တွင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ကတော့ စစ်အာဏာသိမ်းမှုအပြီး ဖြစ်ပေါ်လာတဲ့ စစ်ရေး နိုင်ငံရေးအခင်းအကျင်းကို အခွင့်အလမ်းတခုအဖြစ်အသုံးပြုပြီး ၄င်းတို့ရဲ့ ဆယ်စုနှစ်ချီ အိပ်မက်ဖြစ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကွန်ဖက်ဒရေးရှင်း စတဲ့အနေအထားတွေရောက်ဖို့ စစ်ရေးနည်းလမ်းနဲ့ ကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ်။ အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ကတော့ ၂၀၂၅/၂၀၂၆ ရွေးကောက်ပွဲက ၄င်းတို့အဖို့အရေးမကြီးတဲ့ ဖြစ်ရပ်တခုဖြစ်ပြီး လာမယ့် ရွေးကောက်ပွဲထက် စစ်ရေးအင်အားနဲ့ ထိန်းချုပ်ထားနိုင်မှုတွေကိုသာ ပိုမိုအာရုံစိုက်တုံ့ပြန်ကြမယ့် သဘောလည်း ဖြစ်ပါတယ်။

NUG/CRPH, NUCC တို့အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုလျစ်လျူရှုပြီး အာဏာသိမ်းခဲ့တဲ့ စစ်တပ်ကကျင်းပမယ်ဆိုတဲ့ရွေးကောက်ပွဲကို ယုံကြည်လက်ခံစရာမရှိဘူးဆိုတဲ့ ရပ်တည်ချက်ကို ကိုင်စွဲထားပြီး ရွေးကောက်ပွဲမှာပါဝင်ဖို့ပြင်ဆင်နေကြတဲ့ နိုင်ငံရေးပါတီတွေကိုလည်း သမိုင်းတရား ခံဖြစ်လိမ့်မယ်ဆိုတဲ့ ဝေဖန်ပြောဆိုမှုတွေ ပြည်ပရောက်နိုင်ငံရေးအင်အားစုတွေက ပြောဆိုနေကြတာ တွေ့ရမှာဖြစ်ပါတယ်။

ဒါတွေက ပြည်ပနဲ့ ပြည်တွင်းက လက်နက်ကိုင်အဖွဲ့တချို့ရဲ့ မဟာဗျူဟာ၊ လာလတ္တံ့သော ရွေး ကောက်ပွဲအပေါ် သဘောထားတွေ ဖြစ်ပါတယ်။

ယခု ပြက္ခဒိန်နှစ်အကုန် ဒီဇင်ဘာလနဲ့ နောင်နှစ် ဇန်နဝါရီလတို့မှာကျင်းပမယ်လို့ အသိပေးပြောကြားထားတဲ့ရွေးကောက်ပွဲက လွတ်လပ်ပြီး မျှတတဲ့ရွေးကောက်ပွဲတရပ်မဖြစ်နိုင်တဲ့အချက်အပေါ် ဘယ်သူမှ အငြင်းမပွားကြပါဘူး။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အာဏာသိမ်းစစ်ကောင်စီရဲ့ စိတ်ကြိုက်ရွေးချယ်ခန့်အပ်ခဲ့သလို ရွေးကောက်ပွဲကော်မရှင်မှာ ပါဝင်ဦးဆောင်နေသူတွေရဲ့သမာသမတ်ကျမှု၊ လွတ်လပ်မှုကိုလည်း သံသယရှိနေကြတာ ဖြစ်ပါတယ်။ ဒီလိုအနေ အထားက နှိုင်းယှဥ်ချက်တခုအနေနဲ့ ပြန်ကြည့်ရင် ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေ၊ ရွေးကောက်ပွဲ ကော် မရှင် အနေအထားကလည်း ၂၀၂၅/၂၀၂၆ ရွေးကောက်ပွဲကော်မရှင်ရဲ့ အနေအထားထက် အများကြီး သာလွန်ခဲ့တာတော့ မဟုတ်ပါဘူး။

စစ်ကောင်စီ ဖွဲ့ပေးတဲ့ ရွေးကောက်ပွဲ ကော်မရှင်ထံမှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီအချို့ နဲ့ မှတ်ပုံတင်မထားသော်လည်း နိုင်ငံရေးပါတီအဖြစ် လက်တွေ့မှာ အစုအဖွဲ့အဖြစ်တည်ရှိနေကြတဲ့ အချို့သောအင်အားစုတွေကတော့    ၂၀၂၅ /၂၀၂၆ ရွေးကောက်ပွဲက လက်နက်ကိုင်ပဋိပက္ခ အရပ်အခေါ်အားဖြင့် ပြည်တွင်းစစ်ကို အရှိန်လျော့ကျသွားစေမလားဆိုတဲ့ မှန်းဆချက် သို့မဟုတ် မျှော်လင့်ချက်တခုလည်း ရှိနေတာဖြစ်ပါတယ်။

လက်နက်ကိုင်တော်လှန်ရေးရဲ့ စုစည်းမှုအားနည်းနေသေးတဲ့အချက် နိုင်ငံရေး စစ်ရေးတပ်ပေါင်းစု တရပ်ဖွဲ့စည်းနိုင်ခြင်းမရှိတဲ့အချက်နဲ့ လက်နက်ကိုင်အဖွဲ့တွေအကြားမှာ အကျိုးစီးပွားချင်းဆန့်ကျင်ဘက် ဖြစ်မှုတွေရှိနေတဲ့အချက်၊ ပြည်တွင်းစစ်ကြောင့် တိုင်းပြည်လူထုအဖို့ ဒုက္ခပင်လယ်ဝေနေကြပြီး၊ စစ်ကောင်စီစစ်တပ်အနေနဲ့ ထိန်းချုပ်နယ်မြေတွေ နောက်ထပ် ဆုံးရှုံးလာတဲ့ အနေအထားမှာ လက်နက်ကိုင်အဖွဲ့အသီးသီးအကြား နယ်မြေစိုးမိုးမှု ထိန်းချုပ်မှုအပေါ် အကြောင်းခံပြီး လက်နက် ကိုင်ပဋိပက္ခအသစ်တွေ ပေါ်ထွက်လာမလားဆိုတဲ့ စိုးရိမ်မှုတချို့လည်း ရှိနေကြတာ ဖြစ်ပါတယ်။

လက်ရှိပဋိပက္ခလို ဘက် ၂ ဘက် အနေအထားထက် ၂ ဘက်ထက်ပိုတဲ့ပဋိပက္ခအသွင်သစ်တွေ ပေါ် ထွက်မလာဖို့လည်း အရေးကြီးပါတယ်။ ဗဟိုချုပ်ကိုင်မှု အားကောင်းဖို့လို့ မဆိုလိုပေမယ့် စစ်အာ ဏာရှင်စနစ်နဲ့ အခြားဆန့်ကျင်ဖက်မှာ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်သော ရပ်တည်ချက်၊ အခြားသော မည်သည့်အာဏာရှင်စနစ်ကိုမျှလက်မခံတဲ့ ဒီမိုကရေစီစနစ်နဲ့ ပြည်ထောင်စုနိုင်ငံတည် ဆောက်မယ့် တူညီတဲ့ဦးတည်ချက်အောက်မှာ စစ်ရေးအင်အားစု နိုင်ငံရေးအင်အားစုတွေ စုစည်းထားတဲ့တပ်ပေါင်းစု အင်အားစုတခုဖြစ်ဖို့ လိုအပ်ပါတယ်။

မဟုတ်ခဲ့ရင် လမ်းခွတ်လပ်မှာ မိမိတို့ခေါင်းဆောင်တွေရဲ့ အကျိုးစီးပွား၊ စစ်ရေးနိုင်ငံရေးအဖွဲ့အစည်းတခုရဲ့ အကျိုးစီးပွားကို ရှေ့တန်းတင်ရွေးချယ်ပြီး စစ်အာဏာရှင်နဲ့သဘောတူညီမှုယူပြီး ခွဲထွက်နေရစ်ခဲ့ကြမယ့် အဖြစ်မျိုး ကြုံတွေ့ရနိုင်တာကြောင့်လည်း ဖြစ်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar