မောင်လူမွှေး - လွယ်လွယ်ကလေး ပျက်စီးသွားခဲ့ရင်
မောင်လူမွှေး - လွယ်လွယ်ကလေး ပျက်စီးသွားခဲ့ရင်
မိုးမခ ၊ မေ ၂၇ ၊ ၂၀၂၅
ခုခေတ်ကာလဟာ လူ့အသက်တောင် အလွယ်တကူ ကြွေပျက်သွားနိုင်တာမို့ ပစ္စည်းတွေဆိုတာတော့ ပျက်စီးလိုက်တာမပြောပါနဲ့တော့။ ဘယ်လောက်အဖိုးတန်တဲ့ပစ္စည်းဖြစ်ဖြစ် အလွယ်တကူလေးပျက်စီးသွားနိုင်ပါတယ်။ ခု မိုးဦးကျတော့မယ်။ မိုးရာသီဆို ပစ္စည်းတွေဟာ ပျက်စီးဖို့သိပ်လွယ်ပါတယ်။
လေး ငါးသိန်းကနေ သိန်းဆယ်ဂဏန်းပေးရတဲ့ ဖုန်းတွေ မိုးရာသီမှာ သွားလာရင်း မိုးမိတော့ ရေဝင်ပြီး ပျက်ကြတာ အများကြီး။ အထူးသဖြင့် တောတောင်တွေထဲမှာ သွားလာနေတဲ့သူတွေ ပျက်စီးကြရတာ ဖြစ်တယ်။ သိန်းဂဏန်းပေးရတဲ့ ပစ္စည်း မိုးမိတာနဲ့ပျက်စီးတော့ သိပ်နှမြောစရာကောင်းတာပေါ့။ ပြင်ဖို့ဆိုတာကလည်း တောတောင်ထဲမှာ လွယ်တာမဟုတ်လို့ နောက်ဆက်တွဲ ဒုက္ခတွေ အများကြီး ရင်ဆိုင်ကြရတယ်။
မောင်လူမွှေးရဲ့ လပ်တော့ကွန်ပျူတာလေးလည်း ပြီးခဲ့တဲ့နှစ်မိုးရာသီမှာ သွားလာရင်း ပျက်စီးခဲ့ရတယ်။ နားလည်တဲ့သူတွေပြပြပြီး လုပ်ခိုင်းတာ ခုထက်ထိ မရပါ။ ကလေးတွေအတွက် ပညာရေးလုပ်ငန်းမှာ လပ်တော့မရှိတဲ့အတွက် မလုပ်နိုင်တာတွေ ကြုံလာရပါတယ်။ ကလေးတွေအတွက်၊ ဆရာ၊ ဆရာမတွေအတွက် စာတမ်းဖတ်ပွဲလေးတွေ မလုပ်နိုင်ဘူး။ အထူးသဖြင့် သူတို့ ကြည့်သင့်တဲ့ ရုပ်ရှင်တွေ၊ မှတ်တမ်းရုပ်ရှင်တွေ မပြနိုင်တာကို စိတ်မကောင်းဘူး။
မိုးရာသီဆို လမ်းတွေက ကြမ်းလာတယ်။ ဆိုင်ကယ်တွေ ပျက်ကြတော့မယ်။ မောင်လူမွှေး နေတဲ့ ဒေသမှာ ဆိုင်ကယ် ဆယ်စီး တွေ့ရင် ငါးစီးက ခဏခဏ ပျက်တတ်တဲ့ ဆိုင်ကယ်တွေ ဖြစ်တယ်။ တစ်ခုပျက်ရင် တစ်ခုပြင်နိုင်တဲ့ အခြေအနေမရှိတော့ ဒီလိုပဲ လုံးချာလည်လိုက်နေကြရတယ်။
ပြီးခဲ့တဲ့တစ်လလောက်က သိန်းလေးထောင်ဝန်းကျင် တန်တဲ့ ဘတ်ဖိုးကားတစ်စီး မီးလောင်သွားတယ်။ မီးစလောင်လောင်ချင်း အမြန်ငြှိမ်းသတ်ပေးမယ့် မီးသတ်ကားမရှိတော့ တစ်စီးလုံး ပျက်စီးသွားပါတယ်။ ကားမဟုတ်ဘဲ ရွာတွေ မီးလောင်ခဲ့ရင် ဒီလိုပဲ ရွာလုံးကျွတ် ပျက်စီးသွားနိုင်ပါတယ်။ အရာရာဟာ အလွယ်တကူ ပျက်စီးသွားနိုင်ခြေ သိပ်ကိုများတဲ့ကာလကြီး ဖြစ်တယ်။
စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုတွေ၊ သဘာဝဘေးအန္တရာယ်တွေက မောင်လူမွှေးတို့နိုင်ငံက အသက်အိုးအိမ်တွေကို အလွယ်တကူ ပျက်စီးစေနိုင်တယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတွေက ကားတွေ၊ ဆိုင်ကယ်တွေကို အလွယ်တကူ ပျက်စီးသွားစေတယ်။ ပျက်စီးလွယ်တဲ့အရာတွေကို တစ်ခုချင်း ပြောနေရင် ပြည့်စုံအောင်ပြောဖို့တောင် မလွယ်လှဘူး။
လွယ်လွယ်လေး ပျက်စီးသွားနိုင်တဲ့ အရာတွေကို မောင်လူမွှေးတို့ဟာ ခက်ခက်ခဲခဲ ရယူခဲ့ရတာ ဖြစ်တယ်။ စစ်ကောင်စီကြောင့် ပျက်စီးသွားတဲ့ အိမ်တစ်အိမ်ဟာ မိသားစုတစ်စု တစ်ဘဝလုံးနီးပါးကြိုးပမ်းခဲ့ရတဲ့အရာ ဖြစ်တယ်။ ဖုန်းတစ်လုံးရဖို့ သီးနှံတစ်ရာသီလုံး အလုပ်လုပ်ကြရတယ်။ ဆိုင်ကယ်အဟောင်းလေးတစ်စီးရဖို့ တစ်နှစ်ပတ်လုံး အလုပ်လုပ်ကြရတယ်။
မောင်လူမွှေးတို့ ပြည်သူတွေဟာ စစ်အာဏာရှင်တော်လှန်ရေးမှာ ဒီလောက်အနေအထားထိအောင် မြင်ဖို့ အများကြီး ပျက်စီးဆုံးရှုံးခံခဲ့ကြရတယ်။ သားသမီးကို ဆုံးရှုံးခံခဲ့ရတယ်။ ခင်ပွန်းကိုဆုံးရှုံးခံရတယ်။ ဇနီးကို ဆုံးရှုံးခံရတယ်။ မိဘကို ဆုံးရှုံးခံရတယ်။ ဆရာ၊ တပည့်၊ မိတ်ဆွေသူငယ်ချင်း၊ ဆွေမျိုးတွေကို အဆုံးရှုံးခံခဲ့ကြရတယ်။ ဘယ်တော့မှ ပြန်အစားထိုးမရနိုင်တော့တဲ့ အရာတွေကို ဆုံးရှုံးခဲ့ကြရတာ ဖြစ်တယ်။
ခုစစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် အခြားသော အကြောင်းအရာတွေကြောင့် ပညာသင်ခွင့် ဆုံးရှုံးနေကြတဲ့ကလေးငယ်တွေများစွာရှိနေတယ်။ ပညာကို ကောင်းကောင်းမသင်ကြားရတဲ့ကျောင်းသူ၊ ကျောင်းသားများစွာ ရှိနေတယ်။ အရာရာဟာ အလွယ်လေးပျက်စီးဆုံး ရှုံးသွားနိုင်တဲ့အခြေအနေမှာ မျိုးဆက်သစ်တွေရဲ့ ပညာရေးကို ဆုံးရှုံးခံလို့ မရဘူးလို့ မောင်လူမွှေး လေးလေးနက်နက် ခံယူထားပါတယ်။
ပညာရေးဟာ လူ့အဖွဲ့အစည်းရဲ့အခြေခံအုတ်မြစ်ဖြစ်တယ်။ လူ့အဖွဲ့အစည်းရဲ့ အနာဂတ် ဖြစ်တယ်။ မစို့မပို့ရနေတဲ့ပညာရေးကိုပါ ကလေးတွေဆုံးရှုံးခဲ့ရင်တော့ မောင်လူမွှေးတို့ ပြည်သူတွေဟာ အရာအားလုံးကို ဆုံးရှုံးလိုက်ရပြီလို့တောင် ဆိုနိုင်တယ်။
မောင်လူမွှေးတစ်ယောက် ပညာရေးအကြောင်း ညစဥ်ညတိုင်းနီးပါး တွေးမိနေတာပါ။ ညဟာ သန်းခေါင်ရောက်တော့မှာမို့ မှောင်ပြီးနက်နေတယ်။ ပတ်ဝန်းကျင်ဟာ ပုစဉ်းအော်သံ၊ ဖားအော်သံတွေနဲ့ ဆူညံနေတယ်။ ညသန်းခေါင်ပြီးရင် ရောင်နီဟာ လာစမြဲဖြစ်တယ်။
ရောင်နီလာချိန်မှာ ကလေးတွေ ပညာအပြည့်အဝ သင်ကြားခွင့်ရဖို့ တကယ်စေတနာရှိသူတွေ၊ စွမ်းနိုင်သူတွေ အများကြီးတွေ လိုအပ်နေဆဲ ဖြစ်တယ်။
လွယ်လွယ်ကလေး ပျက်စီးသွားနိုင်တဲ့ ခေတ်ကြီးထဲမှာ 'ပညာရေး' ပါ ပျက်စီးသွားခဲ့ရင်၊ ပညာရေးပျက်စီးနေတာကို ပြုပြင်ရကောင်းမှန်းမသိလျစ်လျူရှုခဲ့ကြရင် မောင်လူမွှေးတို့ လူ့အဖွဲ့အစည်းဟာ နာလန်ပြန်ထူပါ့တော့မလားဆိုတဲ့အတွေးတွေက မောင်လူမွှေးကို ညစဥ်နီးပါး နှိပ်စက်နေပါတော့တယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar