Breaking News

အာဆီယံ၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှု အောင်မြင်နိုင်မလား



မြန်မာနွေဦးခရိုနီကယ် - မေ ၂၅ မြင်ကွင်း

မိုးမခ၊ မေ ၂၆ ၊ ၂၀၂၅

အာဆီယံ၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှု အောင်မြင်နိုင်မလား

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးမှု ဖြစ်ပွားပြီးနောက် လပိုင်းအတွင်းမှာပဲ အာဆီယံအဖွဲ့ကြီးက အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဖိတ်ကြားကာ အာဆီယံ သဘောတူညီမှု ၅ ချက်ကို အဖွဲ့ဝင်နိုင်ငံတွေအကြား စစ်အာသိမ်းခေါင်းဆောင် ခေါင်းညိတ်ခဲ့ပေမယ့်လည်း ၄ နှစ်ကျော်ကြာမြင့်လာတဲ့ အချိန်ထိ အဆိုပါ သဘောတူညီချက် ၅ ချက်ကို အာဏာသိမ်း စစ်ကောင်စီက အောင်မြင်စွာ အကောင်အထည်မဖေါ်နိုင်ခဲ့ပါဘူး။

သဘောတူညီချက် ၅ ချက်ချမှတ်ခဲ့တဲ့ ၂၀၂၁ ဧပြီ ၂၄ ရက်အစည်းအဝေးမှာ ကတည်းက စစ်ခေါင်းဆောင်က ပြီးပြီးရော သဘောထားကာ ခေါင်းညိတ်ခဲ့တာဖြစ်ပြီး ပြန်ရောက်ပြီး လအနည်းငယ်အကြာကတည်းက သဘောတူညီချက်ကို ဖေါ်ဆောင်ရမယ့် မြန်မာစစ်ခေါင်းဆောင် က ကြိုတင် အသိပေးခြင်း မပြုပဲ တဖက်သတ် ချမှတ်ဖိအားပေးခဲ့တဲ့ သဘောဝေဖန်ခဲ့တာပါ။

အဲဒီနှစ်လည်ပိုင်းကတည်းက အာဏာသိမ်း စစ်ခေါင်းဆောင်က တိုင်းပြည်တည်ငြိမ်မှသာ အထက်ပါ အာဆီယံ မူ ၅ချက်ကို အကောင်အထည်ဖေါ်နိုင်မယ့် သဘော ပြောဆိုခဲ့ပြီး သဘောတူညီမှု ၅ ချက်ကို အကောင်အထည် မဖေါ်ပဲ လျစ်လျူရှုခဲ့တာဖြစ်ပါတယ်။ အဲလို လျစ်လျူရှုခြင်းရဲ့ အကျိုးဆက်အဖြစ် အာဆီယံက အာဆီယံ ပုံမှန်အစည်းအဝေးတွေမှာ မြန်မာစစ်ကောင်စီဘက်က တက်ရောက်မယ့် ကိုယ်စားလှယ်အနေနဲ့ နိုင်ငံရေးရာထူးရယူထားသူ မဖြစ်စေရလို့ သတ်မှတ်ခဲ့ပါတယ်။ နိုင်ငံခြားရေး ဝန်ကြီးအစည်းအဝေးတွေနဲ့ ဝန်ကြီးချုပ်/သမ္မတအဆင့် အစည်းအဝေးတွေမှာ အာဏာသိမ်းစစ်ကောင်စီ အနေနဲ့ အမြဲတမ်းအတွင်းဝန် သို့မဟုတ် ညွှန်ချုပ်အဆင့်ရှိသူသာ စေလွှတ်ဖို့ ကန့်သတ်ခဲ့တာဖြစ်ပါတယ်။

မကြာသေးခင် မတ်လကုန်မှာ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းဒေသကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးက မြန်မာစစ်ကောင်စီ အပေါ် ချမှတ်ထားတဲ့ အာဆီယံရဲ့ ကန့်သတ်ချက်တွေကို ခေတ္တဆိုင်းငံ့ထားဖို့ ဖြစ်လာစေပါတယ်။ မြန်မာနိုင်ငံ နေပြည်တော်ကို မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးတို့ ငလျင်ကယ်ဆယ်ကူညီရေး အကြောင်းကိစ္စပေါ် အကြောင်းခံပြီး လာရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက် မလေး ဝန်ကြီးချုပ် အန်နဝါအီဗရာဟင်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ ထိုင်းနိုင်ငံမှာ တွေ့ဆုံခဲ့ပါတယ်။ ငလျင်ဘေးက သံတမန်ရေးအရ ကန့်သတ်မှုတွေ၊ ဖယ်ကျဥ်မှုတွေကို အဆုံးသတ်လိုက်သလို ဖြစ်စေခဲ့ပါတယ်။ အဲဒီနောက် မလေးရှားဝန်ကြီးချုပ် အနေနဲ့ NUG ရဲ့ ဝန်ကြီးချုပ်နဲ့ အွန်လိုင်းကနေ တွေ့ဆုံခဲ့ပါတယ်။ အဆိုပါ သံတမန်ရေးခြေလှမ်းတွေရဲ့ နောက်ဆက်တွဲ အနေနဲ့ မကြာခင်   သီတင်းပတ်တွေအတွင်း အာဆီယံအလှည့်ကျ ဥက္ကဌ တာဝန်ယူထားတဲ့ မလေးရှားနိုင်ငံက ကိုယ်စားလှယ် အဖွဲ့တဖွဲ့ကို နေပြည်တော်ကို စေလွှတ်ဖို့ ရှိနေတယ်လို့ သတင်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။ အာဆီယံ အလှည့်ကျ မလေးရှားနိုင်ငံအနေနဲ့  NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ လိုလားချက်တွေကို ဧပြီလထဲမှာ ရထားပြီးဖြစ်လို့ အဆိုပါ အချက်တွေအပေါ် အခြေခံပြီး စစ်ကောင်စီနဲ့ နေပြည်တော်မှာ တွေ့ဆုံပြီး အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပေါ်ထွက်လာဖို့ ကြိုးစားမယ့် သဘောလို့ နားလည်ရပါတယ်။

အာဆီယံအဖွဲ့အနေနဲ့ မြန်မာ့အရေးကို ရှုမြင်ပုံက အမေရိကန်ပြည်ထောင်စု၊ အနောက်ဥရောပနိုင်ငံတွေနဲ့ မတူကွဲပြားပါတယ်။ အာဆီယံနိုင်ငံတွေ အနေနဲ့ အနောက်နိုင်ငံတွေလို ဒီမိုကရေစီစံနှုန်းတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုလိုမျိုးကို လုံးဝ သည်းညည်းမခံတဲ့ စံနှုန်းရပ်တည်ချက်တွေနဲ့ သွားတာထက် မြန်မာနိုင်ငံက သက်ဆိုင်တဲ့ ဘက်တွေအကြား လက်ခံနိုင်တဲ့ အခြေအနေတခုကို ညှိနှိုင်းစေချင်ကြတဲ့ သဘောထားမျိုး ထားရှိကြတာ ဖြစ်ပါတယ်။ ဒုတိယအချက်က အာဆီယံနိုင်ငံတွေအနက် ထိုင်း၊ မလေးရှားနိုင်ငံတို့ အနေနဲ့ မြန်မာနိုင်ငံမှာ မတည်မငြိမ် ဖြစ်နေတဲ့ အခြေအနေရှိနေသရွေ့ လျှံထွက်လာတဲ့ တရားမဝင် ဝင်ရောက်လာမယ့် ရွှေ့ပြောင်းအလုပ်သမား အရေး၊ နယ်စပ်ဖြတ်ကျော်လာတဲ့ မူးယစ်ဆေးဝါးကုန်ကူးမှု၊ လက်နက်ကိုင် အဖွဲ့တွေ အကာအကွယ်နဲ့ ကျားဖြန့် လုပ်ငန်းကြီးထွားလာမှု စတဲ့ အကျိုးဆက်တွေကို ခံစားနေကြရတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံ ၂ နိုင်ငံဖြစ်တာကြောင့် ၄င်းတို့အနေနဲ့ မြန်မာနိင်ငံရေးနဲ့ ဆက်စပ်ပတ်သက်နေရတဲ့ အနေအထားလို့ ဆိုရင် မှားမယ် မထင်ပါဘူး။

အာဆီယံအဖွဲ့အနေနဲ့ရော အိမ်နီးချင်းနိုင်ငံ အနေနဲ့ပါ မြန်မာနိုင်ငံရဲ့ ကောင်းကျိုးဆိုးပြစ်တွေရဲ့ သက်ရောက်မှု ခံစားနေရတဲ့ ထိုင်းနဲ့ မလေးရှားက မြန်မာ့ပြည်တွင်းစစ်ကို အရှိန်လျော့ပြီး ရပ်ဆိုင်းသွားစေဖို့ စိတ်စောနေတာ ဖြစ်ပါတယ်။ အပစ်အခတ်ရပ်ကြဖို့ ငြိမ်းချမ်းရေး စကားပြောဆွေးနွေးကြဖို့ တိုက်တွန်းရခြင်းရဲ့ အကြောင်းခံ နောက်တချက်က အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ ဘက် ၂ ဘက်ထဲ ရှိတဲ့ ပဋိပက္ခအဖြစ် မမြင်တဲ့ သဘောထား နဲ့ ၂ ဘက်ထဲလို့ မြင်ခဲ့သည့်တိုင် တဖက်ဖက်က အပြတ်အသတ် နိုင်ဖို့ မလွယ်ကူဘူးဆိုတဲ့ မြှော်မြင်ယူဆချက် လည်းရှိနေတယ်လို့ မှန်းဆရပါတယ်။ အာဏာသိမ်း စစ်ကောင်စီ အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ NUG ရဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကို အပြီးတိုင် နှိမ်နှင်းနိုင်မှာ မဟုတ်သလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နဲ့ NUG/PDF တို့ အနေနဲ့လည်း စစ်ကောင်စီတပ်တွေကို အပြီးတိုင်အနိုင်ရအောင် တိုက်ခိုက်အောင်မြင်နိုင်မယ်လို့ မယုံကြည်တဲ့ သဘောလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ၄င်းတို့ အနေနဲ့ စစ်ကောင်စီတပ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရတို့အကြား နိုင်ငံရေး၊ စစ်ရေးစုစည်းမှု တခုထည်းသောပေါင်းစည်းမှု မရှိသေးတဲ့အချက်ကို အခြေခံပြီး သုံးသပ်အကဲဖြတ်ကြတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီအချက်တွေ သုံးသပ်ချက်တွေက အာဆီယံအဖွဲ့အနေနဲ့ လတ်တလော မြန်မာနိုင်ငံပြည်တွင်းစစ်ပြဿနာအပေါ် ဘယ်လို ချဥ်းကပ်မှု ဘယ်လိုရှုထောင့်ကနေ လုပ်ဆောင်နေသလဲဆိုတာ ပုံဖေါ်ကြည့်တဲ့ သဘောလည်း ဖြစ်ပါတယ်။

အဲလို အနေအထားမှာ ပြည်တွင်းစစ် ရပ်စဲအောင် အာဆီယံအနေနဲ့ အမှန်တကယ် လုပ်ဆောင်နိုင်မလား လို့မေးရင် မေးခွန်းသာရှိပြီး အဖြေက မရှိသေးဘူးလို့သာ ဆိုရမှာပါ။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ပွဲမှာ တဖက်ဖက်က အပြတ်အသတ်အနိုင်ရမယ်လို့ ၂ ဖက်စလုံးက ယူဆနေကြသရွေ့ သို့မဟုတ် ၂ ဖက်မက ရှိတဲ့ လက်နက်ကိုင် အင်အားစုတွေ အနေနဲ့ တပ်ပေါင်းစု စုစည်းဖွဲ့စည်းကာ စစ်အာဏာရှင်ကို အနိုင်ယူတိုက်ခိုက်နိုင်ဖို့ထက် မိမိတို့ သိမ်းယူနိုင်တဲ့ နယ်မြေကို ထိန်းချုပ်ထားနိုင်ပြီး အုပ်ချုပ်ထားနိုင်ခြင်းကို ရည်မှန်းချက်ပန်းတိုင် အဖြစ် မှတ်ယူထားခဲ့ရင် တပ်ပေါင်းစု ဘက် ၂ ဘက်ရဲ့ အရှုံးအနိုင်တိုက်ပွဲ အသွင်ဖြစ်ပေါ်လာမှာ မဟုတ်တော့တဲ့ အချက်ကိုလည်း သတိမူမိဖို့ အရေးကြီးပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar