Breaking News

လေးလေး - တက်ခေတ်


လေးလေး - တက်ခေတ်

မိုးမခ ၊ မေ ၁၂ ၊ ၂၀၂၅

၁၉၈၀ ဝန်းကျင်ကာလတုန်းက ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်းပေါ်က မီးရထားဝင်းမှာ ဆိုင်းဘုတ်အကြီးကြီးတွေထောင်ပြီး ကြော်ငြာတခေတ် ဖြစ်ခဲ့ဖူးတယ်။ တရက်တော့ ကျနော်တို့သူငယ်ချင်းတစု ဗိုလ်ချုပ်လမ်းပေါ်ရှိတဲ့ ရုပ်ရှင်ရုံ တ ခုမှာ ရုပ်ရှင်ကြည့်ဖို့ လက်မှတ်တန်းစီနေကြတုန်း အားနေတာနဲ့ မီးရထားဝင်းကဆိုင်းဘုတ်တွေ လိုက်ဖတ်ကြည့်ကြတယ်။ ဆိုင်းဘုတ်တခုမှာ အဆိုတော်ဘယ်သူရဲ့ သတ္တမမြောက်စီးရီး ဆိုပြီး အဲဒီအဆိုတော်ပုံနဲ့ ကြော်ငြာထားတာ ဖတ်ပြီး ကျနော်တို့တသိုက် ဟားတိုက်ရယ်ခဲ့ကြတယ်။

ဘာလို့ဆို သူက သတ္တမမြောက်စီးရီးဆိုပြီးသာ ကြော်ငြာထားတယ်၊ ကျနော်တို့တသိုက်လုံး သူ့သီချင်းတွေကို တပုဒ်မှ နားမထောင်ကြဖူးလို့ပဲ။ အခုစာအုပ်လောကလည်း အဲဒီလိုဖြစ်နေပြီလား မပြောတတ်။ စာအုပ်တိုက်ဖေ့်စ်ဘွတ် စာမျက်နှာတွေမှာ စာရေးသူ ဘယ်သူဘယ်ဝါရဲ့ စာအုပ်များစုစည်းမှုဆိုတာ ဖတ်ရတယ်။ စာအုပ်တွေ လေးငါး ခြောက်အုပ် တန်းစီထုတ်ဝေထားတာ တွေ့ရပေမယ့် အဲဒီစာရေးသူ ရေးတဲ့စာအုပ်တွေ တအုပ်တလေမှ ကိုယ်မဖတ်ဖူးဘူး ဖြစ်နေတာပဲ။ တယောက်တလေ မဟုတ်ဘူးနော်။ စာရေးသူ အတော်များများပဲ။

ကိုယ်ပဲ ဖတ်မနိုင်ဖြစ်တာ နေမှာပါလေလို့ လျှော့တွေးမိသလို နောက်တကြောင်းကတော့ အဲဒီစာရေးသူတွေအများ စုရေးတဲ့ စာအုပ်တွေက တက်ကျမ်းလို့ စာပေလောကမှာ အာလုတ်ပြုကြတဲ့ အောင်မြင်ပျော်ရွှင်ရေးနည်းလမ်း စာအုပ်တွေ ဖြစ်နေတာလည်း ပါပါတယ်။ ဖတ်လေ့ဖတ်ထ မရှိတဲ့ထဲ ပါတဲ့စာအုပ်တွေပေါ့လေ။ လူငယ်ဘဝတုန်းကတော့ တွေ့တာအကုန်ဖတ်တဲ့ထဲ တက်ကျမ်းတွေလည်း ပါပါတယ်။ နန္ဒာသိန်းဇံ ရေးတဲ့ အတွေးအခေါ်အားပြု စာအုပ်တွေဆို သိပ်ကြိုက်ခဲ့တာပေါ့။ သိပ်သာနားမလည်တာ ဖတ်တာတော့ သူ ရေးသမျှအကုန်ပဲ။ အခုကတော့ ခေတ်ကာလအခြေအနေအရ လူတွေရဲ့ မိုတီကို ပိုအားဖြစ်စေမယ့်စာအုပ်တွေ ပိုရေးလာကြ၊ ပိုထုတ်ဝေလာကြ တာနေမယ်လို့ အတွေးရောက်တယ်။

“လူငယ်နှင့် အောင်မြင်မှုပန်းတိုင်”၊ လူတိုင်း ကြိုက်ဖို့ မလိုဘူး”၊ ယုံကြည်ရာ လုပ်ခွင့်ရှိတယ်”၊ ငါ့ထက်တော်တဲ့ငါ” ၊ ဗုဒ္ဓနည်းကျ ဘဝနေထိုင်မှုအနုပညာ”၊ ပျော်ရွှင်ခြင်းရဲ့လျှို့ဝှက်အမှတ်”၊ တန်ဖိုးရှိစွာနေထိုင်ပါ”၊ ယုံကြည်မှုနဲ့အတူ”၊ ကိုယ်ပိုင်ဩဇာအရှိန်အဝါဖြင့် နေထိုင်ခြင်း”၊ ကိုယ်ပိုင်ဘဝ ကိုယ်တိုင်တည်ဆောက်ခြင်း”၊ ရှင်သန်ခြင်း ဓာတ် စာ” စာအုပ်နာမည်တချို့ဖြစ်ပါတယ်။ တချို့စာအုပ်တွေက စီးရီးလိုက်။ ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းတဲ့ မိန်းမ”၊ ထက်မြက်တဲ့ မိန်းမ”၊ လောကဓံကို ဂရုမစိုက်တဲ့ မိန်းမ”၊ ect….။

ဖတ်ကြည့်သင့်ပါတယ်၊ တခု ခက်နေတာက ခုခေတ်က စာအုပ်ကို ဝယ်ဖတ်မှ ဖတ်ရတဲ့ခေတ် ဖြစ်နေတော့ စာအုပ်တိုင်း ဝယ်ဖို့မဖြစ်နိုင်ဘဲ ချင့်ချိန်နေရတာပါ။ အခုအချိန်မှာ သူသူကိုယ်ကိုယ် စိတ်ဖိစီးမှုကို အနည်းနဲ့အများ ရှိနေကြတာဖြစ်လို့ ဖတ်ကြည့်လို့ အမြတ်ရှိနိုင်မယ့် စာအုပ်တအုပ်တော့ မှာဖတ်ဖြစ်တယ်။ ကျော်ရင်မြင့်” ရဲ့ ပျော်ရွှင်အောင်မြင်ခြင်းရဲ့လျှို့ဝှက်ချက်များ”။ ဖတ်နေတုန်းခဏ ပျော်ရလည်း မနည်းဘူးပေါ့လေ။ ပြီးတော့ ရေးတဲ့သူက စာရေးဆရာ၊ သတင်းစာဆရာဖြစ်တော့ စိတ်ချလက်ချ ဝယ်ဖတ်လို့ရတယ်။ ဆရာက ဒါမျိုးစာစုလေးတွေကို မော်ဒန် ဂျာနယ်မှာကတည်းက ရေးနေတာပါ။

“ပျော်ရွှင်အောင်မြင်ပြီး နေပျော်တဲ့ဘဝကို ရဖို့ဆိုတာ ခက်ခဲနက်နဲလှတဲ့ လျှို့ဝှက်ချက်ကြီး ဂမ္ဘီရပညာရပ်ကြီး မဟုတ်ပါဘူး။ ကိုယ့်စိတ်ထားကို နည်းနည်းပဲ ပြုပြင်ပေးလိုက်ရင် ရေကာတာကြီးကို အပေါက်ကလေး ဖောက်လိုက်ရုံနဲ့ ဒလဟော စီးကျလာသလို ပျော်ရွှင်မှုတွေ အောင်မြင်မှုတွေ အားရပါးရ ရရှိလာနိုင်ပါတယ်။ စာရေးသူရဲ့ ကိုယ်တွေ့ပါ” လို့ အစမှာ အမှာပါးထားပါတယ်။ ဒီစာအုပ်ကို ရေးဖို့ ပျော်ရွှင်အောင်မြင်ခြင်းနဲ့ဆိုင်တဲ့ စာအုပ်တွေ၊ အင်တာနက်နဲ့ ဆိုရှယ်မီဒီယာကရေးသားချက်တွေကို အလေးထား ဖတ်သလို ဆရာတော်တွေ တရားတော်၊ ပညာရှင် တွေဟောပြောချက်တွေကိုလည်း နားထောင်မှတ်သားတယ်လို့လည်း စာရေးသူက ဆိုထားတယ်။

ဖတ်ကြည့်တော့ စာရေးသူက သူနဲ့မိတ်ဆွေသူငယ်ချင်းတွေ၊ ဆရာတွေနဲ့စကားဝိုင်းဖွဲ့ ပြောဖြစ်ကြပုံ၊ စကားဝိုင်းမှာပါဝင်သူတွေရဲ့စရိုက်လက္ခဏာနဲ့ဇာတ်ကြောင်းလေးတွေခင်းကျင်းပြီး အောင်မြင်ပျော်ရွှင်ခြင်း အကြောင်းတွေ မျှဝေရေးထားတာ တွေ့ရတယ်။ ကျော်ရင်မြင့်စတိုင်လို့ ပြောလို့ရတဲ့ ရေးသားတင်ပြပုံမျိုးဖြစ်ပြီး အရင်စာအုပ်တချို့ မှာလည်း ဖတ်ဖူးပါတယ်။ 

 စာအုပ်အဖွင့်မာတိကာမှာ ၁။ပျော်ပျော်နေတဲ့ ဆရာဂျော်လီဖေ”၊ ထင်ပေါ်ချင်တဲ့ ခင်မော်လွင်”၊ATM ငွေထုတ်စက်ကြီးလို ဖြစ်နေပြီလား”၊ အရုပ်ဆိုးသူတွေက ပိုအောင်မြင်သလား”၊ ပျော်ရွှင်ဝမ်းသာ အဆင်ပြေမှာ” စသဖြင့် အခန်း ခေါင်းစဉ်နဲ့ မာတိကာ ခွဲဖော်ပြပေးထားတော့ ဖတ်ပြီးရင် ပြန်ရှာဖတ်ချင်တဲ့ အခန်းကို အလွယ်တကူ ပြန်ရှာဖတ်နိုင်လို့ ကျေးဇူးများတယ်။ စာဖတ်သူအပေါ် ထားတဲ့စေတနာကို မာတိကာမှာတင် ဖော်ပြနေတာပေါ့။ ဒီစာအုပ်ထဲ “ဆိုကရေးတီး”ပြောစကားပါစာတွေ ကြိုက်တယ်။

မြန်မာမှာက လင်နဲ့မယား လျှာနဲ့သွား”ဆိုတာ လူပြောများတယ်။ ပုံပြင်တပုဒ် ကြားဖူးတယ်။ အဲဒီလိုပဲ မနက်တိုင်း ကတောက်ကဆတ်ဖြစ်ပြီး စကားများများနေလေ့ရှိတဲ့ လင်မယားကို သူတို့ဆရာက စကားများမယ်ကြံတိုင်း တစ်၊ နှစ်၊ သုံး၊ လေး ရေနေဖို့ အကြံပေးတယ်၊ မနက်တိုင်း အဲဒီလင်မယား နေတဲ့အိမ်က တစ်၊ နှစ် ၊သုံး၊ လေး ရေနေသံက လက်ဝှေ့ပွဲက ဒိုင်လူကြီး အမှတ်စဥ် ရေနေသလိုပဲ ပုံမှန်အသံထွက်နေပါသတဲ့။ 

လျှာအရိုး မရှိတိုင်း ပြောမနေနဲ့ ဆိုတဲ့စကားလည်း ရှိတယ်။ လျှာ ဆိုတာက လူမှာ အကြီးဆုံး ကြွက်သား ဆိုသကိုး။ လျှာနဲ့ သွား ကိုက်မိတဲ့အကြောင်း ပြောရင် ဒေါသတွေပါလာတာပေါ့။ ဒီတော့ ဆိုကရေးတီး”က ဒေါသကြီးတဲ့တပည့်ကို ဆုံးမခန်း ပြေးသတိရပြန်တယ်။

"မင်း ပါးစပ်ထဲမှာ သွား ဘယ်နှချောင်းရှိသလဲ” 

“၃၂ ချောင်း ရှိပါတယ်”

“လျှာကော ဘယ်နှစ်ခု ရှိသလဲ”

“လျှာ တချာင်းပဲ ရှိပါတယ်ဆရာ” 

သွား ဘယ်နှချောင်း ကျိုးဖူးလဲ” 

ကိုးနှစ်သားတုန်းက သွားတချောင်း စ ကျိုးပါတယ်၊ နောက်တော့ သွားတွေ တချောင်းပြီး တချောင်း ကျိုးပါတယ်” 

မင်းရဲ့ လျှာကတော့ အကောင်းပကတိရှိနေဦးမယ် ထင်ပါရဲ့”

 “အကောင်းအတိုင်းပါ ခင်ဗျာ” 

 "တို့ သင်တန်းကျောင်းက ဘိုးဘိုးကြီးကို မင်း သိမှာပေါ့၊ တော်တော်အိုနေပြီလေ” 

"ဘိုးဘိုးကြီးကို ကောင်းကောင်း သိပါတယ် ဆရာ”

 “ဘိုးဘိုးကြီး မင်းအရွယ်တုန်းက သွား ဘယ်နှချောင်းရှိမယ် ထင်သလဲ”

 “သွားတွေအကုန်အစုံ ရှိမှာပါဆရာ” 

“အခုကော၊ သူ့မှာ သွား ဘယ်နှချောင်းရှိလဲ.. သိသလား”

“သွားနှစ်ချောင်းပဲ ရှိတော့တာ မြင်ရပါတယ်” 

“သူ့မှာ လျှာကော ရှိဦးမယ် ထင်သလား”

“မွေးကတည်းကပါလာတဲ့ လျှာ အကောင်း ပကတိအတိုင်းပဲ ရှိနေမှာပါ ဆရာ” 

“မင်း တွေ့တဲ့အတိုင်းပဲ၊ သွားတွေ ကြိတ်ဝါးတဲ့အခါ အဆင်ပြေအောင် လျှာက ဖြည့်ဆည်းပေးပေမယ့် တခါတရံ သွားက ကိုက်တာ လျှာ ခံရတယ်၊ ဒါပေမဲ့ လျှာက သွားတွေကြားမှာ သိမ်သိမ်မွေ့မွေ့ ပျော့ပျော့ပျောင်းပျောင်းပဲ ဆက်ရှိနေတယ်၊ သူ့အလုပ် သူ့တာဝန်ကို မပျက်ဘဲ ဆက်လုပ်နေတာပဲ၊မာကျောတယ် ဆိုတဲ့ သွား ၃၂ ချောင်း တချောင်းပြီးတချောင်း ကျိုးသွားကြပေမယ့် တချောင်းတည်းပဲရှိတဲ့ လျှာကတော့ လူ အိုမင်းသေဆုံးသွားတဲ့အချိန်အထိ ဆက်ရှိနေတာပဲ၊ သင်္ချိုင်းကို လူနဲ့အတူ သွားတွေအစုံလိုက် ပါမသွားရပေမယ့် လျှာကတော့ မခွဲမခွာ လိုက်ပါရတယ်၊ သွားလို မကျင့်နဲ့၊ လျှာလိုကျင့်ပါ။ ဒေါသကို ထိန်းပါ၊ သိမ်မွေ့ပါ

ကျော်ရင်မြင့်ရဲ့ “ပျော်ရွှင်အောင်မြင်ခြင်းရဲ့လျှို့ဝှက်ချက်များ“ စာအုပ်ကို Satori Publishing က ထုတ်ဝေပြီး ကိုလတ်စာပေက ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီမှာ ဖြန့်ချိတယ်။ ပထမအကြိမ် အုပ်ရေ ၅၀၀ ထုတ်ဝေတာဖြစ်ပြီး စာအုပ်တန်ဖိုးက ကျပ် တသောင်းတိတိ။

-
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar