မောင်နွေထက် - ၂၁ ရာစုထဲက ငါ့ ဂွာရာနီကာ ပန်းချီကား
၂၁ ရာစုထဲက ငါ့ ဂွာရာနီကာ ပန်းချီကား
မောင်နွေထက်
(မိုးမခ) မေ ၁၂၊ ၂၀၂၅
ပီကာဆိုရဲ့ ဂွာရာနီကာပန်းချီကားကြီးထဲမှာ
ငါ့တို့ရောက်နေတာ ကြာပ
ငါ့စိတ်တွေဟာ
အပြာရောင်ကောင်းကင်ကြီးပေါ်က
တိမ်တွေလိုလွင့်မျော
ခေတ်ဆိုးအမှောင်တောထဲ တိုးဝင်
ဒုက္ခတွေက ပင်လယ်မက
ရွာတွေမီးရှို့ခံရ
လေယာဉ်ပျံတွေနဲ့ ဗုံးသံတွေက
အဆက်မပြတ်
လူတွေ သေကြ ကြေကြ ဒဏ်ရာတွေရကြ
ရောက်ရာပေါက်ရာ ထွက်ပြေးကြရ
အော်
ဂွာရာနီကာတောင် လက်မှိုင်ချနေရ
၂၀၂၅ မတ် ၂၈
မွန်းတည့်ချိန် ၁၂ နာရီ ၂၅ မိနစ်
၇. ၇ ... တဲ့
ငလျင်ဆိုးက ဒုက္ခနွံအိုင်ထဲဆွဲနှစ်
တိုက်တွေပြို အိမ်တွေပျက်
သေလိုက်ကြ သောက်သောက်လဲ
ခြေပြတ် လက်ပြတ် ခေါင်းတွေပြတ်
အသေဆိုးနဲ့ သေကြရ
အော် ... ဆိုးလိုကြတဲ့ ဘဝတွေ
ရှင်ပြန်တော့လဲ
ခြေပြတ် လက်ပြတ်
စိတ်ဒဏ်ရာတွေရကြ
အော်
ဆိုးလိုက်တဲ့ ငါတို့ဘဝတွေ
ခေတ်ဆိုးခေတ်ကြပ်ကြီးထဲ
စားဖို့အနိုင်နိုင်
တိုက်ခန်းပေါ်ကလူတွေခမျာ
နေစရာတွေခက်ခဲလာကြ
နေစရာ ကျောချစရာမဲ့သွား
ငါတို့ရဲ့ငရဲခန်းထဲမှာလား
ဂွာရာနီကာထက်ကို ဆိုးဝါးနေပါရောလား
ဘယ်မှာလဲစားစရာ
ကဲ
ခြေသလုံးအိမ်တိုင်ကဗျာဆရာ ငါ
ခုတော့
ခြေဦးတည့်ရာ
ပီကာဆိုသာသက်ရှိထင်ရှားရှိနေသေးရင်
ဂွာရာနီကာထက်ကိုဆိုးတဲ့ပန်းချီကား
အနုပညာဝိညာဉ်နဲ့
ဘယ်လိုများဖန်တီးလိုက်မလဲ
ငါ ကြည့်ချစ်စမ်းပါဘိ
ငါ ဖြတ်သန်းနေရတဲ့ခေတ်ဆိုးကြီးထဲက
ဂွာရာနီကာ ငရဲခန်းထဲက
ငါ ခုန်ထွက်ဖို့
ခေတ်ဆိုးကြီးထဲက အဆန်လမ်း
ငါ့ ဝိညာဉ်နဲ့ထမ်း
အသက်နဲ့ ထုဆစ်
မွေးဖွားလာတော့မယ့် အနာဂတ်နွေဦးသစ်ဆီ
၃ မေ ၂၀၂၅
စနေနေ့
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar