Breaking News

ဖလော်ဒါဟန် - ပညာလျှောက်လှမ်း ဖြောင့်ဖြူးကြပါစေ

ပညာလျှောက်လှမ်း ဖြောင့်ဖြူးကြပါစေ

ဖလော်ဒါဟန် 

မိုးမခ ၊ မေ ၂၇ ၊ ၂၀၂၅

အချို့ပြည်သူတွေ အချင်းချင်း ပြောကြတာတွေ ကြားဖူးပါတယ်။

ကိုယ် လုပ်မှ ကိုယ်စားရမယ် ဆိုတဲ့စကား မအလ ကို ကျွန်ခံနေတာတို့ဆိုတာ တကယ်တော့ ဒီလူတွေရဲ့ သားသမီးတွေက အကျိုးအမြတ်များစွာနဲ့ မအလ ရဲ့ ကျွန်သပေါက်လက်အောက်ကနေလွတ်မြောက်သွားကြတာပါပဲ။

တလရ မှာ အသက်ရင်းငွေရင်း ပစ္စည်းဥစ္စာစွန့်၊ ဂုဏ်ဒြပ်တွေ ပြစ်ချခဲ့သူများရဲ့ သားသမီးများက အကောင်းဆိုတာ ရှားလို့ အဆိုးမှာ အဆိုးထပ်ပြီး ပြည်တွင်းမှာ ယက်ကန်ယက်ကန် ကူးလားနေကြရတုံးပါ။

ဒီမိုကရေစီကို လိုချင်ပါတယ်၊ လွတ်လပ်ပြီး တရားမျှတတဲ့ လူ့ဘောင်ခရီးကို လျှောက်ချင်ပါတယ်ဆိုသူတွေက ပြည်တွင်းမှာ တိုက်ပွဲဝင်လို့ကောင်းဆဲအချိန်။ အချို့သော ပညာတတ် ပိုက်ဆံချမ်းသာသူများက မအလ အဆွယ်အောက်မှာ ပြားပြားဝပ်နေထိုင်ကြပြီး မိမိတို့ကိုယ်တိုင်ရော သားသမီးတွေကိုပါ ယနေ့အချိန်မှာ လွတ်လပ်ပြီး တရားမျှတတဲ့နိုင်ငံတွေဆီကို တဖြည်းဖြည်းနဲ့လျှောက်လှမ်းခွင့်ရနေကြပါပီ။

အားလုံးသော ပြည်သူကတော့ မလို၍ ပြော မသိ၍‌ မဟုတ်ပါ။

လိုလည်း လိုပါတယ်၊ သိလည်း သိကြပါတယ်။ အရွေ့တခုကို လျှောက်လှမ်းနေချိန်မှာ တလရမှာတိုက်ရိုက်ပါဝင်ခဲ့သူ မိသားစု‌တွေအတွက် သားသမီးတွေအတွက် ရှေ့ရေးမှာ အတော်ကို ခက်ခဲပင်ပန်းကြပါတယ်။

တလရ မှာ ပါဝင်ပြီး နောက်ဆုတ်သွားသူ ဝါရင့်နိုင်ငံရေးသမားများနဲ့ ပညာတတ်များရဲ့ နည်းဗျူဟာက ကျွန်မတို့ ပြည်သူအတွက်၊ သားသမီးများအတွက် ပညာ‌ရေးကဏ္ဍမှာ အတုယူစရာများရှိသလို သူတို့ကို ဖယ်ထုတ်ရမည့်အပိုင်းများလည်း ရှိခဲ့ပါတယ်။

ဝါရင့်နိုင်ငံရေးသမားများဟာ မိမိတို့ အသက်အရွယ် အ‌တွေ့အကြုံများကို မှီပြီး မိမိသားသမီးများအတွက် ကြိုတင်ပြင်ဆင်မှုတွေ ရှိခဲ့ကြသလို မအလရဲ့ ခေတ်စနစ်‌အောက်မှာ မိမိသာ အပိတ်ခံမယ်၊ သားသမီးတွေကို လွတ်မြောက်ဖို့ အရင်ကြိုးစားကြတာကို‌ တွေ့ရပါတယ်။

တကယ်ကို အံ့ဩစရာကောင်းတဲ့ မိသားစုများပါ။ အသက်အရွယ်ကြီးသူများအတွက် မအလ လက်အောက်မှာ မိမိရဲ့ ပညာအရည်အချင်းကို မိမိအကျိုး နိုင်ငံအကျိုး လိုသလောက် ထုတ်ကုန်အဖြစ် သုံးစရာမလိုပါဘူး။

တတ်သည့်ပညာကိုလည်း လွတ်လပ်စွာ အသုံးချဖို့လည်း မအလ က အခွင့်အရေး မပေးပါဘူး။

ဒီအချက်ကို မအလ လက်အောက်မှာ အလုပ်လုပ်နေသူ အားလုံးက သိကြပါတယ်။

တကယ်ဆို ခေတ်စနစ်ကောင်းချိန် ၅ နှစ်တာအတွင်းဆိုတာ ကျွန်မတို့ ပြည်သူတွေ လွတ်လပ်ခြင်း၊ ပျော်ရွှင်ခြင်းနဲ့ လူတယောက်ရဲ့ ဘဝကို ပြည့်စုံနိုင်လောက်အထိ အနေအထားမဟုတ်တောင် လူဆိုသည့် အဓိပ္ပာယ်ဖြင့် ရပ်တည်ခွင့်ရအောင် ဒီမိုကရေစီ ဆိုတဲ့စနစ်က အမြည်းစားခွင့် ရခဲ့ကြတာပါ။

ဒါကို ပြည်သူတွေ ကြိုက်နှစ်သက် ယစ်မူးနေချိန် ဘယ်အချိန် အစာကို လွယ်လင့်တကူ စားနိုင်ဖို့ ချောင်း‌နေတယ် မသိ။

မဲခိုး၊ မဲမသမာမှု ဆိုသည့် အကြောင်းပြချက်ဖြင့် အဏာသိမ်းမည် ဆိုသည်ကို သတိမမူခဲ့နိုင်သည်အထိ ပြည်သူ‌တွေ မိမိတို့အနိုင်ပန်းကို ယုံကြည်ခဲ့ကြတာပါ။

ရုတ်တရက် ကြိုတင်ပြင်ဆင်မှုမရှိတဲ့ ပြည်သူဟာ မအလ ရဲ့ ပစ်မှတ်ကို ရှောင်ကွင်းဖို့ ကြိုးစားသူရှိသလို ယနေ့အချိန်အထိ ပြန်လည်ခုခံနေသူ ပြည်သူတွေလည်း အများကြီးပါ။

ကျွန်မတို့ ပြည်သူတွေအတွက် စစ်တပ် ဆိုတာ နှစ် ၇၀ ကျော် စုဆောင်းထားတဲ့ ယုတ်မာတဲ့စိတ်က ၅ နှစ်တာ ပြည်သူတွေ ပျော်ရွှင်ခဲ့ရတာကို မနာလိုဖြစ်ရသည်အထိ ပြည်သူတွေက ဘဝသာယာခဲ့တာပါ။

အရှိတရားကိုနောက်ပြန်လှည့်မကြည့်တဲ့ မအလ ဟာ အမြဲတမ်းလိုလို ပြည်သူနဲ့ လူထုခေါင်း ဆောင်ကိုအပြစ်ပြောလေ့ရှိသလို အပြစ်မဲ့ ပြည်သူအများအပြားကို အကျဉ်းကျနိုင်သည်အထိ လိမ်လည်လှည့်ဖြားမှုမျိုးစုံကို ကျင့်ကြံအားထုတ်ရင်း ပလ္လင်ပေါ် တက်ခဲ့ရသူပါ။

အနှစ်မရှိသည့် စစ်တပ်ဟာ လက်နက်အားကြောင့်သာ အာဏာသိမ်းနိုင်ခဲ့ပေမဲ့ ယနေ့အချိန်အထိ ပလ္လင်‌ပေါ် ထိုင်ခွင့်မရဘဲ မတ်တတ်ရပ်နေရတဲ့ အနေအထားပါ။

၅ နှစ်တာ ကာလမှာလည်း ကစဉ့်ကလျားကာလ အုပ်ချုပ်ရေးဖြင့် ပြည်သူ့များ၏ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသလို ပြည်သူကို ရန်သူလို ပြုမူနေမှတော့ ဘယ်မှာလဲ ခေါင်းဆောင်တယောက်ရဲ့ အရည်အချင်း။

ဒီအရည်အချင်းတွေကို ပြည်သူက တွန်းလှန်တော့ ပြည်သူက သူ့ရဲ့ အကြမ်းဖက်ဖြစ်ရော။

အချို့သော ပြည်သူနဲ့ ကျွန်အုပ်စုများက မအလရဲ့ အုပ်ချုပ်မှု စစ်တမ်းကို ခေါင်းညိတ်တော့ အသက်ရှည် အနာမဲ့ ဘေးကင်းရန်ကွာ မိသားစုတွေ ဒီမိုကရေစီ ဆိုတဲ့ အသီးကို စားသုံးခွင့် အခွင့်အရေးတွေ ရလာကြတာပါပဲ။

မိမိနိုင်ငံမှာ မရနိုင်တဲ့ အခွင့်အရေးကို မအလကို ဆန့်ကျင်မှုကင်းအောင် နေထိုင်ခြင်မှသည် ယနေ့အချိန် အချို့သော ပြည်သူများဘဝက လှပတဲ့နေ့သစ်တွေကို အခြားသောနိုင်ငံမှာ ဖန်တီးခွင့်ရနေကြပါပြီ။

ကိုယ်လုပ်မှ ကိုယ်စားရတဲ့ သူတွေရဲ့ အပြောကသာ ကြားမကောင်းပေမဲ့ တကယ့်လက်တွေ့မှာတော့ အခု မအလခေတ်မှာ အခွင့်အရေးမျိုးစုံ ရလိုက်ကြတာပါပဲ။

အချို့ဆို ချမ်းသာကြွယ်ဝမှုနဲ့ မိမိတို့ မိသားစုတွေ ဒီမိုကရေစီနိုင်ငံမှာ အေးချမ်းစွာ နေထိုင်ခွင့် ရနေကြပါပြီ။

ကျွန်မတို့ ပြည်သူတွေကတော့ မရှိမရှား ဘဝတွေမှာ ရည်ရွယ်ချက်ကို ခုံမင်၊ ဦးတည်ချက်ကို တန်ဖိုးထား တလရ ကို ရှေးရှု။ တိုင်းပြည်အနာဂတ် အမှောင်ကို ရှိတဲ့ ဖယောင်းတိုင်လေးတွေနဲ့ မငြိမ်း‌အောင် ထွန်းညှိ။ 

ဒီလိုနဲ့ စီးဆင်းလာလိုက်တာ နောက်ဆုံး ဝါရင့်နိုင်ငံရေးသမားကြီးတွေရဲ့ အတွေ့အကြုံကို ငေးမောကြည့်၊ မိမိနဲ့ဘဝတူ ပြည်သူတွေရဲ့ဘဝကို မျှော်မှန်းကြည့်ရ၊ အတွေးပင်လယ် အသိပညာများမှာ ဘဝရဲ့ သင်ခန်းစာများစွာ သင်ယူရင်း။

ကျွန်မတို့ ကလေးတွေရဲ့ဘဝ ပညာလျှောက်လှမ်း ဖြောင့်ဖြူးပါစေ။

မအလ ရဲ့ ပိတ်ပင်မှုတွေကို ကိုယ်စွမ်း ဉာဏ်စွမ်း များစွာနဲ့ ဖြတ်ကျော်နိုင်ကြပါစေ။

ကဏ္ဍအသီးသီးမှာ အကြံသစ်၊ ခွန်အားသစ်များနဲ့ မိမိတို့ဘဝတွေကို ပြင်ဆင်နိုင်ကြပါစေကြောင်း

ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။

-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar