လင်းလက်နွေဦး - ပြည်သူ့မိခင်
ပြည်သူ့မိခင်
လင်းလက်နွေဦး
မိုးမခ ၊ မေ ၂၇ ၊ ၂၀၂၅
နှစ်ပေါင်း ရှစ်ဆယ်မှာ
ဘယ်နှနပ် ကောင်းကောင်းစားခဲ့သလဲ
ဘယ်နှရေး ကောင်းကောင်းအိပ်ခဲ့ဖူးလဲ
ဖတဆိုးကလေးဘဝ
နယ်ခြားမြေဝေး သူစိမ်းတရံတွေ ကြား
ဘဝခါးပုံတွေ ...
ထားလိုက်ပါတော့။
နယူးဒေလီ အောက်စဖို့ဒ်
ပညာရေးခရီးသည်ဘဝ...
ထားလိုက်ပါတော့။
လွတ်လပ်ရေးဗိသုကာကြီးရဲ့ ရင်သွေး
နိုင်ငံ့ခေါင်းဆောင်ကြီးရဲ့ ရင်နှစ်
တဦးတည်းသော ဗိုလ်ချုပ်ရဲ့ သွေးသား
မာနထားမယ်ဆို
'ချေ' ချင်သလို 'ချေ'နိုင်ပါရဲ့။
ကျနော်တို့ သိပ်မက်တဲ့ အိပ်မက်
တတိယနိုင်ငံမှာ လူဖြစ်ခွင့်
ဝင်ငွေကောင်းကောင်းရနိုင်တဲ့
ဘွဲ့လက်မှတ်
ကြင်နာ နားလည်ပေးမယ့် လက်တွဲဖော်
အသည်းနှလုံးပွတ်လို့ ခေါ်နိုင်တဲ့
ကိုယ်ပွားလေးတွေ...
အားလုံးကို စွန့်လွှတ်ပြီး
ရဲရဲတောက် ခုန်ချခဲ့တယ်။
မိခင်ကြီးခင်ဗျား
အထူးထူးသော ဘွဲ့တွေ ဂုဏ်ဒြပ်တွေ
ထားလိုက်ပါတော့
မျက်နှာမွဲတွေအတွက်
ကျောမည်းတွေအတွက်
နှစ်ပေါင်းများစွာ ပေးဆပ်ရဲတာနဲ့ပဲ
"ပြည်သူ့မိခင်" ဖြစ်ထိုက်ပါပြီ။
၂၆.၅.၂၀၂၅
(၁၉.၆.၂၀၂၅ ရက်နေ့တွင် ကျရောက်မည့် အမေစု အသက် ၈၀ ပြည့် မွေးနေ့အမှတ်တရ)