ဖလော်ဒါဟန် - စိတ္တရရွာ မြစ်ကမ်းဘေးနဲ့ ငလျင်
ဖလော်ဒါဟန် - စိတ္တရရွာ မြစ်ကမ်းဘေးနဲ့ ငလျင်
မိုးမခ ၊ မေ ၄ ၊ ၂၀၂၅
ဒီကနေ့ ကျွန်မရဲ့ခရီးစဉ်လေးက ငလျင်လှုပ်ပြီး တစ်လကြာပြီးချိန် ဒုဋ္ဌဝတီမြစ်ကမ်းနံဘေးက စိတ္တရ ရွာလေးဆီကိုပါ။
ကျွန်မတို့ ငယ်စဉ်အချိန်ကတော့ ကျူပင်တွေနဲ့ ကမ်းနဖူးမှာ အပြည့်မို့ ရွာကို မမြင်နိုင်ပါဘူး။
တချိန်ကဆို စိတ္တရရွာသူများ ကမ်းရဲ့ တဖက်ကမ်းကို ကူးတို့နဲ့ ကူး၊ လက်ရက်ကန်း လာခတ်ကြတဲ့အပျို အအိုတွေ အများသားလား။
ရွာရဲ့ ကူးတို့ဆိပ်ဆိုတာ အကျယ်ကြီး မဟုတ်ပါဘူး။ လူနှစ်ယောက် ရှောင်တိမ်းလွတ်ရုံလေးပါ။
ကူးတို့ဆိပ်လေးကတော့ မြေပြိုငလျင်ဒဏ်ထဲ မပါသွားပါဘူး။ နဂိုမူလအတိုင်းပါပဲ။
ကူးတို့ဆိပ်နဲ့ မနီးမဝေးအရှေ့ဘက်မှာတော့ ဆည်မြောင်းက ရေပိုက်ဆင်ထားတဲ့ ရေပေးဝေတဲ့စခန်းတစ်ခုလည်း ရှိပါတယ်။
ဒါကလည်း တည်တည်ငြိမ်ငြိမ်ပါပဲ။
ကျွန်မ ပြောချင်တာက စိတ္တရရွာ ကူးတို့ဆိပ်ရဲ့ အနောက်နားဆီက စလို့ ငလျင်ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားရတာပါပဲ။
မြေသားအနေအထားအရ ပြောရရင် ဝါးတပြန်လောက်အထိ မြေကျွံဝင်သွားတဲ့ အနေအထားပါ။
ရွာအခေါ် ကုန်းတန်းအိမ်တွေ အတော်များများနဲ့ သစ်ပင်ပင်တွေ ယိုင်လဲနေတာ တွေ့ရပါတယ်။ကျူပင်တွေလည်း ရှိပါတယ်။
နဂိုမူလကတည်းက မြေသားကြံ့ခိုင်မှု မရှိသလို ရေဝင်တဲ့ နေရာတွေ ဖြစ်နိုင်ပါတယ်။
အခုလို ကြံ့ခိုင်မှုမရှိတဲ့ မြစ်ကမ်းနံဘေးမှာ ရေတက်တာကိုသာ တွေ့ကြုံဖူးတဲ့ ဒေသခံတွေအတွက် မထင်မှတ်တဲ့အချိန် ငလျင်ဒဏ်ကို ခံရချိန်မှာတော့ ခြံ ဝင်း အိမ်ရာတွေအားလုံးနဲ့ လူ့အသက်တွေပါ ဆုံးရှုံးခဲ့ရတဲ့ အဖြစ်ဆိုး တွေကြုံခဲ့ရတယ်လို့ ထင်မိပါတယ်။
ကျွန်မအတွက် ခရီးစဉ်လေးက စိတ်မချမ်းမြေ့ဖွယ် မြင်ကွင်းတွေ ဖြစ်သလို ရပ်ရွာလူထုရဲ့ အသိပညာ ဗဟုသုတ အားနည်းတာတွေက အခုလို အဖြစ်ဆိုးတွေကို ကြုံတွေ့ကြရတာပါ။
တကယ်ဆို မြစ်ကမ်းနဖူးများနဲ့ ကပ်လျက်မှာ လူနေအိမ်တွေ ရှိနေခြင်းကြလည်း ရေကြီး မိုးကြီး လေကြီးတွေသာမက အခုလို ငလျင်ကြီးကလည်း အန္တရာယ်များစွာရှိနိုင်တယ်ဆိုတာ အတွေ့အကြုံတွေနဲ့ ဖြစ်ရပ်တွေက သင်ခန်းစာပေးလိုက်တာပါပြီ။
နောက်နောင်မှာ ကျွန်မတို့ပြည်သူတွေ မိမိကိုယ်ကိုယ် ကာကွယ်စောင့်ရှောက်နိုင်ဖို့ သဘာဝတရားကြီးက လမ်းပြနေချိန် မှာ အန္တရာယ်ကို စိန်ခေါ်နိုင်ဖို့ဆို အမှုမဲ့ အမှတ်မဲ့ မနေထိုင်ကြဖို့လည်း လိုပါလိမ့်မယ်။
ကူသူ၊ ကယ်သူတွေရဲ့ ဘဝလုံခြုံမှုကလည်း မိမိတို့စားဝတ်နေရေးအတွက် အစိတ်အပိုင်းတခုဖြစ်သလို ကျန်ရှိနေတဲ့ ဘဝလုံခြုံမှုကတော့ မိမိတို့ကိုယ်တိုင် ကာကွယ်စောင့်ရှောက်နိုင်ဖို့တော့ လိုပါလိမ့်မယ်။
ဖြစ်စဉ်တိုင်းအတွက် ပြည်သူတွေက ပိုပြီးလက်တွေ့ဘဝနဲ့ အနီးစပ်ဆုံးလူသားတွေ ဖြစ်ကြပါတယ်။ အဲဒီအတွက် လက်တွေ့ဘဝကိုပဲ ဖြတ်ကျော်နိုင်ဖို့ဆိုတာ မိမိကိုယ်သာ အားထားရာပါ။
အခုရက်ပိုင်း မိုးလေးက ဆက်တိုက်ရွာနေတော့ ကျွန်မအကြိုက် ရာသီဥတုလေးပါ။
အပူဒဏ်နဲ့ ဝေးနေတာ ကြာတော့ အပူဒဏ်ကို မခံချင်တော့ဘူး။
လူဆိုတာ ဒီလိုပါပဲ။ အသက်လည်း ရလာမယ်၊ ငွေရှာဘို့တောင် သက်သောင့်သက်သာ ဘဝလေးကိုမက်မောလာတတ်ကြတယ်။
ရာသီဥတု ဆိုလည်း အေးအေးချမ်းချမ်းနဲ့ နေရတာ ပိုနှစ်သက်လာကြတယ်။
ရာသီအလျောက် နွေအပူမှာ ကျွန်မ အပြင်ထွက်ဖို့ တွန့်တိုတတ်သလို မိုးလေးအုံ့ပျပျဆို ကျွန်မ လုပ်ချင်တာလေး စိတ်ထဲမှာ အစဉ်တစိုက် လုပ်မယ်လို့ မှတ်တေးထားတာလေးကို အကောင်အထည်ဖော်တတ်တာပါပဲ။
ကျွန်မရဲ့ စီးတော်ယဉ်လေးနဲ့ ဒုဋ္ဌဝတီမြစ်ကမ်းနံဘေးကို ခြေဆန့်ခဲ့တယ်။
ငယ်စဉ်က ပုံရိပ်တွေ မရှိတော့တဲ့ အတိတ်ဘဝလေးကို စီးမျောမိတယ်။
ကျွန်မရဲ့ အတွေးမဆုံးခင် ကူးတို့ဆိပ်နားကို ရောက်လာခဲ့တယ်။
ကူးတို့ပို့တဲ့ လှေသမားနဲ့ တွေ့ရချိန် ကျွန်မ ခရီးကို စတင်ခဲ့တယ်။
စီးတော်ယာဥ်ခက အသွား အပြန် ၂၀၀၀ ကျပ်ပါပဲ။
စက်တပ်လှေငယ်လေးတစီး မြစ်ထဲမှာ လွင့်မျောနေချိန် ကျွန်မစိတ်တွေက ကြောက်တဲ့စိတ် လွှမ်းမိုးနေလေရဲ့ ။
စက်သံက ကျွန်မ ကြောက်စိတ်ကို အနှောင့်အယှက်မပေးသလို ကျွန်မရဲ့ ခရီးစဉ်ကို တာဝန်ကျေနေတာတော့ အမှန်ပါ။
တဖြည်းဖြည်းနဲ့ ကြေကွဲစရာ ပုံရိပ်တွေက ကျွန်မမြင်ကွင်းကို စာမျက်နှာတခုအဖြစ် စတင်ချိန် နောက်တရွက်မှာလည်း ပုံရိပ်က ပြောင်းလဲမသွားပါဘူး။
စိတ္တရရွာရဲ့ ကုန်းတန်းရွာလေးမှာ မြေကြီးအောက် ဝါးတပျံလောက် ကျွံဝင်သွားတဲ့ မိသားစုအိမ်လေးရယ်၊ မြေအောက် တပိုင်းတစ ရောက်နေတဲ့ တိုက်တလုံးရယ်ကတော့ သိသာထင်ရှားလှတဲ့ မြင်ကွင်းတွေပါပဲ။
တဖြည်းဖြည်းနဲ့လူသူကင်းမဲ့ပီး တိတ်ဆိတ်နေတဲ့ မြင်ကွင်းက ကျွန်မကို စိတ်ကို ချောက်ချားစေသလို ကျွန်မနဲ့ စက်လှေဆရာ လှေငယ်လေးတစင်းသာ ရှိနေတဲ့ အသိကလည်း ကျွန်မကို ပိုအားငယ်လာသလို ခံစားလာရတယ်။
စက်လှေဆရာကို ရေငြိမ်တဲ့နေရာ ရောက်ရင် ပြန်ကွေ့ဖို့ ပြောလိုက်မိပါတယ်။
မြစ်ပြင်မှာ ရေတိုးနေတော့ ရေစီးအရှိန်ကလည်း ပုံမှန်ထက် အားကောင်းနေတယ်။
အပြန်ခရီးမှာတော့ ကျိုးပဲ့ပျက်စီးနေတဲ့ ဒုဋ္ဌဝတီမြစ်ကမ်းဘေးက ငလျင်ခံ အိုးအိမ် ခြံ သစ်ပင်တွေကတော့ အမှီအခိုကင်းလို့ ရေစီးဒဏ်ကို ခံနေကြရတယ်။
အခုလို မြစ်ပြင်ကနေကျွန်မ ငေးကြည့်ရင်း စိတ်မကောင်းစရာ အတိတ်ရဲ့ပုံရိပ်တွေ ဘယ်အချိန်မှာ ဝေဝါးသွားမလဲ။
နိုင်ငံတကာ ဆိုတဲ့ ကယ်ဆယ်ရေးသမားတွေရဲ့ နည်းပညာနဲ့ တတ်သိတဲ့ လုပ်ငန်းကျွမ်းကျင်မှုတွေကရော ကူညီဖို့ ရောက်မလာကြတော့ဘူးလား။
အခုလို လူသူကင်းမဲ့စွာနဲ့ တိတ်ဆိတ်ကြေကွဲစရာ ပုံရိပ်တွေကို ပြတိုက်ကြီးလို ပြီးဆုံးသွားမလားဆိုတာ ကျွန်မ အတွေး အငေးတွေက စိတ်မှာ ဖျောက်မရတဲ့ပုံရိပ်တွေအဖြစ် သွေ့ခြောက်နေခဲ့ပါတယ်။
အပြန်လမ်းက ရေဆန်ဆိုပေမဲ့ ကျွန်မ စက်လှေသမားက ကျွမ်းကျင်စွာ မောင်းနှင်ပြီး တဘက်ကမ်းက ကူးတို့ဆိပ်ကို ချောချာမွေ့မွေ့ အရောက်ပြန်နိုင်ခဲ့လို့ ကျေးဇူးတင်ရပါတယ်။
စက်တပ်လှေငယ်လေး စီးရင်း ငလျင်တွေ လှုပ်ခဲ့ရင် ငါ ဘယ်လိုလုပ်မလဲ ဆိုတဲ့ အတွေးကလည်းခရီးဆုံးမှပဲ ခေါင်းထဲက ထုတ်နိုင်ခဲ့တယ်။
ဒီခရီးကတော့ ကျွန်မဘဝတသက်တာမှာ မမေ့ဖျောက်နိုင်တဲ့ တမနက်တာ မြစ်ဘေး စိတ္တရရွာ ခရီးလေးအဖြစ် မှတ်တမ်းတင်လိုက်ရပါတယ်။
ကျွန်မတို့ ပြည်သူတွေရခဲ့တဲ့ အတွေ့အကြုံ ဖြစ်ရပ်တွေက ဘဝနေထိုင်မှုမှာ အကောင်းဆုံး မဟုတ်တောင် ဖြစ်သင့်တဲ့ အတိုင်းအတာတခုထိ လျှောက်လှမ်းနိုင်ဖို့တော့ လိုပါတယ်။
ဒါမှသာ လူ့အသက်တွေလည်း ကာကွယ်ပြီးဖြစ်သလို ဘဝတွေလည်း မပျက်ကြတော့ဘူး ဆိုတာလေးကို ထောက်ပြရင်း ငလျင်က ပေးတဲ့သင်ခန်းစာကို ဘဝနေထိုင်နည်းအသစ်အဖြစ် ရယူပိုင်ဆိုင်နိုင်ကြပါစေ။
သတ္တဝါအပေါင်း ကျန်းမာ ချမ်းသာကြပါစေ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar