ကောင်းဇေလူ - ငလျင်ဒဏ်သင့် ပြည်သူများထံ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီများ အချိန်မီ ရောက်စေလိုသည်
ငလျင်ဒဏ်သင့် ပြည်သူများထံ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီများ အချိန်မီ ရောက်စေလိုသည်
ကောင်းဇေလူ
မိုးမခ ၊ မေ ၄ ၊ ၂၀၂၅
မြန်မာနိုင်ငံ၌ မတ်လ ၂၈၊ ၂၉၊ ၃၀ နေ့ များက အင်အားပြင်းငလျင် လှုပ်ခတ်မှုများကြောင့် စုစုပေါင်း သေဆုံးသူအရေအတွက် ၄,၄၀၀ ကျော်အထိ ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၁၁,၀၀၀ ကျော်သည်ဟု ဆိုသည်။ ငလျင်ဘေးသင့်သူ ၁၉၀,၀၀၀ ကျော်ရှိခဲ့ပြီး နေအိမ်အဆောက်အအုံ ၅၀,၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း DVB သတင်းဌာန၏ ဧပြီ ၁၆ ရက်အထိ စုစည်းရရှိသော အချက်အလက်များအရ သိရသည်။
ငလျင်ကြောင့် မြန်မာနိုင်ငံအနှံ့အပြား ကြီးမားသော ပျက်စီးဆုံးရှုံးမှုများကို ဖယ်ရှားရှင်းလင်းရေးဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းစဉ်များသည် ၁-လ ကြာခဲ့သည့်တိုင် ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။ ဆက်လက်ဆောင်ရွက်နိုင်ဖို့ မေ ၁ ရက်မှ ၃၁ ရက်အထိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တဖက်သတ်အပစ်ရပ်ကာလအား ထပ်မံ ၁ လ သက်တမ်းတိုးလိုက်တယ်လို့ ဆိုပါတယ်။ ငလျင်နောက် ဆက်တွဲ တိုက်တာအဆောက်အအုံပျက်စီးမှုများ ရှင်းလင်းနိုင်ရန်နှင့် လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ညီနောင်မဟာမိတ် ၃ ဖွဲ့က တဖက်သတ် အပစ်ရပ်ကာလအား နောက်ထပ် ၁ လ သက်တမ်းထပ်တိုးကြောင်း ကြေညာခဲ့သည်ဟု ကြားရသည်။ ဝမ်းနည်းဖွယ်ကောင်းသည်မှာ နိုင်ငံတကာ အကူအညီများ အမြောက်အမြားပေးပို့နေသော် လည်း ငလျင်ဒဏ်သင့် ပြည်သူအများစု၏ လက်ဝယ်သို့ လုံးဝမရောက်ဟု ကြားနေရသည်။ စကစ၏ စီမံအုပ်ချုပ်နိုင်စွမ်းမရှိမှုကို ပေါ် လွင်စေသည်ဟု ဆိုရပေမည်။
တချိန်တည်းမှပင် မကြာသေးခင်က ငလျင်လှုပ်ခတ်ခဲ့သည့် ဒေသများတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများ ဘေးကင်းလုံခြုံစွာ အတားအဆီးမရှိလုပ်ဆောင်နိုင်ရေး သေချာစေရန်အတွက် လက်ရှိ အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုး၍၊ တိုးချဲ့လုပ်ဆောင်ရန်လိုသည်ဟု အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံက တိုက်တွန်းတောင်းဆိုထားသည်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်သည့်ကြေညာချက်ထဲ၌ ဝန်ကြီးချုပ်အန်နဝါအီဘရာဟင်က မြန်မာစစ်အုပ်စုနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ကို ငလျင်ဘေးအန္တရာယ်ကြောင့် ကြေညာထားသော အပစ်အခတ်ရပ်စဲရေးကို ဆက်လက် ထိန်းသိမ်းတိုးချဲ့ရန် တိုက်တွန်းထားသည်ဟု ဖော်ပြခဲ့သည်။
မလေးရှားဝန်ကြီးချုပ်က “ရှိပြီးသား အပစ်အခတ်ရပ်စဲရေးကိုထိန်းသိမ်းထားရုံသာမက တနိုင်ငံလုံး အတိုင်း အတာနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးအဖြစ် ချဲ့ထွင်ဖို့ လိုအပ်ပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးဟာ နိုင်ငံတဝန်း ဘေးကင်းလုံခြုံပြီး ဘက်မလိုက်ဘဲ ထိရောက်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုတွေကို ချောမွေ့စေဖို့အတွက် မရှိမဖြစ်လိုအပ်သလို မြေပြင်မှာလုပ်ဆောင်နေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့ ဆေးဘက်ဆိုင်ရာ အဖွဲ့တွေရဲ့ လုံခြုံမှုနဲ့ လုံခြုံရေးကိုလည်း သေချာစေပါတယ်” ဟု ပြောကြားခဲ့သည်။
ဤအတောအတွင်း တရုတ်နိုင်ငံအနေဖြင့် မြန်မာအရေး ကြားဝင်ဖျန်ဖြေမှုများသည် စစ်အာဏာရှင်စနစ်သက်ဆိုးရှည်အောင် ပံ့ပိုးသကဲ့သို့ မလုပ်သင့်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ၊ ယာယီသမ္မတ ဒူဝါလရှီးလ က ပြောကြားလိုက်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ ၁၃ /၂၀၂၅ အစိုးရအဖွဲ့အစည်းဝေးကို ဧပြီ ၂၉ ရက်နေ့မှာ ပြုလုပ်ခဲ့ရာ ယာယီသမ္မတက အခုလိုထည့်သွင်းပြောကြားလိုက်ခြင်း ဖြစ်သည်။
"တရုတ်ရဲ့ မြန်မာ့အရေး ကြားဝင်ဖျန်ဖြေမှုတွေဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် မဖြစ်စေသင့် ဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အပါအဝင် တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေအနေနဲ့လည်း တရုတ်ရဲ့ ကြားဝင် ဖျန်ဖြေမှုတွေနဲ့ပတ်သက်ပြီး၊ ဖြစ်သင့် ဖြစ်ထိုက်တဲ့ မူတွေအပေါ်မှာအခြေခံဖို့ ကျွန်တော်တို့အားလုံး တိုက်တွန်းနှိုးဆော်သင့်တယ်လို့ယူဆပါတယ်" ဟု ယာယီသမ္မတက ပြောကြားခဲ့သည်။
တရုတ်အနေဖြင့် မြန်မာ့အရေးတွင်တက်တက်ကြွကြွဝင်ရောက်ဖျန်ဖြေမှုကိုမငြင်းပယ်သော်လည်း တစ်ဖက်မှာလည်း ယခုထက် ပိုမိုကျယ်ပြန့်သော ချဉ်းကပ်မှုမျိုးဖြင့် ကြားဝင်ဖျန်ဖြေမှသာ ရေရှည်အတွက် ဆေးနည်းကောင်းမည်ဟုဆိုသည်။ တရုတ်နိုင်ငံ၏လက်ရှိလုပ်ရပ်များက မြန်မာ့အရေးကို လတ်တလောအနာ သက် သာရုံ “ဆေးမြီးတို လောက်ဖြင့် ကျေနပ်တင်းတိမ်ရမည်ကဲ့သို့ ဖြစ်နေသည်ဟုလည်း ယာယီသမ္မတက ပြောကြားလိုက်သည်။
နွေဦးတော်လှန်ရေးသည် ပြည်သူလူထုတစ်ရပ်လုံး၏ လွတ်လပ်ရေးနှင့် ပြည်သူ့အကျိုးစီးပွား အပြည့်အဝ ရရှိရေးအပေါ်၌ အခြေခံကြောင်းလည်း ယာယီသမ္မတက ပြောကြားခဲ့သည်။
ထို့အပြင် တရုတ်အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရအပေါ် အမျိုးမျိုးသော ထင်ကြေးများနှင့် ချဉ်း ကပ်ထင်မြင်နေသည်မှာ ကြာပြီဖြစ်ကြောင်း၊ အစိုးရအဖွဲ့အနေဖြင့် ယင်းအချက်ကိုလည်း လေးနက်စွာ ကိုင် တွယ်ဖြေရှင်းရန်လိုကြောင်း၊ NUG အစိုးရအဖွဲ့သည် “တရုတ်၏ရန်သူမဟုတ်ကြောင်း ၊ “တရုတ်ရဲ့ အကျိုး စီးပွားကို ထိခိုက်စေမည့်အဖွဲ့မဟုတ်ကြောင်းဆိုသည်ကို တိတိကျကျ ထုတ်ဖော်ပြောဆိုရန် လိုကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရသည် တရုတ်နှင့် ပတ်သက်လျှင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို အခြေခံသည့် နိုင်ငံခြားရေးသဘောထားရှိကြောင်း၊ ထို့ကြောင့် အစိုးရအဖွဲ့သည် တရုတ်၏ရန်ဘက် အင် အားစုမဟုတ်ကြောင်း ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြသသင့်ကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ တရုတ် ၏အကျိုးစီးပွားများနှင့်ပတ်သက်ပါကလည်း အမျိုးသားညီညွတ်ရေးအစိုးရသည် တရုတ်အတွက် ဆူးညှောင့်ခလုတ်အဖြစ်ရှိနေမည်မဟုတ်ဘဲ မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းကို တရုတ်ဘက်သို့ သတင်းစကားပါးသင့်သည်ဟုလည်း ယာယီသမ္မတက ပြောကြားခဲ့သည်။
အကြမ်းဖက် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် (၅၂) လ ကျော်လာသည်အထိ နိုင်ငံကို ထိန်း ချုပ်နိုင်စွမ်းမရှိကြောင်း တနေ့တခြား ပိုမိုပေါ် လွင်လာသည်။ တိုင်းပြည်အနှံ့စစ်တပ် ဆန့်ကျင်တွန်းလှန်ရေး လက်နက်ကိုင်ခုခံမှုအများအပြားကိုရင်ဆိုင်နေ ရပြီး၊ နယ်မြေစိုးမိုးနိုင်မှု ၂၅ ရာခိုင်နှုန်း အောက်သို့ပင် ကျဆင်းလာနေသည်။ လေကြောင်းတိုက်ခိုက်မှု၊ အတွဲလိုက်ဒုန်းများအပါအဝင် လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများဖြင့် ကြိုးပမ်းခုခံခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ။ အကြမ်းဖက် စစ်တပ်အုပ်ချုပ်ရေးကို နိုင်ငံတကာကလည်း အသိအမှတ်မပြုသဖြင့် တရားမဝင်အုပ်ချုပ်နေတဲ့စစ်အုပ်စုအဖြစ် အရှက်ရနေရပြီဖြစ်သည်။ တရားမဝင် စစ်အုပ်ချုပ်ရေးမှ ရုန်းထွက်ရန် ထွက်ပေါက်ရှာခဲ့သော်လည်း စစ်ရာဇဝတ်မှုများကို ထပ်တလဲလဲ ကျုးလွန်မိ လျှက်သား ဖြစ်နေသည်ကိုတွေ့ရသည်။
မြန်မာနိုင်ငံတွင် မျက်မှောက် ဖြစ်ပွားနေသော လက်နက်ကိုင်တိုက်ပွဲများသည် ငြိမ်းချမ်းစွာ ဆန်ဒပြခွင့် မရ၍ ရသည့် နည်းကို ကျင့်သုံးရခြင်းဖြစ်သည်။ ပြည်တွင်းစစ်ဟု အနက်မဖွင့်စေလိုပါ။ ခေတ်စနစ်ကို ပြုပြင်ပြောင်းလဲလိုသည့် မျိုးဆက်သစ်လူငယ်တိုံ၏ "တော်လှန်ရေး" (နွေဦးတော်လှန်ရေး) ဖြစ်သည်။ စစ်အာဏာရှင်စနစ်ကို မလိုလားတော့၍ တွန်းလှန်နေသော တော်လှန်ရေးဖြစ်သည်။ ဤအခြေအနေမှန်ကို လုးဝမျက်ကွယ်ပြု၍ တရုတ်၊ ရုရှားနှင့်အာဆီယံအဖွဲ့တို့က ပြည်တွင်းစစ်အဖြစ် ပုံဖော်နေကြသည်။ ယင်းလုပ်ရပ်သည် မြန်မာပြည်သူတို့အား အလေးမထားဘဲ စစ်အာဏာရှင်၏ စစ်ရာဇဝတ်မှုများကို ထောက်ခံအားပေးရာရောက်နေသည်။
အထူးသဖြင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ၏လွဲမှားသော မှတ်ချက်များသည် မြန်မာနိုင်ငံကို ကျွန်ပြုသိမ်း ပိုက်လိုသော သဘောဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်တပ်သည်သာ အားကိုးအာထားထိုက်သော အဖွဲ့အစည်းဟု ဆိုခြင်း၊ စစ်တပ်၏ အခန်းကဏ္ဍကို မည်သည့် ပါတီ အဖွဲ့အစည်း လူပုဂ္ဂိုလ်နှင့်မျှ အစားထိုး၍ မရနိုင်ဟု ဝမ်ယီ က လွန်လွန်ကဲကဲ မှတ်ချက်ပြုခြင်း၊ လွဲမှားသော ကောက်ချက်များဖြင့် နွေဦးတော်လှန်ရေးကို အမေရိကန်က ကြိုးကိုင်နေသယောင် ပြောဆိုခြင်း စသည်တို့ကို ကြည့်ခြင်းအာဖြင့် တရုတ်ခေါင်းဆောင်များ၏ နိုင်ငံခြားရေး အမြင်ညံ့ဖျင်းလှသည်ကို မြင်နေရသည်။
ယခုလည်း နိုင်ငံကို လေးပုံ တစ်ပုံမျှပင် မစိုးမိုးနိုင်တော့သည့် မင်းအောင်လှိုင်အား ရွေးကောက်ပွဲ မဖြစ်မနေလုပ်ရန် လမ်းကြောင်းပေးနေပြန်သည်။ တရားမဝင်သည့် အာဏာသိမ်းစစ်အစိုးရကို နည်းမျိုးစုံကူညီပံ့ပိုးနေသည့် တရုတ်ခေါင်းဆောင်များသည် စစ်ရာဇဝတ်မှုကျူးလွန်သူနှင့် အမှုတွဲနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ပြည်တွင်းရေးဖြစ်စဉ်ကို ရှီကျင့်ဖျင်-ဝမ်ယီအစိုးရက လမ်းပြမြေပုံဆွဲကာ ဖိအားပေးနေမှုကို ရပ်သင့်ပြီဖြစ်သည်။ မြန်မာပြည်သူလူထု၏လိုလားတောင်းဆိုချက်များကို မသိချင်ယောင်ဆောင်မနေပါနှင့်။ မြန်မာပြည်သူတို့၏သဘောထားကိုမျက်ကွယ်ပြ၍ တရုတ်အစိုးရက မြန်မာပြည်၌ အတုအယောင် ရွေးကောက်ပွဲဖြစ်အောင် မတော် မတရားနည်းများဖြင့် ကူညီလာပါက မြန်မာပြည်သူတို့၏ ခုခံဆန့်ကျင်မှုကို ခံရပါလိမ့်မည်။ တရုတ်မုန်းတီးရေး ကြီးထွားလာပါလိမ့်မည်။
နောက်တကြိမ် ထပ်ပြောပါမည်။ မြန်မာနိုင်ငံတွင် မျက်မှောက်ဖြစ်ပွားနေသော ပဋိပက္ခများသည် ပြည်တွင်း စစ်မဟုတ်ပါ။ ခေတ်စနစ်ကို ပြုပြင်ပြောင်းလဲလိုသည့် မျိုးဆက်သစ်လူငယ်တို့၏ "တော်လှန်ရေး" (နွေဦးတော်လှန်ရေး) ဖြစ်ပါသည်။ မြန်မာလူငယ်မျိုးဆက်များအနေဖြင့် စစ်အာဏာရှင်စနစ်ကို အလိုမရှိပါ။ ထို့ကြောင့် လက်ရှိ အခြေအနေသည် စစ်အာဏာရှင် မင်းဆောင်လှိုင်ကို တွန်းလှန်နေသောတော်လှန်ရေးဖြစ်သည်။ တရုတ်အစိုးရက သတ်မှတ်ပြောဆိုနေသကဲ့သို့ "ပြည်တွင်းစစ်" မဟုတ်ပါ။ မြန်မာနိုင်ငံ၏ ပြည် တွင်းရေးဖြစ်စဉ်ကို ရှီကျင့်ဖျင်-ဝမ်ယီအစိုးရက ပုံဖျက်၍ ပြည်တွင်းစစ်ဟု ဝါဒဖြန့်နေခြင်းကို ရပ်ပါ။ စစ်ကောင်စီ ကျူးလွန်နေလျက်ရှိသော ရာဇဝတ်မှုများ အဓမ္မစစ်သားစုဆောင်းမှုများကြောင့် မြန်မာပြည်သူတို့၏လူမှုစီးပွားဘဝ အလွန်အမင်းထိခိုက်ပျက်စီးနေသည်။ မြန်မာလူငယ်များ ပြည်ပနိုင်ငံများအထိ နေရပ်စွန့်ခွာမှု စစ်ဘေးရှောင်မှုများတိုးတက် များပြားလာနေသည်။ အာဆီယံဒေသတွင်းမတည်ငြိမ်မှုများ တိုးပွားလာပြီး အခြေအနေပိုမိုဆိုးရွားနေသည်။
မြန်မာပြည်သူများ လက်ရှိခံစားနေရသည့် ဆင်းရဲဒုက္ခများကို အမြန်ဆုံးကုစားနိုင်ရေးအတွက် တရုတ်နှင့် အာဆီယံအပါအဝင် နိုင်ငံတကာလူ့အဖွဲ့အစည်းများအနေဖြင့် တိုင်းရင်းသားအင်အားစုများ၊ တော် လှန်ရေးအင်အားစုများ၏တော်လှန်ရေးကို ထောက်ခံသင့်သည်ဟု တိုက်တွန်းလိုသည်။ သို့မှသာ ငလျင်ဒဏ်သင့် ပြည်သူအများစု၏လက်ဝယ်သို့ နိုင်ငံတကာမှပေးပို့သော လူသားချင်းစာနာထောက်ထားမှုဆိုင် ရာအထောက်အပံ့များလည်း ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ပါလိမ့်မည်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar