Breaking News

လေးလေး - ဆိပ်ကမ်းရေဒီယို စိုအောင်သည်း


လေးလေး - ဆိပ်ကမ်းရေဒီယို စိုအောင်သည်း

မိုးမခ ၊ မေ ၂ ၊ ၂၀၂၅


“အဆိုပါမိုး”

ပူပါတယ်ဆိုလို့

ကိုယ် ပို့လိုက်သည့်မိုး။

လွမ်းစရာ

ပန်းကဗျာတွေလည်း ပါတာမို့

ပျော်ပျော်သာ  ချိုး။ 

သန်းတင့်ရဲ့ “ဆိပ်ကမ်းရေဒီယို”က ဒီလို ကဗျာလေးတွေ၊ “မိုးရဲရင် ဆောင်းရဲရမယ်”သီချင်းလိုမျိုးတွေကို သူ ခံစားမိသလို ရေးဖွဲ့ထားတဲ့ အက်ဆေးဆန်ဆန် စာတွေပါပဲ။ စာရေးသူကတော့ ခုလို ဆိုထားတာ ဖတ်ရတယ်။ 

“ဆိပ်ကမ်းရေဒီယိုဆိုသည်မှာ နှစ်တော်တော်ကြာကြာက ကျနော် ရေးဖြစ်ခဲ့သော ကဗျာတပုဒ်၏ ခေါင်းစဉ် ဖြစ်ပါသည်။ ကဗျာတပုဒ်လုံးတော့ဖြင့် မမှတ်မိတော့ပါ။ ကဗျာထဲ၌ မြစ်ကျိုးအင်းလေးတခု ပါဝင်ပါသည်။ နွံတွေကလည်း အသေ၊ ရေကလည်း အသေ၊ လူတွေ မဆိုကြ မသိကြတော့သည့် သီချင်းပုန်းလေးတွေကို ဆိုညည်းရင်း မြစ်မကြီးတခု၏နောက်ဝယ် လူမသိ သူမသိ ခွေခွေလေးအိပ်နေတတ်သည့်အကြောင်း ရေးဖြစ်ခဲ့တာတော့ မှတ်မိနေသေးသည်။ ယခုလက်ရှိ ကျနော့်အခြေအနေသည်လည်း ဆိပ်ကမ်းရေဒီယိုမျှသာ ဖြစ်သည်”။

သူ ခံစားရေးဖွဲ့ထားတဲ့ သီချင်းလက်ရာရှင်တွေက ကိုစောညိန်း၊ မြို့မငြိမ်းကနေ ကိုနေဝင်း၊ ဖိုးချို၊ ကိုသန်းလှိုင် ကနေ အလွမ်းသီချင်းရေးတဲ့ မောင်ကျော်ဇောနဲ့ စိုင်းခမ်းလိတ်အထိ ပါတယ်။ ရေဒီယိုစကားနဲ့ ပြောရင် ခေတ်ဟောင်းတေးတွေ ပါသလို၊ နှစ်နှစ်ဆယ်တေးတွေလည်းပါ၊ ရော့ခ်သီချင်း ပါသလို ကိုယ်ပိုင်သံစဉ်သီချင်းတွေလည်း ကြားရ ၊ “စကားဝါမြေ”လို ရေဒီယိုသီချင်းလည်း ပါလေရဲ့။

သူ့အရင် အခုလိုသီချင်းတွေကို ခံစားရေးဖွဲ့ထားတာတွေ ဖတ်ဖူးတယ်၊ များသောအားဖြင့်တော့ သီချင်းစာသားနဲ့ သံစဉ်တေးသွားအပေါ် ခံစားရေးဖွဲ့ကြတယ်။ သန်းတင့်ကတော့ ဒီလိုချည်း မဟုတ်။ သူ ရပ်နားတဲ့ ဆိပ်ကမ်းတချို့က ဇာတ်လမ်းလေးတွေပါ ထည့်သွင်းရေးဖွဲ့ထားတော့ ဝတ္ထုတိုတပုဒ် ဖတ်နေရသလိုလိုမျိုးလည်း ခံစားပြီး ဖတ်ရတယ်။ ရှေးဖြစ်ဟောင်းအောက်မေ့ဖွယ် လည်ပြန်အလွမ်းတွေလည်း ပါတယ်။ ခေတ်ကို ထင်ဟပ်ထားတဲ့ မွန်းကျပ်မှုတွေလည်း မြင်ရ ကြားရ။ ဒီထဲ အမေကြီးနဲ့ မြေးဦးတို့ရဲ့နတ်ပြည်ခြောက်ထပ်အကြောင်း ရေးဖွဲ့ထားတာကတော့ ကြည်ကြည်နူးနူး ဖတ်ရပြီး စိတ်ထဲ အေးချမ်းမှုကိုပါ ခံစားလိုက်ရတယ်။

သူတို့ ပင်လယ်သူပင်လယ်သားတွေက မြေးဦးကို မောင်မောင် လို့ ခေါ်ပါသတဲ့။ မောင့်မောင့် အဘွားရဲ့ နောက်ဆုံး အချိန်တွေ ဖြတ်သန်းခဲ့တဲ့ ရက်တွေ လတွေမှာ မောင်မောင်က အဘွားနား ကပ်နေခဲ့တယ်။ “ယခင် ကိုးကျင်း ကိုးကျောင်း ခြေရှည်နေတတ်သော ကျနော်က အမေကြီးနားမှာ တဝဲလည်လည် ပွတ်သီးပွတ်သပ်ဖြင့် ဟိုးအရင်ကလို မြေးပေါက်စနလေးအဖြစ် ကြည်နူးပျော်ရွှင်စွာ နေထိုင်ဖြစ်ခဲ့သည်။”

အမေကြီးက နတ်ပြည် ရောက်ချင်သူ၊ ဒီတော့ မြေးဦးဖြစ်သူ မောင်မောင်ကို တရားဟောခိုင်းတော့ ရူးနှမ်းနှမ်းနဲ့ လူရေးစကားတတ် မြေးဖြစ်သူ ပြောသမျှ အမေကြီးက သဘောတွေကျ။ အမေကြီးက နတ်ပြည်ခြောက်ထပ်ရှိတာလောက်တော့ သိပေမယ့် ဘယ်အထပ်မှာ ဘယ်နတ်တွေနေ ဆိုတာကျ မသိ။ ဒီတော့ မြေးဖြစ်သူက “ကဲ ..ဒီလိုဖြင့် စတုမဟာရာဇ်ဆိုတာ နတ်ပြည်ပထမထပ်၊ လူ့ပြည်နဲ့အနီးဆုံးပေါ့၊ နီးဆို လူစော်လူနံ့တောင် တခါတလေ နံတယ်တဲ့၊ မောင်မောင်တို့က လူ့ပြည်မှာ ကျန်နေခဲ့တာဆိုတော့ နီးနီးနားနား နေချင်ရင် အဲဒီအထပ်မဆိုးဘူး..”။

အမေကြီးက ပြုံးပြီး နားထောင်တယ်။ အပေါ်ဆုံးထပ်ကို သွားဦးမလားဆိုတော့ အဲဒီမှာ ဘာတွေရှိလို့လဲလို့ အမေကြီးက မေးပြန်။ “အပေါ်ဆုံးထပ် ဝဿဝတ္တီ က အလှပဂေးလေးတွေချည်းပဲ နေကြသတဲ့။ သီချင်းထဲမှာတောင်ထည့် စပ်ကြတယ်လေ၊ ဝဿဝတီနတ်ပြည်က နတ်သမီးလေးလို လှပါတယ်ဆိုတာ ကြားဖူးတဲ့ဟာကိုဟု ကျနော် ပြောလိုက်သည့်အခါ “နင်က ငါ့ကိုပဲ မေးနေတယ်၊ နင်ရော ဘယ်အထပ် သွားချင်လဲဆိုတော့ ကျနော့်မှာ ဘေးကျပ်နံကျပ်။”

တကယ်တော့ မြေးဖြစ်သူ ကဗျာဆရာက နတ်စိမ်းဖြစ်ချင်သူ၊ နတ်သီချင်း၊ နတ်တီးလုံးတွေကို နှစ်သက်သူ။ 

“ကျနော်တို့တွင်လည်း အမြူးအကြွနှင့် ထန်တင်းမာန်ပြင်းသော တက်ကြွအားတက်ဖွယ် နတ်ဒိုးများ နတ်သီချင်းများ ရှိခဲ့ကြပါသည်။ နှစ်ပေါင်းထောင်ချီ လက်ဆင့်ကမ်းလာသော ထိုနတ်ဒိုး နတ်သီချင်းများသည် ကျနော့်ကို တမျိုးတဖုံ ဆွဲဆောင်နေတတ်ပြန်သည်။ ကျနော့် နတ်စိမ်းဖြစ်ချင်သောစိတ်ကို အတွန်းပို့နိုင်ဆုံးသော  နတ်ချင်းမှာ ဂီတလုလင်မောင်ကိုကို၏ “စံကားဝါမြေ”သီချင်းဖြစ်သည်။”

နားထဲ ရီရီသန့်ရဲ့စိမ်းစိမ်းညို့ညို့ မို့မို့မှိုင်း သီချင်းသံ တန်းကြားယောင်တယ်။ သန်းတင့်ကတော့ “ငှက်ပျောညွန့် ရောင် ကဗျာနတ်စိမ်းလေးအဖြစ် ကျော်ကြားချင်နေပါသေးတယ်။ 

စိတ်လေးလံ ပေါ့ပါးမှုတွေနဲ့ ခံစားတတ်တာတွေအကြောင်း ပြောပြန်တော့ ပေါးပါးမှုသင်ခန်းစာတွေ သင်ပေးခဲ့သူ နှစ်ယောက်အ‌ကြောင်းက စိတ်ဝင်စားဖို့ကောင်းနေပြန်တယ်။ သူ့ထက် လေးနှစ်လောက် ငယ်တဲ့ ဝေစိုး ဆိုသူ ကျောင်းသားလေးက ကျောင်းပိတ်ရက်တွေဆို အပျော်ကြီး ပျော်တတ်သူ၊ ဝေစိုး လို ကျောင်းပိတ်ရက် မျှော် ပျော်တတ်သူမျိုး သူ့ဘဝမှာ တခါမှ မတွေ့ဘူး။

သူများတွေက သောကြာနေ့ ကျောင်းဆင်းချိန်ကျမှ ပျော်ပျော်ပါးပါး အိမ်အပြန် ခြေလှမ်းသွက်တာ။ ဝေစိုးက သောကြာနေ့ ကျောင်းသွားကတည်းက “ဒီနေ့ ကျောင်းပိတ်ပြီကွလို့ တလမ်းလုံးကြားအောင် အော်ဟစ်ပြီး ချီတက်သွားတတ်သူ။

တနင်္လာနေ့ဆိုရင်တော့ ဝေစိုးတယောက် လေးလံတဲ့ ခြေလှမ်းတွေနဲ့ ကျောင်းတက်မယ်ထင်နေလား…။မှားမယ်။ ကျောင်းပိတ်ဖို့ လေးရက်ပဲလိုတော့တယ်ကွ လို့ အော်ဟစ်ပျော်ရွှင်ပြီး အားနဲ့မာန်နဲ့ ချီတက်လေ့ရှိတယ်။

”သူက လေးရက်သာ ကျန်သည် ဆိုသော်လည်း တနလ်ာနေ့အတွက် ကျောင်းတက်ရန်က ခုမှ အိမ်က ထွက်ခါစပင် ရှိပါသေးသည်။ မည်သို့ပင်ဖြစ်စေ ဝေစိုး ကိုကြည့်၍ ကျနော်တို့အားလုံး ပေါ့ပါးပျော်ရွှင်ခဲ့ကြရသည်။ သူ့ဝန်ထုပ်ဝန်ပိုးကို သူကိုယ်တိုင် လျှော့ချသွားပုံက ချစ်စရာပင် ကောင်းနေသေးတော့သည်။”

နောက်တယောက် မိစံ ဆိုတဲ့ ဝေစိုးနဲ့ ရွယ်တူ ကျောင်းသူလေး၊ သူ စာကျက်ပုံက ထူးခြားသည်။ 

“ဥပမာတခုဆိုလျှင် ကျန်စစ်သားသည် တိုင်းသူပြည်သားတို့အား လကင်ယာလက်ဖြင့် အဝတ်အထည်တို့ကို ပေးသည်၊ ကွင်းစ၊ မှန်တယ်၊ ကွင်းပိတ်၊” ဒီလို စာကျက်ပုံမျိုးနဲ့ အကျယ်ကြီး အော်ကျက်တတ်သော မိစံ။ ဘယ်သူကြားလို့ ဟားဟား မိစံက မမှု၊ ဘယ်သူ့ဂရုစိုက်ရမှာလဲ ဆိုတဲ့အထာနဲ့ နေတတ်သူ။” 

ဝေစိုးနှင့် မိစံသည် သူတော်စင်များ မဟုတ်ကြပါ။ ကျနော်သည်လည်း သွက်သွက်ခါသော အဆင့်ထိ မရောက်သေးပါ။ သို့သော် သိပ်ပြီး ဦးနှေက်မခြောက်နဲ့ ဘဝဟာ ခဏပါဟု လေကလေး ချွန်ချင်နေမိပါသည်။ ရင်ထဲမှာ ပေါ့ပေါ့လေးသာပဲ ထားချင်နေမိသည်။”


အဆိုပါမိုး

ထားရစ်ခဲ့ပြီပေါ့

မကြားဖြစ်တော့တဲ့ သီချင်းတွေ တယောက်တည်းဆို။


ဒီအငို ဘယ်သူချော့မယ်လို့

တိတ်တော့ကွယ် မျက်ရည်သိမ်းကာမှ

ထိန်းနိုင်ဘူး တိမ်ကပြို။


အင်းလေးမှာဖြင့် မိုးတွေညို

အငြှိုးနှင့်ကို စိုအောင်သည်း။


နယ်ကျွံသူ ဒီဇာတ်လမ်းမှာ

လွမ်းစရာ ပန်းကဗျာတွေနဲ့တောင်

လွဲခဲ့ပြီပဲ။

သန်းတင့် ဖေ့စ်ဘွတ်မှာ ဆိပ်ကမ်းရေဒီယိုတွေ အသံထွက်နေပြီ။ 

သန်းတင့်ရဲ့ ဆိပ်ကမ်းရေဒီယို ၂၂ပုဒ်ပါ စာအုပ်ကို ဆန်းစသော်တာစာပေက ၂၀၂၅  ခုနှစ်၊ ဧပြီလမှာ ပထမအကြိမ်၊ အုပ်ရေ ၅၀၀ ထုတ်ဝေပြီး စာအုပ်တန်ဖိုးက ကျပ် ၈၀၀၀။ ဧပြီလထဲမှာပဲ ဝယ်ဖတ်လို့ရအောင် တင်ရောင်းပေးတဲ့ မဲဆောက်က WL စာအုပ်ဆိုင်ကိုလည်း ကျေးဇူး တင်တယ်။ တအုပ် ဘတ် ၁၀၀ နဲ့ ဝယ်ဖတ်လို့ရပါတယ်။ 



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar