လေးစမ်းဝင်း - ဦးထွန်းလွင်ကို သတိရတယ်
လေးစမ်းဝင်း - ဦးထွန်းလွင်ကို သတိရတယ်
မိုးမခ ၊ မေ ၂ ၊ ၂၀၂၅
ဧပြီ ၂၈ ရက်ကနေ မေ ၃ ရက်အထိ တစ်နိုင်ငံလုံးမှာ အချိန်အခါမဟုတ် မိုးရွာမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဧပြီလ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။ ငလျင်ဘေးဒဏ်သင့်ဒေသတွေအတွက်တော့ ဘူးလေးရာ ဖရုံဆင့်စေမယ့် မိုးလေဝသဖြစ်စဉ်တွေပါပဲ။ အချိန်အခါမဟုတ် ရွာတဲ့မိုးကြောင့် လေပြင်းတိုက်တာ၊ မိုးထစ်ချုန်းရွာတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာနဲ့ မြေပြိုတာတွေလည်း ဖြစ်နိုင်တယ်လို့ မိုးဇလက ကြိုတင်သတိပေးတယ်။ ငလျင်ဒဏ်ကြောင့် ပြိုမလို ဖြစ်နေတဲ့ တိုက်တွေ မိုးကြောင့် ပြိုကျနိုင်တယ်လို့ ဆိုလိုတာပါ။
ဒီလို ထူးခြားမိုးလေဝသသတင်းတွေ ကြားရင် သွားလေသူ မိုးလေဝသပညာရှင် ဦးထွန်းလွင်ကို သတိရတယ်။ ဆရာသာ ရှိသေးရင် အခုလို အချိန်ဆို နေ့မအိပ် ညမအိပ်နဲ့ မိုးလေဝသ သတင်းတွေကိုသူ့ ဖေ့စ်ဘွတ်ကနေ မနားမနေ ထုတ်ပြန်ပေးနေမှာ မြင်ယောင်မိပါတယ်။ မုန်တိုင်းလို သဘာဝဘေးကျတော့မယ်ဆို ဆရာက အဲဒီလိုပဲ နေ့မအိပ်ညမအိပ် သတင်းတွေ အဆက်မပြတ် ထုတ်ပြန်ပေးခဲ့တာ မဟုတ်လား။
ကုလ အပါအဝင် ဆေးပညာရှင်တွေ သတိပေးနေတာက ငလျင်ဘေးကျပြီးတာ တလကြာချိန်အထိ ငလျင်ဒဏ်သင့်ပြည်သူတွေဟာ ယာယီတဲတွေမှာပဲနေထိုင်နေကြရတယ်။ ပြီးတော့ ကြိုတင်ကာကွယ်နိုင်တဲ့ ရောဂါတွေ ဖြစ်ပွားပျံ့နှံ့နိုင်တယ်ဆိုတဲ့ နှစ်ချက်ပါ။ အခု အချိန်အခါမဟုတ်ရွာတဲ့မိုးက ဒီနှစ်ချက်စလုံး ဖြစ်ဖို့ ရွာတဲ့မိုး ဖြစ်လာနိုင်နေတယ်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (DMC) ရဲ့ ထုတ်ပြန်ချက်အရ မတ်လ ၂၈ ရက်နေ့မှာ လှုပ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြီးကြောင့် လူဦးရေ ၆ သိန်းကျော် ငလျင်ဘေးကြုံတွေ့ခဲ့ရ၊ကိုယ့်အိမ်မှာပဲ ဆက်နေသူက ၄ သိန်းကျော်ရှိ၊ ကယ်ဆယ်ရေးစခန်း ၁၃၀ ကျော်မှာ သွားခိုလှုံနေသူက ၅ သောင်းကျော် ရှိပါတယ်။ နီးစပ်ရာ ဆွေမျိုးသားချင်းတွေအိမ် သွားနေသူတွေက ၁ သိန်းကျော်။
ကုလစာရင်းအရ ဟင်းလင်းပြင်မှာ နေထိုင်နေရသူ ၆ သောင်းကျော်ရှိ ဆိုတာ ရှိပါသေးတယ်။ ဒါ မန္တလေး တမြို့ထဲက စာရင်းပါ။ဒီလူ ၆ သောင်းကျော်အတွက် အိမ်ရာ တသောင်းကျော် ပြန်ဆောက်ပေးဖို့ရှိတယ်လို့လည်း ဆိုတယ်။
ယာယီစခန်းတွေမှာ ခိုလှုံနေထိုင်နေရသူတွေဟာ အခုရွာတဲ့ အချိန်အခါမဟုတ်မိုးဒဏ်ကို အဓိကခံစားကြရနိုင်ပြီး မိုးကြောင့် နောက်ဆက်တွဲရောဂါတွေ ဖြစ်ပွားလာရင်လည်း သူတို့ပဲ အဓိကဖြစ်ပွားဖို့ရှိနေတယ်။ မန္တလေးမြို့တွင်းက အောင်မြေသာစံ၊ချမ်းအေးသာစံနဲ့ မဟာအောင်မြေ မြို့နယ်တွေမှာ အိုးအိမ်ပျက်စီးတာ၊ လူသေဆုံးတာ အများဆုံးပဲလို့ မြို့ခံပရဟိတသမားတယောက်က မီဒီယာကို ပြောတယ်။
သူတို့အားလုံးလိုလိုဟာ လူလတ်တန်းစားတွေ ဖြစ်လို့ သူတို့ဘာသာ အိမ်ပြန်ဆောက်ဖို့ မဖြစ်နိုင်ဘူးလို့လည်း ပြောတယ်။ အိုးအိမ်ပျက်စီးသွားတဲ့ သူတွေအတွက် ပြန်လည်တည်ဆောက်ဖို့ အချိန်ကာလအားဖြင့် ၆ လကနေ တနှစ်လောက်ထိ ကြာနိုင်တယ်လို့ UN က ခန့်မှန်းထားတယ်။
ဒီ ၆ လ၊ ၁ နှစ်ဆိုတဲ့ အချိန်အတောအတွင်းမှာ မိုးဥတုနဲ့ ဆုံပြီး မိုးကြောင့်ဖြစ်မယ့် နောက်ဆက်တွဲရောဂါဒဏ်တွေကိုပါ တိုက်ရိုက်ခံစားကြရနိုင်တယ်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA က ငလျင်ဘေးသင့်ပြည်သူတွေ အရေးပေါ်လိုအပ်ချက် ၆ ခု ရှိတယ်။အရေးပေါ် ခိုလှုံရာနေရာ၊ အစားအစာ၊ ငွေသား၊ စိတ်ချရတဲ့ သောက်ရေနဲ့ အိမ်တွင်းရေအရင်းအမြစ်၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ သန့်ရှင်းရေးအထောက်အပံ့တွေလို့ ထုတ်ပြန်ပြောဆိုထားတယ်။ UNOCHA က နေပြည်တော် အပါအဝင် တိုင်းနဲ့ပြည်နယ် ၇ ခုရဲ့ မြို့နယ် ၄၀ က လူဦးရေ ၈၅၇,၀၀၀ ကို စစ်တမ်းကောက်ယူခဲ့ရာမှာ ထက်ဝက်လောက် အကူအညီတွေ မရကြသေးဘူး။
အခု ပြောခဲ့တဲ့ ကိန်းဂဏန်းအချက်အလက်တွေ ကြည့်ရင် ငလျင်ကြီးရဲ့ နောက်ဆက်တွဲ ရာသီဥတုဒဏ်နဲ့ ရောဂါကူးစက်မှုဒဏ်တွေကို ငလျင်ဒဏ်သင့် ပြည်သူတွေ ကျိန်းသေပေါက် တွေ့ကြုံခံစားကြရဦးမယ် ဆိုတာပါပဲ။ ဒီဘေး ဒီဘေးတွေ ရှိသေးတယ်၊ ဘာတွေ ဘယ်လို ပြင်ဆင်ထားကြပါလို့ကြိုတင်သတိပေးမယ့် ဦးထွန်းလွင်လို ပညာရှင်မျိုး မရှိတော့ဘူး။ ရှိတာက ငလျင် ဘယ်တော့လှုပ်မယ်လို့ ကြောက်အောင်ခြောက်မယ့်သူနဲ့ နဂါးကြီးနိုးလို့ လှုပ်တာလို့ ပြောဟောတဲ့သူတွေပဲ ရှိတော့တယ်။ ဦးထွန်းလွင် ရှိစဥ်က ငလျင်သတင်းနဲ့ပတ်သက်ပြီး ပြောခဲ့တဲ့အချက် သုံး ချက်ရှိတယ်။
၁။ ကမ္ဘာမှာ မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့အစည်းကမှ မြေငလျင်ကို အောင်အောင်မြင်မြင် ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိသေးဘူး။
၂။ မြန်မာနိုင်ငံမှာ မိုးလေဝသဌာန အပါအဝင် ဘယ်အဖွဲ့အစည်းကမှ ငလျင်လှုပ်မယ်ဆိုတဲ့ ကြောညာချက်မျိုး ဘယ်တုန်းကမှ ထုတ်ပြန်လေ့ မရှိဘူး။
၃။ ငလျင်ကြီးလှုပ်ပြီးသွားရင် နောက်ဆက်တွဲငလျင်တွေ လှုပ်လေ့ရှိပေမယ့် ငလျင်ကြီးလောက်ပြင်းအားရှိတဲ့ ငလျင်မျိုး မလှုပ်တော့ဘူး၊
မိုးလေဝသပညာရှင် ဦးထွန်းလွင် ပြောခဲ့ ဟောခဲ့တဲ့ စကားတခွန်းလည်း ပြန်ကြားယောင်တယ်။
“နှစ်ဆယ်ရာစုကနေ နှစ်ဆယ့်တစ်ရာစုကို အကူးအပြောင်းမှာ လက်ဆင့်ကမ်းပေးလိုက်တဲ့ ကမ္ဘာ့ဝန်ထုပ်ဝန်ပိုးကြီးတွေထဲမှာ အဆိုးဆုံး နှစ်ခု ပါလာတယ်။ ဒါတွေကတော့ ရာသီဥတုပြောင်းလဲခြင်းနဲ့ ဆင်းရဲမွဲတေမှုတို့ ဖြစ်ကြတယ်”။
မြန်မာမှာတော့ စစ်အာဏာရှင် ဝန်ထုပ်ဝန်ပိုးပါ ဆင့်တယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar