အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၄၂ )
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၄၂ )
မိုးမခ၊ မေ ၁၁ ၊ ၂၀၂၅
6/6/25
Diary in the darkness
ရေပျက်၊ မီးပျက်၊ ဘဝပျက်နေကြတဲ့ ကျွန်တော်တို့ကတော့ တရုတ်ကြီးနဲ့ မင်းအောင်လှိုင်တို့ ဟန်ချက်ပျက်နေတာကို ကြည့်ပြီး ငါတို့ ဘဝက ကံကောင်းလိုက်တာလို့ တွေးမိနေပါတယ်။
ရာသီဥတုက သာယာတယ်။ ဗန်မော်ကို တော်လှန်ရေးတပ်တွေ မကြာခင်သိမ်းတော့မယ်ဆိုတဲ့ သတင်းကြောင့် စိတ်လှုပ်ရှားမိတယ်။ AA ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း ဗန်မော်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်တဲ့ သူ့ရဲ့တပ်တွေကို အားပေးစကားပြောတာ တွေ့ရတယ်။ ဗန်မော် ကျရင် မြစ်ကြီးနား ကျမယ်။ ကချင်ပြည်နယ် လွတ်မြောက်မယ်။ မြန်မာပြည်အလယ်ပိုင်းကို တော်လှန်ရေးတပ်တွေ ဝင်တိုက်ဖို့ လမ်းပွင့်သွားမယ်လို့ စစ်ရေးအကဲခတ်တွေက ခန့်မှန်းတယ်။ စစ်ကောင်စီတပ်ကလည်း တရုတ် ကူညီတဲ့ ဒရုန်းတွေ၊ လေကြောင်းပစ်ကူတွေနဲ့ အသည်းအသန် ခုခံတယ်။
ကရင်ပြည်နယ်မှာလည်း စကစ တပ်တွေ ရှုံးပြီးရင်းရှုံးနေတဲ့ သတင်းတွေ ဆက်တိုက်တက်နေတယ်။ ဘီးလင်းမြို့နားက မိုးကောင်းတံတား အချိုးခံရတယ်။ စကစ စစ်ကူလမ်းကြောင်းပိတ်သွားတယ်။ စကစရဲ့ အောင်ဇေယျစစ်ကြောင်း ဒေါနတောင်တန်းပေါ်မှာ ပျောက်ခြင်းမလှ ပျောက်သွားတယ်။ BGF စောချစ်သူနဲ့ သားအဖ နှစ်ယောက်ကို အမေရိကန်က အရေးယူထားတယ်။
TNLA သိမ်းပိုက်ထားတဲ့ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ် အပါအဝင် မြို့ငါးမြို့ကို စစ်ကောင်စီက တရုတ်အကူအညီနဲ့ ပြန်တောင်းတယ်။ MNDAA ဆီက လားရှိုးကို တရုတ်အကူအညီနဲ့ ပြန်တောင်းသလိုမျိူး။
မြန်မာ့လွတ်လပ်ရေးကို ဗိုလ်ချုပ်က အင်္ဂလိပ်ဆီက တောင်းတဲ့အခါ တောင်းလို့ရရင်ရ မရရင် တိုက်ယူမယ် ဆိုတဲ့ မိန့်ခွန်းဟာ ထင်ရှားခဲ့တယ်။ အခုတော့ မင်းအောင်လှိုင်ရဲ့ တိုက်လို့ရရင် ရ၊ မရရင် တရုတ်ဆီက တောင်းယူမယ် ဆိုတဲ့ ရာဇသံကို လူထုက သရော်လှောင်ပြောင်နေကြတယ်။ စကစ လက်ထဲ မြို့ ငါးမြို့ပြန်ပေးရေး ကိစ္စဟာ TNLA က တရုတ်ဖိအားကို ဘယ်လောက် တင်းခံနိုင်မလဲ၊ လူထု ကTNLA ကို ဘယ်လောက်ထောက်ကူနိုင်မလဲ ဆိုတဲ့ အခြေအနေပေါ် မူတည်နေတယ်။ တပြည့်ကျော်ကြီး မင်းအောင်လှိုင် ညံ့လွန်းတော့ ပါပါးတရုတ်ကြီးလည်း အရှက်မရှိ ဝင်ပါနေရပြီပေါ့။
အရေးထဲ အိန္ဒိယဘက်က ဝင်လာတဲ့ အမေရိကန် စစ်အကြံပေးတွေက ရခိုင်နဲ့ ချင်းတော်လှန်ရေးတပ်တွေကို ကူညီနေတယ်ဆိုတဲ့ သတင်းတွေဟာ အိန္ဒိယ သတင်းတွေမှာ ဟိုးလေးတကြော် ဖော်ပြနေကြတယ်။ တရုတ်ကြီးလဲ ထရမ့်ရဲ့ ဝင်ငွေခွန် ထိုးစစ်ကြီးကို ခုခံရင်း စီးပွားပျက်ကပ်ကို ကာကွယ်နေရတာက တဖက်၊ အလွန် အသုံးမကျတဲ့ တပြည်ကျော်မင်းအောင်လှိုင်ရဲ့ ပြဿနာတွေကို ဖြေရှင်းနေရတာ တဖက်နဲ့ အမောဆိုက်နေပုံရပါတယ်။ လူမိုက် မွေးမိတဲ့ ဒုက္ခ ဒီလောက်တော့ ရှိပေမပေါ့။
ရေပျက်၊ မီးပျက်၊ ဘဝပျက်နေကြတဲ့ ကျွန်တော်တို့ကတော့ တရုတ်ကြီးနဲ့ မင်းအောင်လှိုင်တို့ ဟန်ချက် ပျက်နေတာကို ကြည့်ပြီး ငါတို့ ဘဝက ကံကောင်းလိုက်တာလို့ တွေးမိနေပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar