သတင်းဌာနတွေအပေါ် ပရိသတ်ရဲ့ ယုံကြည်မှု ဘယ်လောက်ရှိကြသလဲ
မြန်မာနွေဦးခရိုနီကယ် - မေ ၁၀ မြင်ကွင်း
မိုးမခ၊ မေ ၁၁ ၊ ၂၀၂၅
သတင်းဌာနတွေအပေါ် ပရိသတ်ရဲ့ ယုံကြည်မှု ဘယ်လောက်ရှိကြသလဲ
အမေရိကန်ပြည်ထောင်စု သမ္မတသစ်တက်လာပြီးနောက် ၂ လမပြည့်မီမှာ အစိုးရရဲ့အထောက်အပံ့နဲ့ သတင်းထုတ်လွှင့်နေတဲ့ VOA, RFA, RFE/Radio Liberty စတဲ့ ဌာနတွေကို အသုံးစရိတ်သုံးစွဲတာ ဆိုင်းငံ့ထားဖို့အမိန့်ကို လက်မှတ်ထိုးခဲ့ပါတယ်။ အဲဒီနေ့ကတော့ မတ်လ ၁၅ ရက်နေ့ဖြစ်ပါတယ်။ Voice of America မှာ အချိန်ပြည့်အလုပ်လုပ်ကိုင်နေသူတွေက အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်အစိုးရဝန်ထမ်းဖြစ်သူတွေမို့လို့ ချက်ချင်းလက်ငင်း အလုပ်ရပ်ဆိုင်းခြင်းမပြုသေးပေမယ့် RFA လို ကွန်ဂရက်လွှတ်တော်ကချပေးတဲ့ရံပုံငွေနဲ့လည်ပတ်တဲ့ RFA ကတော့ ဖက်ဒရယ်အစိုးရ ဝန်ထမ်းမဟုတ်လို့ လစာခံစားခွင့်လည်းမပေးဘဲ ဆိုင်းငံ့ထားရာက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့ အပြီးတိုင်ရပ်နားဖို့ အမိန့်ညွှန်ကြားချက် ထွက်ပေါ်လာပါတယ်။
၁၉၉၀ ခုနှစ်နှောင်းပိုင်းမှာ စတင်ထုတ်လွှင့်ခဲ့တဲ့လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဥ်ဟာ နှစ်ပေါင်း ၃၀ နီးပါးရောက်ရှိချိန်မှာ ရပ်ဆိုင်းလိုက်ရတာ ဖြစ်ပါတယ်။
ကွန်မြူနစ်အစိုးရတွေ အုပ်ချုပ်တဲ့ နိုင်ငံနဲ့ စစ်တပ်အာဏာရှင်တွေ အုပ်ချုပ်တဲ့ နိုင်ငံတွေမှာ သတင်းလွတ်လပ် ခွင့်မရှိဘူးဆိုတဲ့ အချက်ကို အခြေပြုပြီး အမေရိကန် ကွန်ဂရက်လွှတ်တော်က ရံပုံငွေ သတ်မှတ်ချထားပေးပြီး လည်ပတ်နေတဲ့ RFA ရပ်ဆိုင်းသွားခြင်းက ဒီနိုင်ငံတွေမှာ ရှိတဲ့ ပရိသတ်အဖို့ ဘယ်လို ထင်မြင်ချက်ရှိကြမလဲဆိုတဲ့မေးခွန်းလည်း ရှိပါတယ်။ ယေဘုယျအားဖြင့်ဆိုရရင်တော့ မြန်မာနိုင်ငံမှာ အာရ်အက်ဖ်အေမြန်မာပိုင်းကိုနားထောင်တဲ့ ပရိသတ်၊ အင်တာနက်ပေါ်ကနေ ကြည့်ရှုနားဆင်တဲ့ပရိသတ်နဲ့ ရုပ်သံအစီအစဥ်တွေကို ဆက်သွယ်ရေးဂြိုဟ်တုကတဆင့်ကြည့်ရှုတဲ့ပရိသတ် စုစုပေါင်းသန်းနဲ့ချီရှိလိမ့်မှာ အသေအချာဖြစ်ပါတယ်။
နေ့စဥ်အဖြစ်အပျက်တွေကို ပြည်တွင်းသတင်းဌာနတွေကလည်း ဖေါ်ပြတင်ဆက်နေကြပေမယ့် ရေဒီယို လှိုင်းနဲ့ထုတ်လွှင့်နိုင်တဲ့သတင်းဌာနကအရေအတွက် လက်ချိုးရေလို့ရအောင် နည်းပါးလှပါတယ်။ RFA မြန်မာပိုင်း၊ VOA မြန်မာပိုင်း၊ BBC မြန်မာပိုင်း၊ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ Radio NUG, မဇ္စျိမရေဒီယိုတို့လောက်သာ ရှိတာဖြစ်ပါတယ်။
RFA နဲ့ VOA တို့ ရပ်ဆိုင်းသွားတာဟာ မြန်မာသတင်းပရိသတ် အဖို့ နေ့စဥ်သတင်းတွေ နားဆင်ကြည့်ရှုဖို့ ရွေးချယ်စရာ သိသိသာသာလျော့ကျသွားတာ ဖြစ်ပါတယ်။ နေ့စဥ်ဖြစ်ပျက်နေတဲ့သတင်းတွေ နိုင်ငံအနှံ့က အဖြစ်အပျက်တွေကို မတူတဲ့သတင်းရင်းမြစ်၊ မတူတဲ့ ရှုထောင့်တွေကနေ တင်ဆက်နေကြတဲ့သတင်းဌာနတွေအနက်က ၂ ခု ရပ်ဆိုင်းသွားခြင်းက ကြီးမားတဲ့ပမာဏ လျော့နည်းသွားတာ ဖြစ်ပါတယ်။
သို့ပေမယ့် တဖက်မှာတော့ အခုလို သတင်းဌာနရပ်နားရတဲ့အကြောင်းသတင်းဖေါ်ပြချက် အောက်မှာ ရေးကြတဲ့မှတ်ချက်အများစုက ရပ်နားသွားရတာကိုဝမ်းသာကြောင်းနဲ့ ကျေနပ်အားရတဲ့မှတ်ချက်တွေ အများစု ဖြစ်နေကြတာ အံ့အားသင့်ဖွယ်ရာ တွေ့ကြရပါတယ်။
ဖေ့စ်ဘုတ်လူမှုကွန်ရက်ကိုသုံးစွဲသူတွေက တနိုင်ငံလုံးကသတင်းပရိသတ်ကို ကိုယ်စားမပြုဘူးလို့ဆိုမယ်ဆိုရင် ဆိုနိုင်ပေမယ့်အတိုင်းအတာတခုကိုတော့ ကိုယ်စားပြုတယ်လို့ဆိုရမှာပါ။ လူမှုကွန်ရက်သုံးပြီး သတင်းတွေ ဖတ်ရှုနားဆင်သူတွေလည်း ရှိနေတာမို့လို့ အခုလို သတင်းဌာနရပ်နားလိုက်ရတဲ့သတင်းရဲ့အောက်မှာ ဝမ်းသာကြောင်း မှတ်ချက်တွေပေးကြတာပါလဲ။ မှတ်ချက်တွေကိုအုပ်စုခွဲသရုပ်ခွဲကြည့်ရင် အချို့ကတော့ စစ်တပ်နဲ့ ကြံ့ခိုင်ရေးကိုထောက်ခံသူတွေဖြစ်ပြီး နဂိုကတည်းက စစ်တပ်ကိုဆန့်ကျင်သူတွေကို မီဒီယာတွေက တိုင်း ပြည်ဖျက်တဲ့သူတွေလို့ ဆိုကြသူတွေ ဖြစ်ပါတယ်။ အဲလိုအယူအဆရှိသူတွေလည်း RFA မြန်မာပိုင်းကို ပုံမှန်ဖတ်ရှု နားဆင်နေကြတာ ဖြစ်ပါတယ်။ ရပ်နားတာကို ဝမ်းသာအားရကြောင်း မှတ်ချက်ရေးသူအားလုံးက စစ်တပ်ထောက်ခံသူတွေတော့မဟုတ်ကြပါဘူး။ စစ်တပ်ကိုဆန့်ကျင်သူ၊ စစ်အာဏာရှင်ကို မုန်းသူတွေလည်း ပါရှိနိုင်ပါတယ်။ သို့ပေမယ့် သတင်းဌာနတွေရဲ့ရပ်တည်ချက်၊ ဦးစားပေးတင်ပြပုံ၊ သတင်းတွေမှာ သုံးတဲ့အသုံးအနှုန်း၊ လူမျိုးရေးရှုထောင့် စတဲ့ အယူအဆမတူခြင်းတွေကြောင့် သတင်းဌာနတွေကို မကြေလည်တဲ့ ခံစားချက်၊ မကျေနပ်တဲ့ခံစားချက်တွေရှိထားကြတဲ့သဘောလို့ အကဲဖြတ်ကြည့်မိပါတယ်။ ဥပမာအားဖြင့် သတင်းဌာနတခုက ရိုဟင်ဂျာလို့သုံးနှုန်းတာကို မနှစ်သက်တဲ့ သဘောမတူတဲ့သတင်းပရိတ်သတ်တွေ အများအပြားရှိနေတာမျိုးဖြစ်ပါတယ်။ ၂၀၁၂ ခုကနေ ၂၀၁၇၊ ကာလအကြားဖြစ်ပျက်တဲ့ လူမျိုးရေး ၊ ဘာသာရေးပဋိပက္ခတွေ၊ စစ်တပ်ရဲ့လူမျိုးတုန်းသတ်ဖြတ်မှုတွေအကြောင်း သတင်းဖေါ်ပြကြစဥ်က တည်းက ရိုဟင်ဂျာလို့ ခေါ်ဆိုသုံးနှုန်းတဲ့ သတင်းဌာနတွေကို အမျိုးသားရေးဝါဒီ (Nationalist) ပရိသတ်တွေက မကျေနပ်ခဲ့ကြပါဘူး။
အဲဒီကာလကထွက်ရှိတဲ့ ပုဂ္ဂလိက သတင်းစာတွေ၊ အပတ်စဥ်ထုတ်ာနယ် အများစုကလည်း ရိုဟင်ဂျာ ဆိုတာထက် ဘင်္ဂါလီလို့သာသုံးနှုန်းခဲ့ကြတာ တွေ့ရပါတယ်။ သို့ပေမယ့် အာရ်အက်ဖ်အေ ၊ ဗွီအိုအေ၊ ဘီဘီစီတို့ကတော့ ရိုဟင်ဂျာလို့သာ သုံးနှုန်းခဲ့ကြတာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ကခိုးဝင်လာတယ်ဆိုတဲ့ အဓိပ္ပါယ်သက် ရောက်စေတဲ့ ဘင်္ဂါလီလို့မသုံးနှုန်းဘဲ ရိုဟင်ဂျာလို့ ခေါ်ဝေါ် သုံးနှုန်းတာကို မြန်မာပရိသတ် အများအပြားက ထိုစဥ်က မကျေမနပ်ဖြစ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
အဆိုပါအချက်ကလည်း အချို့သောပရိသတ်တွေအနေနဲ့ အထက်က သတင်းဌာနတွေကတင်ဆက်တဲ့ သတင်းတွေကို ဖတ်ရှုနားဆင်သည့်တိုင် သတင်းမီဒီယာတွေအပေါ် အညှိုးထားတဲ့ အကြောင်းတချက်ဖြစ်ပါလိမ့်မယ်။ အဆိုပါမကျေနပ်တဲ့ခံစားမှုက အခုလိုသတင်းဌာနရပ်နားတဲ့သတင်းကို ဝမ်းသာအားရတဲ့ မှတ်ချက် ဖြစ်ပေါ်စေတယ်လို့ ဆိုနိုင်ပါတယ်။
အဆိုပါ အမျိုးသားရေးဝါဒအခံ ခံစားချက်အပြင် သတင်းမီဒီယာတွေအနေနဲ့ သတင်းတင်ဆက်ကြတဲ့အခါ အချက်အလက်လွဲမှားတာမျိုး၊ သတင်းက မပြည့်စုံပဲ ပုံပျက်နေတဲ့သတင်းဖေါ်ပြတဲ့အခါ ပရိသတ်တွေက သတင်းနဲ့ပတ်သက်လို့ မှတ်ချက်ပေးကြသော်လည်း အမှားပြင်ဆင်တာ၊ ဝန်ခံတာ၊ တောင်းပန်စကားဆိုတာမျိုး လုပ်လေ့လုပ်ထမရှိတဲ့အချက်ကိုလည်း ပရိသတ်တွေအနေနဲ့ ဘဝင်မကျကြတာ ဖြစ်နိုင်ပါတယ်။ သတင်းဌာနတွေအနေနဲ့ ဖေါ်ပြထားတဲ့သတင်းတပုဒ်ကို အမှားပြင်ဆင်တာ၊ လုံးဝလွဲမှားနေလို့ ဖြုတ်ချတာတွေကို တော်ရုံနဲ့လုပ်လေ့မရှိကြပါဘူး။ ဌာနတွင်း အဆင့်ဆင့်တင်ပြဆုံးဖြတ်ရတာ၊ တာဝန်ခံရမယ့် အယ် ဒီတာတွေအနေနဲ့ အမှားပြင်ဆင်ချက်ထည့်သွင်းဖော်ပြရတာကို အားနည်းချက်ကိုဝန်ခံသလိုဖြစ်စေတာကြောင့် သြဇာရှိတဲ့သတင်းရင်းမြစ် သို့မဟုတ် ငြင်းရခက်တဲ့အာဏာရှိတဲ့ အဖွဲ့အစည်းတွေကပြောတဲ့ အခြေအနေမျိုးမှာသာ ပြင်ဆင်ပေးလေ့ရှိကြပြီး ပရိသတ်ရဲ့ဝေဖန်မှုနဲ့ အချက်အလက်နဲ့ ထောက်ပြမှုတွေကြောင့် အမှားပြင်ဆင်ပေးတာ နည်းပါးပါတယ်။ ဒီအချက်ကလည်း သတင်းမီဒီယာတွေအပေါ် ပရိသတ်ရဲ့မကြေလည်တဲ့ အချက်တချက်ဖြစ်ပါတယ်။
နောက်ဆုံးတချက်ကတော့ သတင်းမီဒီယာတွေရဲ့လွတ်လပ်မှုဆိုတဲ့အချက်အပေါ် ပရိသတ်အနေနဲ့ သံသယရှိတဲ့အချက်ဖြစ်ပါတယ်။ လွတ်လပ်တဲ့သတင်းမီဒီယာလို့ ဆိုပြီး အစိုးရထံက အထောက်အပံ့လက်ခံရခြင်းကို ပရိသတ်အနေနဲ့နားလည်ဖို့ ခက်ခဲပါတယ်။ ရံပုံငွေထောက်ပံ့တဲ့ အစိုးရက သတင်းဌာနအပေါ် သြဇာမလွှမ်းမိုးနိုင်ဘူးဆိုတဲ့အချက်ကို သံသယရှိကြပါတယ်။ အများပြည်သူဝန်ဆောင်မှု မီဒီယာလိုမျိုးဖြစ်ရင် အစိုးရ အထောက်အပံ့ကို ဥပဒေအရ ရပိုင်ခွင့်တခုဖြစ်ပြီး သတင်းမူဝါဒမှာ လွတ်လပ်စွာတင်ဆက်နိုင်တယ် ဆိုတဲ့ သဘောသဘာဝနဲ့ လက်တွေ့အခြေအနေတွေကို ပရိသတ်က ရှင်းလင်းစွာမသိကြတာကြောင့် အမှန်တကယ် မူဝါဒရော လက်တွေ့ကျင့်သုံးမှုအပိုင်းမှာပါ လွတ်လပ်သည့်တိုင် ပရိသတ်က သံသယဝင်ကြတာ ဖြစ်ပါတယ်။
မြန်မာဘာသာနဲ့ ထုတ်လွှင့်တင်ဆက်နေကြတဲ့ သတင်းဌာန အများစုဟာ နိုင်ငံတကာ အစိုးရတွေရဲ့ ရံပုံငွေ၊ နိုင်ငံတကာ အကူအညီတွေနဲ့ ရပ်တည်နေကြတာ ဖြစ်ပါတယ်။ အကူအညီတွေ ပေးအပ်တဲ့အခါမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဘယ်လိုရည်မှန်းချက်နဲ့ ပေးတာလဲ ဆိုတာကို ပရိသတ်က ရှင်းရှင်းလင်းလင်းသိမနေကြပါဘူး။ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့သတင်းတွေတင်ဆက်ရာမှာ ဘယ်လောက်ထိ လွတ်လပ်ခွင့်ရှိမလဲ၊ အကူ အညီပေးတဲ့ နိုင်ငံတွေက တန်ဖိုးထားတဲ စံနှုန်းတန်ဖိုးတွေနဲ့ ကိုက်ညီဖို့လိုအပ်ချက်စတာတွေ ကို ပရိသတ်က သိရှိခြင်း မရှိကြပါဘူး။ အမျိုးသမီး အခွင့်အရေး၊ လူ့အခွင့်အရေး၊ လူနည်းစု အခွင့်အရေး စတဲ့ တန်ဖိုးတွေကို သက်ဆိုင်ရာ အကူအညီပေးမှုတွေမှာ စံတန်ဖိုးတွေအဖြစ် သတ်မှတ်ထားလေ့ ရှိကြတာကြောင့် ဒီလို တန်ဖိုးထားမှုတွေနဲ့ ပတ်သက်လို့ သတင်းမီဒီယာတွေက ပရိသတ်ကို ရှင်းလင်းအသိပေးထားခဲ့ရင် သတင်းဌာနတွေနဲ့ ပရိသတ်အကြား နားလည်မှုတွေ ပိုပြီး တိုးတက်လာနိုင်မယ့်လို့ ယူဆရပါတယ်။
အမေရိကန်၏ လူထုမီဒီယာတွေဖြစ်တဲ့ အစိုးရ၏ ထောက်ပံ့ငွေ တစိတ်တပိုင်းနဲ့ လည်ပတ်ကြတဲ့ NPR - National Public Radio, PBS - Public Broadcasting Service ဌာနကြီးတွေကိုလည်း ယခု ထရန့်အစိုးရက ထောက်ပံ့ငွေ ဖြတ်တောက်ဖို့ ဆက်လက်ဆောင်ရွက်နေတဲ့အကြောင်းကိုလည်း သည်နေရာမှာ ဖြည့်စွက် ပြောလိုပါတယ်။ သူတို့၏ နက်ဝပ်ကွန်ယက်ချိတ်ဆက်ထားတဲ့ ပြည်နယ်အလိုက် ခရိုင်အလိုက် လူထုမီဒီယာလုပ်ငန်းတွေ အများအပြားလည်း အမေရိကန်အစိုးရ၏ ခြိမ်းခြောက်မှုကို ခံနေရပါပြီ။ အမေရိကန်ပရိသတ်အတွက်တော့ လူထုမီဒီယာဆိုတာ အခမဲ့မီဒီယာဖြစ်တယ်လို့ နားလည်တာက တပိုင်းဖြစ်သလို သူတို့ဒေသအလိုက် ဒေသခံသတင်းတွေ တင်ဆက်နေတဲ့ မီဒီယာတွေလို ခံယူထားကြတာက တပိုင်းဖြစ်တာမို့ မြန်မာပရိသတ် အချို့လို ခါးသီးတဲ့သဘောထား မရှိကြတာ တွေ့ရပါတယ်။ သို့သော်လည်း ပင်မရေစီးသတင်းတွေဟာ ဘက်လိုက်တယ်၊ အမှားမကင်းဘူးဆိုတာကတော့ ယေဘူယျသဘောထားကြတာချင်းတော့ တူညီပါတယ်။
ယခုအချိန်မှာတော့ ပရိသတ်တွေအားလုံးဟာ ယေဘုယျအားဖြင့်ကတော့ သတင်းမီဒီယာတွေက တင်ဆက်တဲ့သတင်းတွေကိုဖတ်ရှုနားဆင်နေသလိုပဲ သတင်းမီဒီယာတွေ အပေါ် သံသယအမြင်တွေတွဲလျက်ရှိနေကြမှာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar