ပြည်တွင်းစစ်၊ ပဋိပက္ခ အသွင်ပြောင်းလာနိုင်ခြေနဲ့ လူထုတွေခံစားရတဲ့ ဒုက္ခပင်လယ်
မိုးမခ၊ မေ ၉ ၊ ၂၀၂၅
ပြည်တွင်းစစ်၊ ပဋိပက္ခ အသွင်ပြောင်းလာနိုင်ခြေနဲ့ လူထုတွေ ခံစားရတဲ့ ဒုက္ခပင်လယ်
မြန်မာနိုင်ငံကလူထုအဖို့ သတင်းတွေဖတ်ရှုနားဆင်ရင် အများဆုံးတွေ့ရမယ့် သတင်းခေါင်းစဥ်တွေက လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် ထိခိုက်သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှု သတင်း၊ စစ်စခန်း၊ နယ်မြေနဲ့ မြို့သိမ်းတိုက်ပွဲ တိုက်ပွဲဖြစ်ပွားတဲ့ သတင်းထိခိုက်သေဆုံးမှုအရေအတွက်၊ နယ်မြေ၊ မြို့သိမ်းယူခြင်း သို့မဟုတ် လက်လွှတ်ဆုံးရှုံးခြင်းသတင်းတွေက အများစု နေရာယူထားကြတာဖြစ်ပါတယ်။ ဒီတိုက်ပွဲသတင်းတွေနဲ့အတူ ဒေသခံတွေ ရာ၊ ထောင်၊ သောင်းနဲ့ချီပြီး တိမ်းရှောင်နေထိုင်ကြရတဲ့ အရေအတွက်တွေလည်း ပါရှိတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့နောက်ပိုင်းမှာတော့ ငလျင်ဘေးအန္တရာယ်ကျရောက်ပြီးနောက် ငလျင်ဘေးမှာထိခိုက်သေဆုံးမှုတွေ၊ ပျက်စီးဆုံးရှုံးမှုတွေက သတင်းတွေထဲအများအပြားပါလာခဲ့ပါတယ်။ ငလျင်ဘေးကြီးကျရောက်နေတုန်းမှာပင်လျှင် တိုက်ပွဲသတင်းတွေ၊ လေကြောင်းတိုက်ခိုက်မှုသတင်းတွေက တပြိုင်နက်ထဲ ဖြစ်ပွားနေခဲ့တာလည်း ဖြစ်ပါတယ်။
မြန်မာလူထုအဖို့ ပြည်တွင်းစစ်ဒဏ်ကိုဆိုးဆိုးရွားရွားခံစားနေရရုံသာမက ငလျင်ဘေးကြီးကိုပါထပ်မံခံစားကြရပြီး နိုင်ငံတကာအဖွဲ့အစည်းအချို့အိမ်နီးချင်းနဲ့ဒေသတွင်းနိုင်ငံအချို့က ငလျင်ဘေးကျရောက်မှုကိုအကြောင်း ပြုပြီး လက်နက်ကိုင်ပဋိပက္ခကို အပစ်ရပ်ကြဖို့ စေ့စပ်ဆွေးနွေးကြဖို့တိုက်တွန်းပြောဆိုကြပါတယ်။ သို့ပေမဲ့ လက်နက်ကိုင် ပဋိပက္ခ တနည်း ပြည်တွင်းစစ်မှာ အနိုင်ရရေးက ငလျင်ဘေး ကယ်ဆယ်ရေး ထူထောင်ရေးထက် ပိုမိုအရေးကြီးတယ်လို့ လက်နက်ကိုင် အဖွဲ့အစည်းအများစုက ယုံကြည်ကြတာကြောင့် မြန်မာနိုင်ငံ စစ်ကိုင်းဗဟိုပြုငလျင်ဘေးကို အကြောင်းပြုပြီး အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ထွက်ပေါ်လာစရာ မရှိတာ သေချာသွားပြီ ဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့၊ အမျိုးသားညီညွတ်ရေး အစိုးရနဲ့ စစ်ကောင်စီတို့က တဖက်သတ်အပစ်ရပ်မှုတွေ ထိုးစစ်ဆင်ရပ်ဆိုင်းမှုတွေကိုကြေညာခဲ့ကြပေမယ့်လည်း ကြေညာမှုတွေက အမှန်တကယ်ဆန္ဒမရှိကြပုံမရဘဲ နိုင်ငံရေးအရ ပြယုဂ်အဖြစ်သာထုတ်ပြန်ကြတယ်လို့ ကောက်ချက်ချရမယ့်သဘောဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံဖြစ်နေပြီလား တစိတ်တပိုင်းဖြစ်နေပြီလား ဒါမှမဟုတ် မဖြစ်သေးဘူးလားဆိုတာ ကျရှုံးနိုင်ငံဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အပေါ် မူတည်ပြီးအငြင်းပွားစရာ ရှိနိုင်ပေမယ့် ပြည်တွင်းစစ်နဲ့ သဘာဝဘေးတွေကြောင့် နေအိမ်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ဆုံးရှုံးပြီး မိသားစုဝင်ချစ်ခင်တန် ဖိုးထားရသူတွေ ဆုံးရှုံးရသူတွေ မြန်မာနိုင်ငံမှာ သိန်း၊ သန်းချီရှိနေပြီးဖြစ်ပါတယ်။ ၅၅၀ နိပါတ်တော်လာ ပဋာစာရီအဖြစ်လိုကြုံတွေ့ရသူတွေလည်း အများအပြားရှိနေပြီး၊ အဲလောက်မဆိုးသည့်တိုင် စစ်ပွဲတွေကြောင့် နေစရာအိမ်ဆုံးရှုံးသွားရသူ အလုပ်အကိုင်ဆုံးရှုံးပြီး အကူအညီကိုမျှော်ကိုး အသက်ရှင်နေကြရသူတွေလည်း အများအပြားရှိနေခဲ့ပြီး ဖြစ်ပါတယ်။ ပြည်တွင်းစစ်ရဲ့သက်ရောက်မှုကို အနိမ့်ဆုံးခံစားကြရသူတွေ လို့ယူဆနိုင်တဲ့မြို့ကြီးတွေမှာ နေထိုင်အသက်မွေးဝမ်းကျောင်းသူတွေတောင်မှ ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်၊ လောင် စာ၊ လျှပ်စစ်ပြတ်တောက်မှု၊ တရားဥပဒေမစိုးမိုးတော့တာကြောင့် လုယက်မှု၊ သတ်ဖြတ်မှုတွေ သက်ရောက်မှုကို ခံစားနေကြရပြီးဖြစ်ပါတယ်။
ပြည်တွင်းစစ်ပွဲက တဖက်ဖက်ကအနိုင်ရမှ ပြီးဆုံးမယ်လို့ လူပြိန်းစဥ်းစားနည်းနဲ့စဥ်းစားတဲ့ဖြစ်နိုင်ချေ တခုရှိသလို ဘယ်သူမှ အပြတ်အသတ်မနိုင်တဲ့အနေအထားနဲ့ စစ်ပွဲတွေက ရေရှည် (ယခုလည်း ၄ နှစ်ကျော်လာခဲ့ပြီမို့ ) မယ့် ဖြစ်နိုင်ချေတရပ်လည်း ရှိနေတာ ဖြစ်သလို နောက်ဖြစ်နိုင်ချေတခုက ဒီစစ်အာဏာသိမ်းမှု မတိုင်ခင်အနေအထားမှာ အင်အားကြီးတဲ့ စစ်တပ်က အင်အားအကြီးဆုံးမဟုတ်တော့ဘဲ အင်အားမတိမ်းမယိမ်း ရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေပေါ်ထွန်းလာပြီး ဘုံအကျိုးစီးပွား ၊ ဘုံရည်မှန်းချက်အားပျော့ကာ တဖွဲ့ချင်းအာဏာ နဲ့ အကျိုးစီးပွားကိုသာ ဦးစားပေးကာ အေးစက်တဲ့လက်နက်ကိုင် ပဋိပက္ခ frozen conflict အဖြစ် ရှည်ကြာသွားမလားဆိုတဲ့ ဖြစ်နိုင်ချေတွေလည်း ရှိနေနိုင်ပါတယ်။
အထက်ကဖော်ပြခဲ့သလို ဖြစ်နိုင်ခြေတွေက တခုမကဖြစ်နိုင်တာလည်း ပဋိပက္ခရှည်ကြာလာပြီး ပါဝါချိန်ခွင် လျှာ အပြောင်းအလဲတွေ ဖြစ်လာချိန်မှာ တွေ့မြင်လာနေရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ပြဿနာကို အဖြူနဲ့ အမည်း၊ သူတော်ကောင်းနဲ့ဆိုးသွမ်းယုတ်မာသူ၊ ဒီမိုကရေစီနဲ့ အာဏာရှင် ဆိုတဲ့အလွယ်နားလည်အောင်၊ လူထုကိုစည်းရုံးလွယ်အောင် ပုံဖော်ကြပေမယ့်လည်း အချိန်ကာလနဲ့ အခြေ အနေ ပြောင်းလဲလာတဲ့အပေါ် မူတည်ပြီး အကျိုးစီးပွားနဲ့ ရန်ဘက်သတ်မှတ်မှုတွေ ပြောင်းလဲလာကြတာမျိုးလည်း တွေ့မြင်လာနေရတာ ဖြစ်ပါတယ်။
ဒီလို တစတစပျက်စီးလာတဲ့ အခြေအနေအောက်မှာ အသက်ရှင်သန်ကျန်ရစ်ဖို့ ကြိုးစားနေကြရတာကတော့ လက်နက်နဲ့ အာဏာမရှိတဲ့ သာမန်ပြည်သူလူထု ဖြစ်ပါတယ်။ လူထုအနေနဲ့ စစ်ပွဲတွေ၊ ကြီးမားလွန်းတဲ့ အခွန် အကောက်တွေ၊ လာဘ်စားမှုတွေ၊ အဓမ္မ စစ်သားစုဆောင်းမှု၊ ပြန်ပေးဆွဲသလို ငွေသိန်းဆယ်ဂဏန်းကနေ ရာဂဏန်းထိ ပေးမှ ပြန်လွှတ်ပေးတဲ့ အဖြစ်တွေ၊ တသက်မှာ တခါမျှ မကြုံဖူးတဲ့ ကုန်ဈေး.နှုန်းတွေ၊ ရာဇဝတ်မှုတွေကို ခါးစည်းခံရင်း မှေးမှိန်တဲ့ အနာဂတ်ကို မျှော်လင့်ပြီး အသက်ရှိနေကြရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
လက်နက်နဲ့ အနိုင်ကျင့်သူကို ဆုံးမဒဏ်ခတ်နိုင်ဖို့ လူထုက မရှိမဲ့ ရှိမဲ့ ငွေကြေးတွေ စုဆောင်းထည့်ဝင်ပြီး လက်နက်တပ်ဆင်ဖို့ လုပ်ဆောင်ပေးလိုက်တဲ့ လက်နက်ကိုင် အဖွဲ့တွေကလည်း လူထုကို အခွန်ကောက်ဖို့နဲ့ အနိုင်ကျင့်ဖို့ လုပ်ဆောင်ကြတာတွေ မြင်ရတဲ့အခါ အသည်းကွဲကြရမယ့် အဖြစ်မျိုး၊ ဘယ်လက်နက်ကိုင်ကိုမှ မယုံကြည်ရဲတော့တဲ့ အဖြစ်မျိုးတွေလည်း ဒေသအချို့မှာ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။
ဒီလိုအခြေအနေတွေဟာ တော်လှန်ရေးကိုယုံကြည်မျှော်လင့်ထားတဲ့မြန်မာလူထုကို မျှော်လင့်ချက်မဲ့စေပြီးအကြောင်းရင်းက သက်ဆိုင်တဲ့အဖွဲ့အစည်းတွေရဲ့ တာဝန်ခံမှုအားနည်းမှုနဲ့ လူထုအကျိုးစီးပွားထက်အဖွဲ့အစည်း အကျိုးစီးပွားက ပထမလို့ မှတ်ယူကြတာက အဓိကကျတဲ့အချက်လို့ ဆိုရမှာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar