စစ်ခေါင်းဆောင် မင်းအောင်လှိုင် နဲ့ တရုတ်သမ္မတ မော်စကိုမှာ တွေ့ဆုံမှုရဲ့ အကျိုးဆက် ဘာတွေဖြစ်မလဲ
မြန်မာနွေဦးခရိုနီကယ် - မေ ၉ မြင်ကွင်း
မိုးမခ၊ မေ ၁၀ ၊ ၂၀၂၅
စစ်ခေါင်းဆောင် မင်းအောင်လှိုင် နဲ့ တရုတ်သမ္မတ မော်စကိုမှာ တွေ့ဆုံမှုရဲ့ အကျိုးဆက် ဘာတွေဖြစ်မလဲ
ဆိုဗီယက်ပြည်ထောင်စုအပါအဝင် မဟာမိတ်တွေက နာဇီဂျာမနီကို အဆုံးသတ်အောင်နိုင်ခဲ့တဲ့ နှစ် ၈၀ မြောက် အထိမ်းအမှတ်ပွဲကို ရုရှား ဖက်ဒရေးရှင်း မော်စကိုမှာ ကျင်းပရာမှာ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်း သမ္မတ ပူတင်ရဲ့ ဖိတ်ကြားခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် သံ တမန်ရေးအရ ဖယ်ကြဥ်ထားခံနေရတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်အဖို့ အခုလို နိုင်ငံတကာ ခေါင်းဆောင်တွေ တက်ရောက်တဲ့အခမ်းအနားကို ဖိတ်ကြားခံရတဲ့အခွင့်အရေးကို လက်လွှတ်မခံဘဲ တက်ရောက်ခဲ့ပါတယ်။
အဲဒီလိုတက်ရောက်ရာမှာ ဒီအခမ်းအနားကိုတက်ရောက်လာတဲ့ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်နဲ့ အာဏာ သိမ်းစစ်ခေါင်းဆောင်တို့ မေလ ၉ ရက်နေ့က တွေ့ဆုံခဲ့တဲ့အကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ညီလာခံလို ဧည့်ခံပွဲ အခမ်းအနားလို ပွဲတခုကို နိုင်ငံခေါင်းဆောင်တွေ တက်ရောက်စဥ်မှာ ခေါင်းဆောင် အချင်းချင်ဘေးပန်းတွေ့ဆုံမှုတွေလုပ်ဆောင်ကြတာဟာ သဘာဝဖြစ်ပြီး မြန်မာစစ်ခေါင်းဆောင်မင်းအောင် လှိုင်အဖို့တော့ အခုလိုတွေ့ဆုံမှုဟာ ၄င်းအတွက် သံတမန်ရေးအရ အောင်မြင်မှုတရပ်သဖွယ်ရှုမြင်မှာ အသေ အချာပဲ ဖြစ်ပါတယ်။ ယူကရိန်းစစ်ပွဲကြောင့် နယ်မြေကျူးကျော်သိမ်းပိုက်ထားတဲ့ ရုရှားသမ္မတ ပူတင်ဟာ နိုင်ငံတကာအသိုင်းအဝိုင်းမှာတော့ ကောင်းမွန်တဲ့ဂုဏ်သတင်းပိုင်ဆိုင်သူမဟုတ်ဘဲ သယံဇာတများစွာ ပိုင်ဆိုင်ပြီး စစ်အင်အားကြီးတဲ့ နိုင်ငံကြီးတနိုင်ငံရဲ့ ခေါင်းဆောင်ဖြစ်တာကြောင့်သာ အရေးပါနေတဲ့ ခေါင်းဆောင်တဦးဖြစ်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင်အဖို့တော့ သံတမန်ရေးအကူအညီ၊ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးနဲ့ ဝယ်ယူရေးမှာ လိုအပ်တဲ့ အကူအညီ နဲ့ စစ်ရေးကျွမ်းကျင်မှု သင်ကြားရယူနိုင်တဲ့ အခွင့်အလမ်းတွေကြောင့် ရုရှားအာဏာရှင် ပူတင်ကို အရေးထား ဆက်ဆံနေတာလည်း ဖြစ်ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် အဖို့ အခုလို သံတမန်ရေးအရ အရာသွင်းခံရတဲ့ ခရီးစဥ်တွေက မကြာသေးခင် ကာလတွေ အတွင်းပေါ်ထွက်လာခဲ့သလို စစ်ကိုင်း၊ မန္တလေး နဲ့ နေပြည်တော်တို့မှာ ပြင်းထန်စွာလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့်လည်း ထိတွေ့ဆက်ဆံမှုတွေ ရခဲ့တာကို အခွင့်အလမ်းအဖြစ် အသုံးချလျှက်ရှိတာ တွေ့ရမှာ ဖြစ်ပါတယ်။ မတ်လနှောင်းပိုင်းကနေ အခုလက်ရှိကာလအတွင်း ၂ လ ဝန်းကျင်ကာလမှာ စစ်ခေါင်း ဆောင်မင်းအောင်လှိုင်ဟာ ရုရှားကို ၂ ကြိမ်၊ ဘန်ကောက်ကို ၂ ကြိမ်သွားရောက်ခဲ့ပြီး အခု ရုရှားခရီးစဥ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခွင့်ရခြင်းကို သံတမန်ရေးအရ အောင်မြင်မှုကြီးလို့ မှတ်ယူကောင်း မှတ်ယူနေပါလိမ့်မယ်။
တရုတ်နိုင်ငံအနေကတော့ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေး ဆိုတာထက် ပထဝီနိုင်ငံရေးအရ အရေးကြီးတဲ့ နိုင်ငံဖြစ်ခြင်း၊ မြန်မာနိုင်ငံ တိုင်း/ ပြည်နယ်ဒေသတွေကိုဖြတ်ပြီး သွယ်တန်းထားတဲ့ ရေနံနဲ့သဘာဝဓါတ်ငွေ့ပိုက်လိုင်း တည်ရှိရာ၊ နယ်နိမိတ်ချင်းထိစပ်နေတဲ့နိုင်ငံမှာ တခြားသော အင်အားကြီးနိုင်ငံတွေရဲ့သြဇာခံတဲ့ လက် နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတွေသြဇာမလွှမ်းနိုင်ဖို့က အရေးကြီးတဲ့အချက်တွေ ဖြစ်ပါတယ်။ ဒီအချက်တွေက မြန်မာနိုင်ငံရဲ့စစ်ခေါင်းဆောင်ကို တရုတ်နိုင်ငံရဲ့သမ္မတရှီကျင့်ဖျင်တွေ့ဆုံရတဲ့စေ့ဆော်မှုတွေဖြစ်နိုင်ပါတယ်။
တရုတ်နိုင်ငံသမ္မတက စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံချိန်မှာ ဆွေးနွေးခဲ့တဲ့အကြောင်းအရာ ကို ဆင်ဟွာသတင်းက ဖေါ်ပြရာမှာ “မြန်မာနိုင်ငံ၏ မိမိနိုင်ငံအခြေအနေနှင့် ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း လျှောက်လှမ်းခြင်း၊ အချုပ်အခြာအာဏာလွတ်လပ်မှု၊ နယ်မြေပိုင်နက်ပြည့်စုံမှု၊ နိုင်ငံတော်တည်ငြိမ်မှု၊ ပြည် တွင်းနိုင်ငံရေးလုပ်ငန်းစဉ်တည်ငြိမ်သင့်လျော်စွာ ဖော်ဆောင်မှုအား တရုတ်နိုင်ငံက ထောက်ခံအားပေးကြောင်း၊ နှစ်ဖက်အနေဖြင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ ဖော်ဆောင်၍ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏အဓိကစီမံကိန်းများ တည်ဆောက်မှုအား စဉ်ဆက်မပြတ်တွန်းအားပေး ဖော်ဆောင်ရမည်ဖြစ်ကြောင်း” ပြောဆိုသွားတယ်လို့ ဆိုပါတယ်။
တရုတ်သမ္မတ ပြောဆိုသုံးနှုန်းတဲ့ စကားလုံးအကြောင်းအရာတွေကို သရုပ်ခွဲကြည့်ရင် နယ်မြေပိုင်နက် ပြည့်စုံမှု ဆိုတဲ့ စကားလုံးလည်း ပါဝင်နေတာ သတိပြုမိပါတယ်။ စစ်ကောင်စီ အနေနဲ့ လက်ရှိအနေအထားမှာ တိုင်းရင်းသားနယ်မြေတွေမှာ မြို့တွေ၊ နယ်မြေတွေနဲ့ စစ်စခန်းတွေ အများအပြား ဆုံးရှုံးထားတဲ့အချက်ကို ညွှန်းဆိုတဲ့ စကားလုံးလည်း ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် နဲ့ ကချင်၊ ကရင်နီ (ကယား) နဲ့ ရှမ်းမြောက်တို့လိုဒေသတွေမှာ နယ်မြေဆုံးရှုံးမှုတွေ ရှိခဲ့တာကို ရည်ညွှန်းထားတယ်လို့ ယူဆနိုင်ပြီး တရုတ်နိုင်ငံက အဆိုပါ စကားလုံးနဲ့ အညီ ပြည့်စုံမှုရှိဖို့ ကူညီမယ့် သဘောလားလို့ တွေးဆစရာ ရှိနေပါတယ်။ ဒါ့အပြင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်၏ အဓိက စီမံကိန်းတွေ တည်ဆောက်မှုကိုလည်း စဥ်ဆက်မပြတ်တွန်းအားပေး ဖေါ်ဆောင်မယ်လို့ ဆိုထားတာလည်း သတိပြုစရာဖြစ်ပါတယ်။
ဒီစကားရပ်ရဲ့ ရည်ရွယ်ချက်က တရုတ်နယ်စပ်ကနေ လားရှိုး၊ မန္တလေး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေ နဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ တရုတ်-မြန်မာ ကုန်သွယ်ရေး ရထားလမ်းစတာတွေ အကောင်အထည်ဖေါ်နိုင်အောင် တွန်းအားပေး မယ်ဆိုတဲ့ သဘောလို့ နားလည်ရပြီး တွန်းအားပေးမှုတွေက ဒီဒေသမှာ လှုပ်ရှားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို စစ်ကောင်စီက ထိုးစစ်ဆင် တိုက်ခိုက်ရာမှာ တရုတ်က ထောက်ခံမယ့် အဓိပ္ပါယ်မျိုး တွေးနိုင်တဲ့ သဘောလည်း ဖြစ်ပါတယ်။
ဒီအချက်တွေ အပြင် တရုတ်သမ္မတက မြန်မာနိုင်ငံထဲရှိ တရုတ်နိုင်ငံရဲ့ စီမံကိန်းတွေ၊ အကျိုးစီးပွားတွေကို လက်တွေ့ကျတဲ့ အကာအကွယ်ပေးမှုတွေ လုပ်ဆောင်ပေးဖို့နဲ့ နိုင်ငံဖြတ်ကျော် လောင်းကစား၊ အွန်လိုင်းငွေလိမ်မှုတွေကို တိုက်ဖျက်ဖို့ကိစ္စကိုလည်း ပြောဆိုခဲ့တယ်လို့ပါရှိပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ပြောဆိုချက်တွေကို သေချာစွာ စေ့ငုသုံးသပ်ကြည့်ရင် အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို ထောက်ခံမယ် ဆိုတာထပ်မံကတိပေးလိုက်သလိုဖြစ်ပြီး အချို့သောတရုတ်နိုင်ငံအကျိုးစီးပွား လက်တွေ့ကျကျ အကာအကွယ်ပေးရေးအခြေအနေသတ်မှတ်ချက်တွေနဲ့ တွဲလျက်ရှိတယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း သိရှိစေခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ ယခုနှစ်အကုန်နဲ့ လာမယ့်နှစ်ဆန်းမှာ လုပ်ဆောင်မယ့်ရွေးကောက်ပွဲကိုလည်း တရုတ်နိုင်ငံက ထောက်ခံထားပြီး ဒီရွေးကောက်ပွဲနဲ့ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခကို အတိုင်းအတာ တစုံတရာ အရှိန်လျှော့ချနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပုံလည်း ရပါတယ်။ တရုတ်နိုင်ငံ အနေနဲ့ ရွေးကောက်ပွဲရလဒ်က ဘာဖြစ်မယ် မမှန်းဆနိုင်သေးပေမယ့် စစ်အာဏာသိမ်းခြင်းရဲ့ အကျိုးဆက် ဖြစ်တဲ့ ပြည်တွင်းစစ် မီးအရှိန်မြင့်လာခြင်းကို ရွေးကောက်ပွဲ နဲ့ အဆုံးသတ်နိုင်မယ်လို့ ယူဆထားပုံရပါတယ်။ တဖက်မှာ မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ဇက်သတ်နိုင်ဖို့ သံတမန်နည်း နယ်စပ်ဖွင့်ပိတ်လုပ်တဲ့ နည်းတွေနဲ့ ကြိုးဆွဲနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ထားပုံရပါတယ်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကတော့ တရုတ်နဲ့ ရုရှား နှစ်နိုင်ငံကို အားကိုးအားထားပြုနိုင်ပြီး ပြည်တွင်းမှာ ဆုံးရှုံးနေတဲ့ စစ်ရေး၊ စီးပွားရေး ဆိုးရွားစွာဆုတ်ယုတ်ကျဆင်းမှုကို သံတမန်ရေးနဲ့ ကျားကန်နေပြီး ဒီလို အသက်ကယ်ဆေးက ဘယ်လောက်ထိရောက်မလဲဆိုတာ လာမယ့် လအနည်းငယ်အတွင်း ဖြစ်ပွားလာမယ့် အဖြစ်အပျက်တွေကို ကြည့်ရင် ခန့်မှန်းနိုင်လိမ့်မယ်လို့ ယူဆရပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar