Breaking News

တမူးအဖြစ်အပျက်နဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေး

မြန်မာနွေဦးခရိုနီကယ် - မေ ၂၁ မြင်ကွင်း

မိုးမခ၊ မေ ၂၂ ၊ ၂၀၂၅

တမူးအဖြစ်အပျက်နဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေး

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံ ၅ နိုင်ငံရှိပြီး အဲဒီ ၅ နိုင်ငံအနက် ၂ နိုင်ငံက ကမ္ဘာမှာ လူဦးရေအများဆုံးနဲ့ စီးပွားရေးအရ ဒုတိယအင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ စီးပွား ရေးတိုးတက်နေတဲ့ အင်အားကြီးနိုင်ငံတွေ တန်းစီဇယားမှာပါဝင်လာတဲ့ အိန္ဒိယနိုင်ငံတို့ ပါဝင်ပါတယ်။ အခြား ၃ နိုင်ငံမှာတော့ နိုင်ငံလူဦးရေနဲ့ နိုင်ငံဧရိယာအကျယ်အဝန်း နှိုင်းယှဥ်ရင် သိပ်သည်းဆအမြင့်ဆုံး နိုင်ငံတနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ မြန်မာရွှေ့ပြောင်းအလုပ်သမား သန်းချီရှိတဲ့ ထိုင်းနိုင်ငံနဲ့ ကွန်မြူနစ်ပါတီ အုပ်ချုပ်တဲ့ လာအိုနိုင်ငံတို့ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ကို တော်လှန်တိုက်ခိုက်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နယ်နိမိတ်ချင်းထိစပ်ရာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေး၊ တဖန် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အိမ်နီး ချင်းနိုင်ငံတနိုင်ငံချင်းရဲ့ ဆက်ဆံရေးတွေက အာဏာရှင်စစ်တပ်ကိုတော်လှန်ရာမှာ အတိုင်းအတာတခုထိ အရေးကြီးတယ်ဆိုတာလည်း နိုင်ငံရေးလေ့လာသူ အကဲခတ်သူတွေ နားလည်သိရှိထားကြတဲ့ ဘာသာရပ် တခုဖြစ်ပါလိမ့်မယ်။

တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး အိန္ဒိယနိုင်ငံနဲ့ ဆက်ဆံရေး၊ ထိုင်းနဲ့ ဆက်ဆံရေးတွေက မကြာခဏ သံ တမန်ရေးကိစ္စရပ်တွေ၊ စစ်ရေး ကိစ္စရပ်တွေမှာ သက်ရောက်မှုရှိနေတာလည်း တွေ့ရမှာပါ။ အာဆီယံနဲ့ ဆက်ဆံရေး၊ ထိုင်းနဲ့ဆက်ဆံရေးတွေက စစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ အနိုင်ယူဖို့ ရည်မှန်းထားတဲ့ NUG အပေါင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအဖို့ အရေးကြီးတဲ့ အကြောင်း အရာ ဖြစ်ပါတယ်။

လတ်တလော အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တခုဖြစ်တဲ့ မဏိပူရ်ပြည်နယ်နယ်စပ်မှာ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင် ၁၀ ဦးကို ပြည်နယ်အစိုးရရဲ့ တပ်ဖြစ်တဲ့ အာသံရိုင်ဖယ်က သတ်ဖြတ်လိုက်တယ်လို့ ယူဆရတဲ့အဖြစ်အပျက်ကို ဘယ်လိုဖြေရှင်းမလဲ၊ အိမ်နီးချင်းအိန္ဒိယနိုင်ငံက ပကဖအဖွဲ့တွေ အပေါ် ထားရှိတဲ့သဘောထား၊ ပြုမူပုံနဲ့ပတ်သက်လို့ အနာဂတ်မှာ သက်ရောက်မှုတွေက ဘာတွေ ဖြစ်နိုင်လဲဆိုတာတွေအထိ မှန်းဆပြင်ဆင်ထားစရာကိစ္စတွေ ဖြစ်လာနိုင်ပါတယ်။

မဏိပူရ်အစိုးရရဲ့ သဘောထားနဲ့ အိန္ဒိယဗဟိုအစိုးရရဲ့ မြန်မာနဲ့ပတ်သက်တဲ့ မူဝါဒ ဘယ်လောက် လိုက်လျောညီထွေဖြစ်နေသလဲ၊ ပြည်နယ်အစိုးရက ၄င်းတို့လုပ်ပိုင်ခွင့်အတိုင်းအတာနဲ့ ဗဟိုအစိုးရရဲ့ သဘောထား ဘယ်လောက်ထင်ဟပ်သလဲဆိုတဲ့မေးခွန်းတွေ ပေါ်ထွက်လာပါတယ်။
အခုဖြစ်ရပ်မတိုင်ခင်ကတည်းက အိန္ဒိယအစိုးရအနေနဲ့ စစ်ကောင်စီအစိုးရနဲ့ဆက်ဆံရေးကောင်း မွန်အောင်ထိန်းသိမ်းထားလိုတဲ့ မူဝါဒထားရှိတာ ထင်ထင်ရှားရှားတွေ့ရမှာပါ။

အာဏာသိမ်းစစ်ကောင်စီနဲ့ သံတမန်ရေးအရရော စီးပွားရေးအရပါ ပုံမှန်ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး ဒေသတွင်းအာဆီယံနဲ့ နိုင်ငံတကာက အချို့နိုင်ငံတွေက မြန်မာစစ်ကောင်စီကို ဖိအားပေးမှုတွေမှာ အိန္ဒိယအစိုးရ အနေနဲ့ ပူးပေါင်းပါဝင်ခြင်းလုံးဝမရှိတာ တွေ့ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲက စစ်အာဏာသိမ်းမှုဆန့်ကျင်ခုခံတိုက်ခိုက်တဲ့ လက်နက်ကိုင်အဖွဲ့တွေကိုထိတွေ့ဆက်ဆံမှုတွေမရှိသလို စစ်ကောင်စီငြိုငြင်စေမယ့်လုပ်ဆောင်မှုမျိုးကို ရှောင်ရှားတဲ့သာဓကတွေ ပြီးခဲ့တဲ့ ၄ နှစ်တာအတွင်း တွေ့ရမှာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်အနေနဲ့ ၄င်းတို့ ပြည်တွင်းရေးကိုယ်၌က ပြည်နယ်အစိုးရကို လက် နက်ကိုင်တိုက်ခိုက်နေတဲ့ ကသည်းခွဲထွက်ရေး သူပုန်တွေရဲ့ ပြဿနာရှိနှင့်ပြီးဖြစ်ကာ အဆိုပါ သူပုန်တပ်တွေနဲ့ ပတ်သက်လို့ မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အပြန်အလှန်ကူညီမှုတွေက စစ်အာဏာသိမ်းမှု မဖြစ်ခင်ကတည်းက ရှိနှင့်ပြီးလည်း ဖြစ်ပါတယ်။

ဒီအခြေအနေတွေက မဏိပူရ်ပြည်နယ် နဲ့ ထိစပ်နေတဲ့ဒေသတွေမှာ အိန္ဒိယဘက်က လုံခြုံရေးကို အဓိကအရေးကြီးတဲ့အချက်အဖြစ်ရှုမြင်ကာ လုပ်ဆောင်တဲ့ သဘာဝကို ထင်ရှားစေတာလည်း ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ ပါကစ္စတန်၊ တရုတ်တို့နဲ့ နယ်စပ် နယ်မြေအငြင်းပွားမှုပြဿနာ၊ နယ် စပ်ဒေသကို အခြေစိုက်ပြီး လက်နက်ကိုင်ပုန်ကန်တဲ့ သူပုန်အဖွဲ့အစည်းတွေလိုမျိုးကိစ္စတွေနဲ့ ပတ် သက်လို့ မကြာသေးခင် သီတင်းပတ်တွေနဲ့ နှစ်တွေက နယ်စပ်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တဲ့ အတွေ့ အကြုံရှိတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်အငြင်းပွားမှု ပြဿနာမဟုတ်ပေမယ့် နယ်စပ်မှာမတည်မငြိမ်မှုဖြစ်ပွားတဲ့အခါမျိုးမှာ ထိုင်းနိုင်ငံလို သည်းခံကိုင်တွယ်မယ့်နိုင်ငံမျိုးမဟုတ်တာတော့ ထင်ရှားတဲ့အချက်ပါ။

ထိုင်းနိုင်ငံနယ်စပ်တွေမှာ မြန်မာတော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ် ပွားတာမျိုးမှာ ထိုင်းစစ်တပ်က တတ်နိုင်သမျှကြားနေရပ်တည် လုပ်ဆောင်လေ့ရှိပေမယ့်အိန္ဒိယနယ်စပ်က ထိုင်းနိုင်ငံလို ကိုင်တွယ်မှုမျိုးရှိမနေတာလည်း သတိပြုစရာအချက်တချက်ဖြစ်ပါတယ်။

အခုလို စစ်အာဏာသိမ်းမှုမဖြစ်ခင်၊ လက်နက်ကိုင် လှုပ်ရှားမှုတွေမဖြစ်ပေါ်ခင် အခြေအနေမျိုးမှာ မဏိပူရ်ပြည်နယ်နဲ့ထိစပ်နေတဲ့ မြန်မာရဲ့နယ်စပ်ဒေသတွေမှာ နယ်စပ်မျဥ်းက ၁၀ ကီလိုမီတာအတွင်း အဆိုပါဒေသမှာနေထိုင်တဲ့ဒေသခံတွေ ဖြတ်ကျော်ဝင်ရောက်ခွင့်ကို နှစ်နိုင်ငံသဘောတူထားကြတာဖြစ်ပြီး မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခတွေ ကျယ်ပြန့်လာရာမှာ နယ်စပ်ခြံစည်းရိုးကာဖို့ မဏိပူရ်ပြည်နယ်ဘက်က လုပ်ဆောင်လာတာဖြစ်ပါတယ်။ ဒီလုပ်ဆောင်မှုကို ဒေသခံလူထုနဲ့ မြန်မာဘက်က လက်နက်ကိုင်အဖွဲ့တွေက ကန့်ကွက်ခဲ့ကြတဲ့အချက်ကိုလည်း မဏိပူရ်ပြည်နယ်ဘက်က ဘဝင်မကျ ဖြစ်နေတဲ့ အနေအထားဖြစ်ပါတယ်။
ဒီအခြေအနေတွေက အခုလို ပကဖ တပ်ဖွဲ့ဝင် ၁၀ ဦးကို လက်နက်တွေနဲ့အတူခေါ်ဆောင်သွားပြီး နှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ ယူဆရတဲ့အဖြစ် ဖြစ်ပေါ်စေခဲ့တာပါ။

အခုဖြစ်ရပ်နဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ တရားဝင်တောင်းဆိုမှုတွေ လူ သိရှင်ကြားလုပ်ဆောင်ထားပြီး မဏိပူရ်ပြည်နယ် အစိုးရဘက်ကတော့ တုံ့ပြန်ပြောဆိုတာ မတွေ့ရသေးပါဘူး။ မဏိပူရ်ပြည်နယ် အစိုးရအနေနဲ့ NUG အစိုးရကိုဘယ်လိုသဘောထားသလဲ၊ စင်ပြိုင် အစိုးရအဖြစ်အသိအမှတ်မပြုသည့်တိုင် De Facto သဘောမျိုးနဲ့ထိတွေ့ဆက်ဆံရမယ့်အဖွဲ့အစည်းတခုအဖြစ် သတ်မှတ်ထားသလား ဆိုတာလည်း မသိရှိရသေးပါဘူး။

အိန္ဒိယ ဗဟိုအစိုးရရဲ့ အခန်းကဏ္ဍ၊ သြဇာက ပြည်နယ် အစိုးရအပေါ် ဘယ်လောက်ရှိမလဲ စတဲ့မေးခွန်းတွေလည်း မေးစရာရှိနေတာ ဖြစ်ပါတယ်။

ဒီလို အဖြစ်အပျက်မျိုး နောက်နောင်ထပ်မံမဖြစ်ပွားဖို့က ပထမဆုံး ဦးစားပေးရမယ့်အနေအထားဖြစ်ပြီး ခုလိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲသတ်ဖြတ်ခံလိုက်ရတယ်လို့ယူဆရတဲ့ ပကဖ အဖွဲ့တွေအနေနဲ့ မဏိပူရ်ပြည်နယ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့နေရာတွေမှာ ရှေ့ဆက်နေထိုင်လှုပ်ရှားဖို့ မလွယ်တဲ့ အနေအထားလည်း ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ NUG အနေနဲ့ လူသိရှင်ကြား သံတမန်ရေးရော နောက်ကွယ်မှာ လူမသိတဲ့သံတမန်ဆက်ဆံရေး နည်းလမ်းအမျိုးမျိုးကို သုံးပြီး ကြိုးစားဖို့လိုအပ်နေတာတော့ အမှန်ပဲဖြစ်ပါတယ်။

-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar