Breaking News

မောင်လူမွှေး - ရှင်သန်သင့်တဲ့ ဒါနသစ်ပင်

မောင်လူမွှေး - ရှင်သန်သင့်တဲ့ ဒါနသစ်ပင်

မိုးမခ ၊ မေ ၂၉ ၊ ၂၀၂၅

ပြီးခဲ့တဲ့ မေ ၂၁ ရက်နေ့ လေယာဉ် ဗုံးကြဲသွားတာမှာ ဗုံးကြဲခံရတဲ့နေရာရဲ့ အနီးက အမျိုးသားတစ်ဦးဟာ သွေးတိုးသွားတယ်။ ပြီးတော့ နောက်တစ်နေ့မှာ ဆုံးသွားတယ်လို့ သိရတယ်။

မောင်လူမွှေးတို့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေထဲမှာ ကျန်းမာရေးပြဿနာဟာ ထိပ်ဆုံးကရှိနေတာဖြစ်တယ်။ အထူးသဖြင့် တောထဲမှာ နေထိုင်ကြရသူတွေနဲ့ စစ်ရှောင်စခန်းမှာ နေထိုင်ကြသူတွေအဖို့ ကျန်းမာရေးတစ်စုံတစ်ရာ ဖြစ်ခဲ့ရင် ကုသဖို့ ခက်ခဲပါတယ်။ ကုသပေးမယ့် ဆရာဝန်အခက် အခဲနဲ့ ဆေးဝါးအခက်အခဲ နှစ်မျိုးလုံးကို ရင်ဆိုင်ကြရတာဖြစ်တယ်။

ပြီးခဲ့တဲ့တစ်ပတ်က စစ်ရှောင်စခန်းတွေ သွားလာရင်း တောတိုက်က ဆေးခန်းတစ်ခု ပြုတ်သွားတာ လချီကြာနေပြီလို့ မောင်လူမွှေး မလေးက ပြောပြတယ်။ ရပ်နားလိုက်ရတဲ့ ဆေးခန်းဟာ စေတနာနဲ့ကုသပေးပြီးတော့ လူနာတွေ တတ်နိုင်သလောက်သာ အလှူငွေထည့်ရတဲ့ ဆေးခန်းမျိုး ဖြစ်တယ်။ "စေတနာ သဒ္ဓါကြေးဆိုရင်တော့ မခံဘူး။ ပြုတ်မှာဘဲ" လို့ တစ်ယောက်က မှတ်ချက်ပေးတယ်။

ပြီးခဲ့တဲ့နှစ်က စစ်ရှောင်စခန်းတစ်ခုကို ဆေးကုသဖို့သွားတဲ့ ဆေးအဖွဲ့နဲ့ မောင်လူမွှေးလိုက်သွားတယ်။ ဆေးအဖွဲ့တာဝန်ခံက ဆေးဈေးတွေ အဆမတန်ကြီးလာသလို သယ်ယူရတာလည်း စစ်ကောင်စီကြောင့် အင်မတန်ခက်ခဲတယ်လို့ ပြောပါတယ်။ စစ်ရှောင်စခန်းတွေကို တစ်လတစ်ခါလောက် ပုံမှန်လှည့်ပတ်ကုသပေးချင်ပေမယ့် ရန်ပုံငွေမရှိလို့မကုသနိုင်ကြောင်း ညည်းတွားပြီး မောင်လူမွှေးကိုလည်း ရန်ပုံငွေရှာပေးဖို့ အကူအညီတောင်းပါတယ်။ မောင်လူမွှေးလည်း အလှူခံတဲ့အလုပ်ကလွဲရင် ကျန်တာကူညီလို့ရကြောင်း ကိုယ့်ညီလိုဖြစ်နေတဲ့ သူ့ကို ရှင်းပြခဲ့ပါတယ်။

ဆေးကုသပေးတဲ့ စစ်ရှောင်စခန်းဟာ နေရေးထိုင်ရေး နေရာကျဉ်းကျပ်ပေမယ့် စားဝတ်နေရေးအရမ်းကြီးကျပ်တည်းနေတဲ့ စစ်ရှောင်စခန်းတော့ မဟုတ်ပါဘူး။ စခန်းက တာဝန်ရှိသူတွေဟာ အမြော်အမြင်ရှိသူတွေဖြစ်ပြီး ဆေးအဖွဲ့ လည်ပတ်နိုင်ဖို့အတွက် ဆေးလာကုတဲ့သူတွေ အလှူငွေ ထည့်ဝင်လိုက ထည့်ဝင်နိုင်အောင် ဖလားတစ်ခုကို ယာယီဆေးခန်းပေါက်ဝမှာ ထားပေးပါတယ်။ အဆိုပါစခန်းကို တစ်ရက်နဲ့ တစ်မနက် ဆေးကုသပေးပြီးနောက် ဖလားထဲရောက်လာတဲ့ အလှူငွေဟာ နည်းလွန်းတယ်၊ ဒီထက် ပိုများသင့်တယ်လို့ စခန်းတာဝန်ရှိသူက ဆိုပါတယ်။

တကယ်တော့ စစ်ရှောင်စခန်းမှ ဒီလိုဖြစ်တာမျိုး မဟုတ်ပါဘူး။ စစ်မရှောင်ရဘဲ ကျေးရွာမှာနေပြီး ကိုယ့်အလုပ်ကိုယ် လုပ်ကိုင်နေကြရသူတွေထဲမှာလည်း  ဇီဝိတဒါနဆေးရုံ၊ ဆေးခန်းတွေမှာ  ဆေး ကုသခံ၊ ဆေးယူပြီးရင် ဆေးရုံ ဆေးခန်း ရေရှည်ရပ်တည်ရေးအတွက် အလှူငွေကို တတ်နိုင်သလောက် ထည့်ဝင်ရကောင်းမှန်း မသိသူတွေ ရှိနေတာကို တွေ့မြင်နေရတာဖြစ်ပါတယ်။ ဇီဝိတ ဒါနဆေးရုံမှာ ကိုယ် တတ်နိုင်တဲ့အားနဲ့ ပြန်ကူခဲ့တဲ့သူနဲ့ လုံးဝအားစိုက်ကူညီခြင်းမရှိတဲ့သူ အချိုး အစားဟာ မျှတမှုမရှိတဲ့အတွက် ဆေးအဖွဲ့တွေဟာ ဗျာများကြရတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်နဲ့ သိပ်မဝေးတဲ့ ရှေ့တန်းနယ်မြေတစ်နေရာကို မောင်လူမွှေးရောက်တော့ အဲ့ဒီတောတောင်ထဲမှာ လုပ်ကိုင်စားသောက်နေကြသူတွေဟာ ကျန်းမာရေးအတွက် တော်လှန်ရေးဆေးတပ်သားလေးကိုပဲ အားကိုးအားထားပြုကြရတာကို  တွေ့ခဲ့ရပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ရဲ့ ဆေးတပ်သားလေးဟာလည်း သူ့ဆေးခန်းမှာ လူနာတွေကို အခမဲ့ကုသပေးပြီး လူနာတွေက တတ်နိုင်သလောက် အလှူငွေထည့်ရင် လက်ခံပါတယ်။

"အလှူငွေထည့်ရင် ဆေးရန်ပုံငွေရတော့ သူတို့အတွက်ပါပဲ။ မထည့်နိုင်တဲ့သူတွေ ဆေးခန်းမလာမှာစိုးလို့ သူတို့ကိုလည်း သွားသွားကြည့်ဂရုစိုက်ပေးရတယ်။ ကျနော် ကုပေးလို့ အဖျားပျောက်သွားတဲ့ သူတစ်ယောက်ကတော့ သူ နှစ်ည ငါးရှာပြီး ရောင်းလို့ရတဲ့ ပိုက်ဆံအားလုံးကို ဆေးရန်ပုံငွေ လာထည့်တာ မှတ်မှတ်ရရပဲ" လို့ မောင်လူမွှေးကို ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ မောင်လူမွှေးနေတဲ့ ဒေသက အခမဲ့ ဆေးရုံတစ်ခု ပိတ်သွားပြီလို့ သိရတယ်။ ငွေရေးကြေးရေးအခက်အခဲကြောင့်မဟုတ်ဘဲ စစ်ကောင်စီရဲ့ ဖိအားကြောင့် ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှာ စိုးရိမ်တာကြောင့် ပိတ်ရတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ ဆရာဝန်၊ သူနာပြု ၊ ပစ္စည်းကိရိယာတွေ အစုံနဲ့ ဆေးရုံတစ်ရုံ ပိတ်လိုက်ရတာ ဒေသခံပြည်သူတွေအတွက် အများကြီးနစ်နာလှတယ်။

" ကြည့်နေ... အရေးပေါ်ကိစ္စတွေဆို မလွယ်တော့ဘူး။  လူတွေ အများကြီး ပိုသေကြတော့မှာ" လို့ CDM ဆရာမလေးတစ်ယောက်က မောင်လူမွှေးကို ပြောပါတယ်။

တကယ်တော့ လူ့အသက်ကို ကယ်တဲ့ ဇီဝိတဒါန ဆိုတာ အမြဲရှင်သန်သင့်တဲ့ ဒါနသစ်ပင် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဒါနသစ်ပင်ရဲ့ အရိပ်ကို ခိုလှုံသူသာ များပြီး ရေလောင်းမယ့်သူ မရှိရင်၊ သူတစ်ပါးရေလောင်းပေးတာကိုပဲမျှော်ကိုးနေရင် သစ်ပင်ဟာ ရေရှည်ရှင်သန်နိုင်မှာ မဟုတ်ပါ။ ကိုယ်အရိပ်ခိုနေတဲ့ သစ်ပင်၊ ကိုယ့်ကျန်းမာရေးကို စောင့်ရှောက်ပေးနေတဲ့ အပင်ကို  မထနိုင်အောင် ချည်းနဲ့နေသူတွေကလွဲရင် ကိုယ် တတ်နိုင်တဲ့အားလေးနဲ့ ရေလောင်းပေါင်းသင် ပြုသင့်တယ်လို့ မောင်လူမွှေး ထင်တယ်။

မောင်လူမွှေးတို့ စစ်အာဏာရှင်ကို တော်လှန်ရာမှာ ပြောခဲ့ကြတဲ့ "ငါတို့မှာ ငါတို့ပဲ ရှိတယ်" ဆိုတဲ့ စကားကို အမြဲနှလုံးသွင်းကြရင် ကောင်းမယ်လို့ မောင်လူမွှေး တွေးမိပါတယ်။ လက်ရှိကာလမှာ မောင်လူမွှေးတို့ဟာ တော်လှန်ရေး၊ ကျန်းမာရေး၊ ပညာရေးကို တတ်နိုင်သမျှ ကိုယ့်အားကိုယ်ကိုးကြရမှာ ဖြစ်တယ်။ ကိုယ့်အားကိုယ်ကိုးကြမှ၊ တတ်နိုင်သမျှ ရုန်းကန်ကြမှ အဆင်ပြေမယ်လို့ ယုံကြည်တယ်။

သစ်ပင်တစ်ပင်ဟာ ရေလောင်းပြီးရှင်သန်တာနဲ့ မိုးရွာပြီး ရှင်သန်တာမတူပါဘူး။ မိုးကြောင့်ရှင်သန်တဲ့ သစ်ပင်တွေဟာ ပိုစိမ်းလန်းပြီး၊ ပိုကြီးထွားကြတယ်။ ရေလောင်းပြီး ပွင့်တဲ့ပန်းထက် မိုးကြောင့် ပွင့်တဲ့ပန်းက ပိုလှပါတယ်။ 

ဇီဝိတဒါနသစ်ပင်တွေရှင်သန်ဖို့ မောင်လူမွှေးတို့ ပြည်သူ တစ်ယောက်ချင်းက ကျလာမယ့် မိုး ပေါက်တွေ လိုအပ်နေတယ်လို့ မောင်လူမွှေး မြင်မိပါတယ်ခင်ဗျာ။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar