Breaking News

ကိုအောင်မှိုင်း - အိပ်မက်မြစ်

အိပ်မက်မြစ်

ကိုအောင်မှိုင်း

မိုးမခ ၊ မေ ၁၁ ၊ ၂၀၂၅

ယုံကြည်မှုဆိုတာကလွဲပြီး

အရာအားလုံးကို ဘဝထဲက

လွှတ်ချပစ်လိုက်ကြတယ်။


လွှတ်ချလိုက်ရတဲ့

လွမ်းဆွတ်မှုတွေတွက်

နောင်တမရကြတာ သေချာတယ်။


လွှတ်ချလိုက်ရလို့

ရလာတဲ့ ဆုံးရှုံးမှုတွေဟာ

အနာဂါတ်တွက် တံတားတစင်းဘဲ။


အပေါစားဆန်တဲ့

ကိုယ်ကျင့်တရားတွေ

အာဏာရမ္မက်တွေနဲ့

ငြိမ်းချမ်းတဲ့ အနာဂတ်ကို

တည်ဆောက်နိုင်မယ်တဲ့လား။


ငါတို့မှာ

အိပ်မက်တစင်းရှိတယ်

အဲဒါက

ရန်သူနဲ့ စီးချင်းထိုးခြင်းပဲ။


အလွမ်းတွေကို 

လွှတ်ချပစ်လိုက်ကြတယ်

တိမ်မဲမဲကြီးကို

လွှတ်ချပစ်လိုက်ကြတယ်

နှောင်ကြိုးတွေကို 

လွှတ်ချပစ်လိုက်ကြတယ်

အိပ်မက်မြစ်တစင်းနဲ့အတူ စီးဆင်းကြမယ်။

-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar