မောင်လူမွှေး - လွမ်းပါရစေ
မောင်လူမွှေး - လွမ်းပါရစေ
မိုးမခ ၊ မေ ၁၁ ၊ ၂၀၂၅
နာရေးကိစ္စက လွဲရင် အလှူတွေ၊ မွေးနေ့တွေ၊ ဆွေးကျွေးဖိတ်တာတွေ၊ အချို့ မင်္ဂလာဆောင်တွေကို မောင်လူမွှေး လူကိုယ်တိုင် မရောက်တာ သိပ်ကိုများပါတယ်။ အဲဒီကိစ္စတွေကို သွားနေရင်လည်း မောင်လူမွှေး စာသင်ချိန်တွေ၊ အလုပ်တွေ ပျက်မယ်။ စာသင်ချိန်ပျက်ရင် ကလေးပေါင်း တစ်ရာဝန်းကျင်လောက် ပညာသင်ခွင့် တစ်နာရီ ဆုံးရှုံးမှာကို မောင်လူမွှေး အဖြစ်မခံနိုင်ပါ။
လူမူရေးတွေထဲကမှ နာရေးကိစ္စ ဆိုရင်တော့ ခဏပဲဖြစ်ဖြစ် လူကိုယ်တိုင် ရောက်အောင်သွားတယ်။ ပြီးခဲ့တဲ့ရက်က မောင်လူမွှေး နေတဲ့ နေရာက နာရေးကို ပိုက်ဆံသွားကူပြီး စာသင်ဖို့ ပြေးရတာကြောင့် နာရေးအိမ်မှာ ခဏတောင် မထိုင်နိုင်ခဲ့ပါဘူး။ နာရေးပြီးလို့ နောက်တစ်ရက်မှပဲ နာရေးအိမ်ကို မနက်ပိုင်း စာသင်ပြီးချိန် ခဏပြန်သွားထိုင်ရတော့တယ်။
အဲဒီနာရေးအိမ်ဟာ သုံးလအတွင်း အဖေရော၊ အမေရော ဆုံးပါးသွားတဲ့အိမ် ဖြစ်တယ်။ အသက်ခုနစ်ဆယ်ဝန်းကျင် အရွယ် ဇနီးမောင်နှံဟာ ရှေ့ဆက်နောက်ဆင့် ကွယ်လွန်သွားခဲ့တာဖြစ်တယ်။ တိုက်ဆိုင်မှုကတော့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ နာရေးကိစ္စရက်တိုင်းမှာ ဒေသတွင်းကို လေကြောင်းလာရောက်တိုက်ခိုက်တာနဲ့ကြုံကြရတာဖြစ်တယ်။ နာရေးချပြီးတဲ့နေ့ည လေယာဥ်လာလို့ ဗုံးခိုကျင်းထဲပြေးကြရတော့ ကျန်ရစ်ခဲ့တဲ့ သား သမီးတွေဟာ ဗုံးခိုကျင်းလေးထဲက သူ့တို့အဖေ၊ အမေ ပုန်းခဲ့တဲ့နေရာလေးကို ကြည့်ပြီး သတိရကြတယ်လို့ ဆိုပါတယ်။ နောက်နောင်လေယာဥ်လာလို့ ဗုံးခိုကျင်းထဲပြေးရတိုင်းလည်း သူတို့မိဘနှစ်ပါးကို သတိရကြပေလိမ့်မယ်။
တစ်ရက်တော့ ဆရာမလေးတစ်ယောက်က သူ့သင်ခန်းစာ နောက်ကျနေလို့ ညနေပိုင်း မောင်လူမွှေးရဲ့ စာသင်ချိန်ကို တစ်ရက်လောက် ဝင်ပါရစေလို့ မနက်ပိုင်းမှာ လာခွင့်တောင်းတယ်။ မောင်လူမွှေးလည်း ကိုယ့်စာသင်ချိန်ကို ကြည်ကြည်ဖြူဖြူ ပေးလိုက်ပါတယ်။ ဒီလို ညနေပိုင်း အားလပ်တဲ့အခွင့်အရေးမရတာ တစ်လကျော်ကြာပြီဖြစ်တယ်။
အားလပ်ခွင့်ရတဲ့ ညနေပိုင်းအချိန်လေးမှာ မောင်လူမွှေးတို့ လင်မယားနှစ်ယောက် ဆွေမျိုးတောကို သွားကြတယ်။ မောင်လူမွှေးရဲ့ မိလေးနဲ့ အုန်းလေးတောကို သွားကြတာပါ။ မောင်လူမွှေးတို့ဒေသမှာ အမေဘက်က တော်တဲ့ အမေ့ညီမကို မိလေးလို့ခေါ်ပြီး အမေ့မောင်ကို အုန်းလေး လို့ခေါ်ကြတယ်။
မိလေးတောကို အရင်ဝင်ကြတယ်။ မောင်လူမွှေး ကြင်ရာတော်က မိုးရာသီမှာ သုံးဆောင်ရအောင် သရက်သီးခြောက် လုပ်ဖို့ သရက်သီးတွေ အများကြီး ကောက်တယ်။ နောက် အုန်းလေးတောကို ရောက်လို့ သရက်သီးကောက်မယ်လုပ်တော့ "ဟိုမှာ မင့်အဖေစိုက်ခဲ့တဲ့ အပင်။ ရွှေဥဒေါင်းမျိုး၊ စားလို့ကောင်းတယ်" လို့ အုန်းလေးက သရက်ပင် ညွှန်ပြပြီး ပြောတယ်။ "သူ့အဖေစိုက်ခဲ့တဲ့ပင်" လို့ မောင်လူမွှေး ဇနီးကိုလည်း အုန်းလေးက ထပ်ပြောလိုက်သေးတယ်။
အုန်းလေးရဲ့ စကားကြောင့် မောင်လူမွှေးဟာ ခဏငိုင်သွားတယ်။ ပြီးခဲ့တဲ့ ၁၅ နှစ်က ဆုံးသွားတဲ့ ဖေဖေ့ကို လွမ်းဆွတ်သွားတာပါ။ ခု ဖေဖေ ကျောင်းဆရာလုပ်ခဲ့တဲ့ ဒေသမှာ မောင်လူမွှေး ကျောင်းဆရာ လာလုပ်နေရတယ်။ သရက်သီးအိတ်ကို ဆိုင်ကယ်ခွကြားမှာ တင်ပြီး ပြန်ခဲ့တဲ့လမ်းတလျှောက်လုံး မောင်လူမွှေး ဖေဖေ့ကို လွမ်းနေတယ်။
မောင်လူမွှေး နှစ်နှစ်ကာကာ မလွမ်းတတ်တာ အချိန်အတော်ကြာခဲ့ပြီ။ မိသားစု၊ တပည့်တွေနဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို သတိရတဲ့ အချိန်တွေ ရှိတတ်ပေမယ့် လွမ်းတဲ့ခံစားမှုအဆင့်ထိတော့ ရောက်မလာခဲ့ပါဘူး။ တောထဲကို သရက်သီးကောက်သွားရင်း "မင့် အဖေစိုက်ခဲ့တဲ့ အပင်" ဆိုတဲ့ အုန်းလေး စကားကြောင့် မောင်လူမွှေး လွတ်မြောက်နယ်မြေမှာ သိမ်မွေ့တဲ့ အလွမ်းကို ပထဆုံးအကြိမ် ခံစားမိတယ်။ ကျေးဇူးတရားတွေ ထုံမွှမ်းနေတဲ့ အလွမ်းမို့ အရသာရှိပါတယ်။
အိမ်ကို ပြန်ရောက်တော့ မစ်(စ)မွှေးက သရက်သီးတွေကို ခွဲခြမ်းပြီး သရက်ခြောက်လှန်းပါတယ်။ ဒီသရက်သီးခြောက်တွေချက်ပြီးစားတဲ့အခါ အဖေစိုက်ခဲ့တဲ့ သရက်ပင်က သရက်သီးတွေပါလားလို့ မောင်လူမွှေး အောက် မေ့လွမ်းဆွတ်မိတော့မယ်။ အဖေနဲ့ပတ်သက်တဲ့လွှမ်းစိတ်ကိုဖော်ပေးတဲ့အတွက် ဇနီးကိုလည်း ကျေးဇူးတင်မိမယ်။
စစ်အာဏာသိမ်းပြီးကတည်းက ဆုံးရှုံးရတဲ့ထဲမှာ ဆွတ်ပျံ့ဖွယ်အလွမ်းတွေလည်း ပါတယ်။ ကြေကွဲမှု၊ နာကျည်းမှု၊ ခံပြင်းမှုတွေ များများပါဝင်တဲ့အလွမ်းတွေကိုပဲ လူတွေခံစားနေကြရတယ်။ ခုကာလအနေအထားနဲ့ ဆွတ်ပြန့်ဖွယ်အလွမ်းကိုခံစားလိုက်ရတာ မောင်လူမွှေးကံကောင်းတယ်။ ဒါပေမယ့် ဒီအလွမ်းဟာ အေး အေးဆေးဆေးရှိမှ တာရှည်ခံမယ်လို့ထင်တယ်။ စစ်ကောင်စီရဲ့ လေယာဥ်သံတွေဟာ ကြည်နူးဖွယ်အလွမ်းကို အလွယ်တကူပဲ ဖျက်ဆီးပစ်နိုင်ကြတယ်။
တကယ်တော့ ခုကာလမှာ ကြည်နူးဆွတ်ပျံ့ဖွယ်အလွမ်းကိုခံစားခွင့်ရဖို့ အင်မတန်ခက်ခဲတယ်။ စစ်အာဏာ ရှင်ကိုတော်လှန်နေကြတဲ့ သူတွေအားလုံး ခဏတာအချိန်လေးပဲဖြစ်ဖြစ် ဆွတ်ပျံ့ဖွယ်အလွမ်းကို ခံစားနိုင်ကြပါစေလို့ မောင်လူမွှေး ဆုတောင်းလိုက်ပါတယ်ခင်ဗျာ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar