ဖလော်ဒါဟန် - လေဟာနယ်ပြတိုက်များမှ သင်ခန်းစာ
လေဟာနယ်ပြတိုက်များမှ သင်ခန်းစာ
ဖလော်ဒါဟန်
မိုးမခ ၊ မေ ၂၂ ၊ ၂၀၂၅
မေလ ၁၈ ရက်နေ့က အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ပါ။
၁၉၇၇ ခုနှစ်က စတင်ခဲ့တဲ့ ပြတိုက်များနေ့သည် ယနေ့အချိန်ဆို ၄၈ နှစ်ပြည့်ခဲ့ပါပြီ။
မြန်မာပြည်မှာတော့ အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ကို မိဘများနဲ့ အများပြည်သူ ကျောင်းသားများ သိရှိမှု အလွန်အားနည်းခဲ့ပါတယ်။
ယခင် ပြည်သူ့အစိုးရလက်ထက်မှာတော့ လူငယ်များမှ ပြတိုက်ပညာပေးခရီးစဉ်များ လာရောက်ခြင်း ပြတိုက် လေ့လာရေးမှာ ညကျောင်းသားလူငယ်များ၏ စိတ်ဝင်စားမှု အားကောင်းသည်ဟု မဆိုသာပေမဲ့ လူငယ်များအတွက် ပညာပေးရာ ပညာရပ်များ စုစည်းမှုနေရာအဖြစ် အနည်းငယ် သိလာကြပါတယ်။
ယနေ့အချိန်မှာတော့ နိုင်ငံအရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး လူစွမ်းအားအရင်းအမြစ် စသည့် မြန်မာပြည်ကြီး၏ အဘက်ဘက်မှ ယိုယွင်းနေသည့် တိုင်းပြည်အတွက် ပညာပေးရာ နေရာဒေသတွေမှာ ခြောက်သွေ့ခဲ့ရပြီး ဆေးရုံ ဆေးပေးခန်းတွေမှာ လူတွေ စည်ကားနေတာ တွေ့မြင်နေရပါတယ်။
အခုလို မြင်ကွင်းများမှ သမိုင်းပုံရိပ်များမှ လေဟာပြင်ပြတိုက်ကြီးအဖြစ် တွေ့မြင်နိုင်သည့် ငလျင်ခံဒေသများဖြစ်သည့် မန္တလေး နေပြည်တော်၊ အမရပူရ နေပြည်တော်၊ အင်းဝနေပြည်တော်တို့သည် အပျက်အစီးအများဆုံးပါ။
အမှန်တိုင်းပြောရမည်ဆိုက အနံ့ပေါင်းစုံ အပြိုအပျက်များစွာဖြင့် မြို့ရဲ့ဂုဏ်က မတင့်နိုင်သေးသည့် အခြေအနေပါ။
ပြတိုက်များ ဆိုသည်မှာ လူသားများအတွက် စိတ်ပျော်ရွှင်စရာများ ဖြစ်အောင် အကောင်းမြင်စိတ်ဖြင့် မိမိတို့အချင်းချင်း ပြုပြင်ပြောင်းလဲမှုတွေကို အတူတကွ ပူးပေါင်းဆောင်ကြမှာပါ။
ဒါမှလည်း မိမိတို့ ပေးချင်သည့် သတင်းအချက်အလက်များသာမက အကျိုးကျေးဇူးများစွာ ပြည်သူလက်ထဲ ရောက်ရှိမှာပါ။
အခုလို သဘာဝဘေးဒဏ်ခံ ရုပ်ဝတ္ထုပစ္စည်းများသည် တချိန်က လူသား တဦး တယောက်ချင်းစီရဲ့ လူဘဝအသက်ရှင်မှု ဘာသာထုံးတမ်းဓလေ့ ကိုးကွယ်ယုံကြည်မှု၊ ဘာသာစကား ရိုးရာအစားအစာ စသည့်အကြောင်းအရာများဖြင့် ယဉ်ကျေးမှုအဝန်းအဝိုင်းကြီးပါ။
အခုလို လူသားတွေရဲ့ ရိုးရာဓလေ့တွေကို သဘာဝဘေးဒဏ်ကြီးက ဖြိုဖျက်လိုက်ခြင်းသည် နေရာဒေသအစုံမှ ယဉ်ကျေးမှုဆိုင်ရာ ထုံးတမ်းဓလေ့ များများ ပျက်စီးခဲ့သလို နောက်ထပ်အသစ် အသစ်သော ယဥ်ကျေးမှုများ တဖန် မွေးဖွားဖို့ အခြေအနေတခု ဖြစ်လာမှာပါ။
ပြည်သူများကလည်း နဂိုမူလ ဆိုသည်ထက် လက်ရှိအနေအထားမှာ အသက်ရှင်နေထိုင်ဖို့ ပြန်လည်ရုန်းကန်ရတော့မယ့် အခြေအနေတွေပါ။
ယနေ့အချိန်အထိ မလှမပ ရှိနေဆဲဖြစ်တဲ့ မြို့ကြီးများရဲ့အခြေအနေသည် မှတ်တမ်းဝင်ယဉ်ကျေးမှု နယ်ပယ်သမိုင်းမှတ်တိုင် ဖြစ်သလို မထင်မရှား ရှိနေသည့် ရပ်ရွာဒေသများမှ အပြိုအပျက်များသည်လည်း အစိုးရ မင်းလုပ်မည့်သူများအတွက် ပြုပြင်ပြောင်းလဲမှုများ အများဆုံး လုပ်ဆောင်ရမည့် အခြေအနေလို့ ဆိုရပါလိမ့်မယ်။
စစ်နဲ့ခေတ်မှာ မြို့ကြီးပြကြီးများရဲ့ မနီးမဝေး နေရာဒေသတွေမှာမှ လူနေအဆောက်အုံများ တိုးချဲ့လာခြင်းသည် ပတ်ဝန်းကျင် ညစ်ညမ်းမှုများ ပူးတွဲသယ်ဆောင်နေပါပြီ။
ဒီထက်ဆိုးသည်က ပြည်သူများအတွက် ရင်ထဲက ပြတိုက်ကို မတည်ဆောက်နိုင်ကြခြင်းပါပဲ။
ပြတိုက် ဟူသည် ပြည်သူများနဲ့ ကလေးသူငယ် ကျောင်းသားအတွက် ပြယုဂ်တခုပါ။
ဒီလို ပြယုဂ်တခုကို မွေးဖွားနိုင်ဖို့ဆိုတာ မိမိတိုင်းပြည်ရဲ့ အနေအထားနဲ့ ပညာပေးကဏ္ဍတို့ဟာ သဟဇာတဖြစ်နေဖို့တော့ လိုပါတယ်။
ရှေ့ဆောင်လမ်းပြကောင်း ဖြစ်မှ နောက်လိုက်ကောင်း ဖြစ်မှာပါ။
မိမိမြို့ရွာ ဒေသတွေမှာ အမှိုက်ကိုတောင် စွန့်ပစ်ဖို့တောင် ပညာပေးမရှိ ပစ်ချင်သည့် ပစ်နေကြသည့် အနေအထားမှာ ရှိကြပါသေးတယ်။
အရေးပါသည့် ရေသွင်းရေထုတ်မြောင်းများ ထားရှိပါလျက် မြောင်းများကို ပိတ်ဆို့မြေဖို့ အိုးအိမ်တည်ဆောက်ခြင်းကလည်း မြို့ရဲ့အနေအထားကို ရုပ်ဆိုးအကျည်းတန်တာတော့ အမှန်ပါ။
အသေးစိတ်ကစလို့ ပညာရပ်တခုအဖြစ် မပြောင်းလဲနိုင်ခြင်း ပညာမပေးနိုင်ခြင်းမှ ပြည်သူများရဲ့ အနာဂတ် ဆိုတာကို အော်နေလို့ မရပါဘူး။
အခုဆို ကျွန်မ ရောက်နေတဲ့နေရာမှာ အမှိုက်စွန့်ပစ်မှုကို စည်းကမ်းဖြင့် မစွန့်ပစ်ကြခြင်း
ရေဝင်ရေထွက်မြောင်းများကို မြေဖို့၍ အိုးအိမ်တည်ဆောက်ခြင်းများကို အများဆုံး ပြုလုပ်နေကြတာ တွေ့ရပါတယ်။
ကျွန်မတို့နိုင်ငံအတွက် အချို့သော ပြည်သူတွေ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးရသည်မှာ သဘာဝဘေးဒဏ်များကြောင့် အပုံ ၂ ပုံဆို ကျန်သည့်၁ပုံသည်မိမိတို့ရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင်းလို့ ဆိုလို့ရပါမယ်။
ဒါကြောင့်ခြေလှမ်း ကျော်ပြီး အပြည်ပြည်ဆိုင်ရာအထိ စိတ်ကူးယဉ်အိပ်မက် မမက်ကြပါနဲ့။
ဒီအိုးနဲ့ဒီဆန် အံဝင်ခွင်ကျဖြစ်ဖို့ အရင်ဆုံးပြည်သူတွေဘက်မှလည်း လိုအပ်ချက်များကို ပြုပြင်လိုက်နာဖို့ လိုပါလိမ့်မယ်။
အခုဆို သဘာဝပေးလိုက်တဲ့ သင်ခန်းစာ
မိမိတို့ကိုယ်တိုင် ကျက်မှတ်ရမယ့် သင်ခန်းစာ
ဒါထက် အရေးကြီးတာက လူဘောင်နယ်ပယ်မှာ စနစ်ကောင်းတခုကို လူသားတိုင်း စားသုံးခွင့်ရမယ့် လူ့အခွင့်အရေး ဆိုသည့် ပန်းတိုင်ကို ရောက်ရှိဖို့ ပြည်သူတိုင်းမှာ တာဝန်ရှိသည် ဆိုသည်ကိုထောက်ပြချင်ပါတယ်။
ကျွန်မတို့အတွက် ယနေ့အချိန်အထိ စိတ်မကောင်စရာ လေဟာနယ်ပြတိုက်ကြီးများရဲ့မြင်ကွင်းများသည် ငလျင်ခံဒေသတွေမှာတင် မဟုတ်ပါဘူး။ ပြည်တွင်းစစ်နဲ့အတူ မငြိမ်းချမ်းသည့် ကာလတလျှောက်ရှိနေမည့် မြန်မာနိုင်ငံရဲ့ ဒေသစုံ နယ်ပယ်အစုံမှာ လေဟာနယ်ပြတိုက်ကြီး ရှိနေပါပြီ။
နိုင်ငံတိုင်းမှာ အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ ဆိုရင် ပြည်သူတွေက မည်သည့်ပြတိုက်ကိုမဆို အခမဲ့ ဝင်ရောက် လေ့လာခွင့်ရကြပါတယ်။
ကျွန်မတို့ပြည်သူတွေကတော့ လေ့လာခွင့်နဲ့လေ့လာခြင်းမှာ မလွတ်လပ်မှူကပူးတွဲ ရှိနေတာမို့ ယနေ့အချိန်အထိပန်းတိုင်းမပွင့်နိုင်ကြပါဘူး။ ပြည်သူတိုင်းလည်း မပျော်နိုင်ကြပါဘူး။
တလ ရဲဘော်တွေလည်း အိမ်နဲ့ ဝေးနေကြဆဲပါ။
လေဟာနယ် ပြတိုက်ကြီးများကလည်း ကူရာမဲ့ဘဝတွေမှာ အပြစ်သားများအဖြစ် ငွေပေးလာဘ်ထိုးဘဝတွေနဲ့ အုတ်ပုံဘဝမှာ ရပ်တည်နေကြဆဲပါ။
အချို့ဆို လေဟာနယ်ပြတိုက်ကြီးများရဲ့ သက်တမ်းကိုလည်း အစိုးရ ဆိုသည့် အုပ်ချုပ်သူများ မေ့ထားကြဆဲပါ။
သက်တမ်းအကြောင်း ပြောတော့ မြန်မာပြည်ရဲ့ ပြတိုက်များမှာ သက်တမ်းလွန်ပြတိုက်များမှ သက်တမ်းနုပြတိုက်များအထိ ရေရှည်တည်တံ့ခိုင်မြဲဖို့ ပြတိုက်အရည်အသွေးများ ပြည့်မီဖို့ အများကြီးလိုအပ်သလို အနာဂတ်လူများအတွက် လှည်ဖျားမှုကင်းတဲ့ ပြတိုက်များ ဖြစ်ပါစေကြောင်းအကြံပြုလိုက်ရပါတယ်။
-
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar