လက်နက်ကိုင် တော်လှန်ရေး ၅ နှစ်ကြာပြီးနောက် စစ်ရေး အနေအထားနဲ့ နိုင်ငံရေးအနေအထား
မြန်မာနွေဦးခရိုနီကယ် - မေ ၄ မြင်ကွင်း
(မိုးမခ) မေ ၅ ၊ ၂၀၂၆
လက်နက်ကိုင် တော်လှန်ရေး ၅ နှစ်ကြာပြီးနောက် စစ်ရေး အနေအထားနဲ့ နိုင်ငံရေးအနေအထား
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် PDF တွေကို နိုင်ငံရေးအရ စိန်ခေါ်မှုတွေနဲ့ စစ်ရေးလက်လွှတ်ဆုံးရှုံးမှုတွေ ခပ်စိပ်စိပ်ကြုံနေကြရသည့်တိုင် အန္တိမပန်းတိုင်ကို မျက်ခြည်မပြတ်ဖို့ တိုက်တွန်းလိုက်တယ် ဆိုတဲ့ သတင်းဖော်ပြမှုတွေ ဖတ်ရှုကြရပါတယ်။ NUG ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းပိုက်ရရှိထားတဲ့ မြို့တချို့ ယာယီစွန့်ခွာရတာတွေရှိသလို အခက်အခဲတွေ ရှိနေပေမဲ့ အပြီးသတ်အောင်ပွဲဆီ ရောက်တဲ့အထိ စိတ်ဓာတ်မကျဘဲ ဆက်လက်တိုက်ပွဲဝင်ကြဖို့ ပေးပို့တဲ့ သဝဏ်လွှာမှာ တိုက်တွန်းလိုက်တဲ့အကြောင်း သတင်းလည်း တွေ့ရှိရတာ ဖြစ်ပါတယ်။
ခုလို PDF တပ်ဖွဲ့ ၅ နှစ်ပြည့်မြောက်တဲ့ မေလ ၅ ရက်နေ့မတိုင်ခင် NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထဲရေးဝန်ကြီးနဲ့ အခြားသော အစိုးရအဖွဲ့ဝင်တွေ ပါဝင်ပြီး ပဲခူးတိုင်းထဲက မြို့တမြို့မှာ မြို့တွင်း လမ်းလျှောက်သွားကြတဲ့ ဗီဒီယိုတို တခုလည်း NUG ဆိုရှယ်မီဒီယာပေ့ချ်မှာ ထုတ်ပြန်ခဲ့ပါတယ်။
နွေဦးတော်လှန်ရေး ၅ နှစ်ပြည့်မြောက်လာချိန်မှာ NUG လက်အောက်က PDF တပ်ဖွဲ့တွေ၊ အချို့သော တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ နဲ့ LPDF တပ်ဖွဲ့အချို့ ထိန်းချုပ်စိုးမိုးထားတဲ့ မြို့၊ နယ်မြေအချို့ကို လတ်တလောကာလမှာ လက်လွှတ်လိုက်ရတဲ့ သတင်းတွေလည်း ပေါ်ထွက်လာနေတာ ဖြစ်ပါတယ်။ မန္တလေးတိုင်းထဲက ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းတလျှောက်၊ စစ်ကိုင်းတိုင်းထဲက ကသာနဲ့ အင်းတော်၊ ချင်းပြည်နယ်မှာ ဖလမ်းမြို့၊ ဂန့်ဂေါခရိုင်ထဲက ချင်းပြည်နယ်တောင်ပိုင်းနဲ့ အညာဘက်ဆက်သွယ်ထားတဲ့ လမ်းကြောင်းပေါ်က ကံကြီးကျေးရွာ အစရှိတဲ့ စစ်ရေးသတင်းတွေက တော်လှန်ရေးအင်အားစုတွေဘက်က ဆုတ်ခွာပေးနေရတဲ့ အနေအထားမျိုး ဖြစ်နေတာကို တွေ့ကြရပါတယ်။
တပြိုင်နက်တည်းမှာ အာဏာသိမ်းစစ်တပ် အနေနဲ့ ရှေ့ဆက်မတိုးနိုင်တဲ့ စစ်မျက်နှာတွေလည်း ရှိနေတာတွေ့ကြရမှာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ဆိုရရင် တနှစ်ခွဲဝန်းကျင်ရှိလာတဲ့ ဗန်းမော်မြို့သိမ်း တိုက်ပွဲ၊ ဖားကန့်၊ မကွေးတိုင်းထဲက ရခိုင်ရိုးမဖြတ် နတ်ရေကန် ဗျူဟာကုန်း၊ ဧရာဝတီတိုင်း ရခိုင်ပြည်နယ်တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ လေးမျက်နှာ စတဲ့ စစ်မျက်နှာတွေ နဲ့ ကရင်ပြည်နယ်က နယ်စပ်မျဥ်းပေါ်က ခြေကုပ်စခန်းတချို့ကို အပြင်းအထန် ကာကွယ်နေရတာမျိုး ဖြစ်ပါတယ်။
ဒီအခြေအနေတွေကို ကြည့်ရင် အာဏာသိမ်းစစ်တပ်အနေနဲ့ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေ အားလုံးကို တပြိုင်တည်း ထိုးစစ်ဆင်နိုင်တဲ့ အနေအထားမဟုတ်တာ ထင်ရှားပါတယ်။ တဖက်မှာလည်း ပြီးခဲ့တဲ့ ၂ နှစ် ကျော်ကာလအတွင်း လက်လွှတ်ဆုံးရှုံးထားတဲ့ နယ်မြေနဲ့ မြို့တွေ၊ အရှေ့ အနောက် ဆက်သွယ်ရေး လမ်းကြောင်း၊ တောင်မြောက်ဆက်သွယ်ရေး လမ်းကြောင်းတွေကို အဓိကဦးစားပေး ထိန်းချုပ်ဖို့ မဟာဗျူဟာ ချထားတဲ့ အသွင်သဏ္ဍာန်၊ တော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေရဲ့ ဝင်ငွေရနိုင်တဲ့ လမ်းကြောင်း၊ နယ်မြေတွေကို ဖြတ်တောက်ဖို့ နေရာယူဖို့ ရည်ရွယ်ချက်တွေကို သိသာစွာ မြင်နိုင်တာလည်း ဖြစ်ပါတယ်။
MDY-PDF ထိန်းချုပ်ခဲ့တဲ့ မတ္တရာ၊ သပိတ်ကျဥ်း၊ စဥ့်ကူး၊ တကောင်း အစရှိတဲ့ နယ်မြေတွေ လက်လွှတ် ဆုံးရှုံးခြင်းဟာ တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေရဲ့ အရှေ့ အနောက် ကူးလူးဖြတ်သန်းတဲ့ လမ်းကြောင်းကို ဖြတ်တောက်ခံရတဲ့ သက်ရောက်သလို ဧရာဝတီမြစ် တလျှောက် မန္တလေးကနေ ဗန်းမော်အထိ ရေလမ်းကြောင်းကိုလည်း အာဏာသိမ်းစစ်တပ်ဘက်က ပြန်ပြီး စိုးမိုးနိုင်သွားတဲ့ အခြေအနေမျိုးလည်း ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် သြဂုတ်လမှာ စစ်တပ်ဘက်က ရေလမ်းကြောင်းကနေ ရိက္ခာ၊ တပ်ဖွဲ့ဝင်နဲ့ လက်နက်ခဲယမ်းတွေ ဖြည့်တင်းခဲ့စဥ်က မြစ်ကြောင်းတလျှောက် တိုက်ခိုက်မှုတွေကြောင့် အာဏာသိမ်းစစ်တပ်ရဲ့ သင်္ဘောတွေ ခက်ခက်ခဲခဲ ဆန်တက်လာခဲ့ရတာ ဖြစ်ပါတယ်။
အဆိုပါ အဖြစ်အပျက်တွေက အာဏာသိမ်းစစ်တပ်အနေနဲ့ တောင်နဲ့ မြောက် သွယ်တန်းနေတဲ့ ထောက်ပံ့ရေး ရေလမ်းကြောင်းကိုလည်း စိုးမိုးဖို့ အရေးကြီးတယ်ဆိုတဲ့ သင်ခန်းစာကို ရစေခဲ့တဲ့ သဘောလည်း ဖြစ်နိုင်ပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့က နယ်စပ်ဒေသတွေ တနည်း တိုင်းရင်းသားဒေသတွေ အချင်းချင်းအကြား ဖြတ်သန်းဆက်သွယ်ဖို့ ဒေသကြီး ဖြစ်သလို အာဏာသိမ်းစစ်တပ်အဖို့လည်း တောင်မြောက်နဲ့ အရှေ့ အနောက် အကြား ထောက်ပံ့ရေး လမ်းကြောင်းဖြစ်လို့ အရေးကြီးတဲ့ နယ်မြေဒေသအဖြစ် အကဲဖြတ်ထားမှာ မလွဲပါဘူး။
ဒီဒေသတွေကို ကောင်းစွာထိန်းချုပ်ထားနိုင်မှသာ နယ်စပ်ဒေသတွေဖြစ်တဲ့ တိုင်းရင်းသားဒေသတွေကို ဖြတ်တောက် ပိတ်ဆို့တာတွေ လုပ်နိုင်လိမ့်မယ်ဆိုတဲ့ အချက်ကို ၄င်းတို့အနေနဲ့ နားလည် သဘောပေါက်ထားမှာ ဖြစ်ပါတယ်။
ဒီအခြေခံ အကဲဖြတ်မှု သုံးသပ်မှုတွေကနေ အခုလက်ရှိ မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသတွေကို ထိုးစစ်ဆင်တာ၊ မွှေနှောက်နေတဲ့ သဘောလို့ ကောက်ချက်ချနိုင်ပါတယ်။
တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေအနေနဲ့ မိမိတို့ ဒေသအလိုက် တခုချင်း သိမ်းယူထိန်းချုပ်ထားတဲ့ နယ်မြေတွေကို လက်မလွှတ်ရဖို့အတွက် အခြားသော ဒေသက တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းလှုပ်ရှားမှု အာဏာသိမ်းစစ်တပ်ရဲ့ လမ်းကြောင်း ဖြတ်တောက်မှုတွေကို တားဆီးဖို့ ပျက်ပြယ်အောင် လုပ်နိုင်ဖို့လည်း အရေးကြီးတာ ဖြစ်ပါတယ်။
ရခိုင်၊ ချင်း၊ ကချင် တော်လှန်ရေးအင်အားစုတွေအဖို့ မြန်မာနိုင်ငံ အလယ်ပိုင်းက တော်လှန်ရေး အင်အားစုတွေ အားကောင်းနေဖို့ လိုအပ်ပါလိမ့်မယ်။ မြန်မာနိုင်ငံအလယ်ပိုင်းမှာ အဆိုပါဒေသက တော်လှန်ရေးလက်နက်ကိုင်တပ်တွေ ကောင်းစွာ လှုပ်ရှားတိုက်ခိုက်နေနိုင်တဲ့ အနေအထားဖြစ်မှသာ နယ်စပ်ဒေသက တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကို တခုချင်း၊ တဖွဲ့ချင်းစီ အာဏာသိမ်းစစ်တပ်အနေနဲ့ ထိုးစစ်မဆင်နိုင်မှာလည်း ဖြစ်ပါတယ်။
ပြန်အနှစ်ချုပ်ကြည့်ရင် NUG အစိုးရ အနေနဲ့ မိမိတို့ တပ်ရင်းတွေ တပ်ဖွဲ့တွေ ရဲ့ မဟာဗျူဟာ နဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ မဟာဗျူဟာက ဆက်နွှယ်နေတဲ့ အချက်ကို အလေးထား သတိပြုမိဖို့ အရေးကြီးတာလည်း ဖြစ်ပါတယ်။
စစ်ရဲ့ သဘောတရားအရ ဆုတ်ခွာတာ၊ ထိုးစစ်ဆင်တာ အတက်အကျ ရှိနိုင်တဲ့ သဘောထက်ကို ရန်သူရဲ့ မဟာဗျူဟာကို သဘောပေါက် နားလည်မှသာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ရန်သူ့ဗျူဟာ မအောင်မြင်အောင် ကြားဖြတ် ဟန့်တားနိုင်မဲ့ အနေအထားလည်း ဖြစ်တယ်ဆိုတာ ထောက်ပြလိုရင်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar