မောင်လင်းရိပ် - ကိုယ်နံ့ပြင်းသူ
Art by Aung Htet
ကိုယ်နံ့ပြင်းသူ
မောင်လင်းရိပ်
(မိုးမခ) မေ ၂၅၊ ၂၀၂၅
ကဗျာဆရာဆိုတာ ဘယ်အခါ ဘယ်နေရာပဲဖြစ်ဖြစ်
ကျွန်အဖြစ်နဲ့ မျက်နှာသစ်သူ မဖြစ်ဘူးလို့ ငါက တထစ်ချ ဆိုတယ်
အဲ့ဒီလို မာနနဲ့ အဲ့ဒီလို ယုံကြည်ချက် ခိုင်မာနေလည်း လက်တွေ့ဘဝမှာ
မျက်နှာသစ်ပြီးတိုင်း၊ နေ့သစ်တိုင်း ငါ့နှာခေါင်းဟာ ကျွန်နံ့ရနေတယ်
ဘယ်လို ချွေးနံ့ပျောက်ဆေးနဲ့ လှည့်ဖျားလှည့်ဖျား ငါ့ကိုယ်နံ့ကို ငါလန့်လာတယ်
ကျွန်ဆိုတာ ကြာပွတ်ရာ ရှိရ၊ သခင်ရဲ့ ကန့်သတ်ကွင်းထဲက မထွက်ရ
ငါ့ကဗျာဟာ ကြာပွတ်ကြိုးကို ဆောင့်ဆွဲတယ် ငါ့ကဗျာဟာ ကန့်သတ်ကွင်းရဲ့ စည်းရိုးကို ချိုးဖျက်တယ်
ကြိုးနွံခြင်း ကြိုးနွံခြင်းဆိုတဲ့ ကျွန်ဂါထာကို ရွတ်ရချိန်မှာ ငါက မျက်နှာကြက်ပေါ်က အိမ်မြှောင်ကို မော့ကြည့်တယ်
အိမ်မြှောင်ရဲ့ ငုံ့ကြည့်စုတ်သပ်တာခံရတဲ့ခါ ငါ့နှလုံးအိမ်ထဲက ကဗျာဟာ ထထ ခုန်တယ်
ကဗျာရဲ့ ဦးခေါင်းတို့ သွေးခြင်းခြင်းနီသော်လည်း ကဗျာရဲ့ အခုန်ကား မရပ်
အခုလာမယ့် မေ ၂၈ မှာ နိုင်ငံကူးလက်မှတ်အနီနဲ့ ငါခဏတာ တစ်နိုင်ငံကူးဖို့ရှိ
ဘယ်ရပ်ဝေးမြေခြားရောက်ရောက် ပင်လယ်မြစ်ချောင်းနဲ့ မြို့ပြအိမ်ရာတွေက လွဲရင်
ငါဟာ တောင်တွေကိုတော့ စေ့စေ့ ကြည့်ရဲတဲ့သူ မဟုတ်
တွန့်ခေါက်တောင်တွေရဲ့ တစ်နေရာရာဟာတော့ လူ့နှာခေါင်းနဲ့ တူတယ်လို့ ထင်တဲ့ စိတ္တဇ
သူတို့နှာခေါင်းဟာ ငါ့ဆီက ကိုယ်နံ့ကိုများ ရသွားလေမလား
ချွေးနံ့ပျောက်ဆေးကို လိုတာထက် ပိုပြီး သုံးနေရသေးတဲ့ နေ့ရက်တွေမှာ။
မေ ၁၆၊ ၂၀၂၅
-
Join Us @ MoeMaKa Telegramt.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar