Breaking News

နေချိုသွေး - Operation 1027၊ PSLF/ TNLA စိုးမိုးနယ်မြေ ပြန်‌‌မပေးရေး

နေချိုသွေး - Operation 1027၊ PSLF/ TNLA စိုးမိုးနယ်မြေ ပြန်‌‌မပေးရေး

မိုးမခ ၊ မေ ၃၁ ၊ ၂၀၂၅


{ ၁ }

စစ်အာဏာရှင်တွေ ကျဆုံးပြီး အာဏာရှင်စနစ် ကျရှုံး ပျက်သုဉ်းရေး အပြီးသတ် တိုက်ထုတ်ချေမှုန်းရန် ကြိုးပမ်းအားထုတ်လာနေကြတယ်။ ရည်မှန်းချက် ပန်းတိုင်မှာ ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ ပြည်‌ထောင်စုအစိုးရ ဖွဲ့စည်းနိုင်ရေးပဲ ဖြစ်တယ်။

အာဏာရှင်စစ်တပ်ကို ဆန့်ကျင်တော်လှန်‌နေတဲ့ နေရာဒေသပေါင်းစုံကနေ ရှမ်း/မြောက်ကို ရောက်ရှိလာတဲ့ PDF‌ အဖွဲ့‌အများစုကို စစ်ရေးမှာ အကူအညီပေးနေတဲ့ တအာင်း (PSL/TNLA) တိုင်းရင်းသား လက်နက်ကိုင်တပ်မတော်ရဲ့  နိုင်ငံ‌ရေး၊ စစ်ရေး အခြေအနေအရပ်ရပ်ကို ထိမ်ချန်ရမယ့် နိုင်ငံရေးနဲ့ အရေးကြီးစစ်ရေးကိစ္စကလွဲရင် သိမှုတွေထဲက အနည်းငယ်မျှ ရေးပြရခြင်း ဖြစ်ပါတယ်။

လတ်တလောမှာ ပြည်သူတွေ ပူပန်စိုးရိမ်နေကြတဲ့ အရေးကြီးအခြေအနေတရပ်မှာ ၁၀၂၇ စစ်ဆင်ရေးတုန်းက တိုက်ခိုက်သိမ်းပိုက်ထား‌တဲ့ စိုးမိုးနယ်မြေဒေသ မြို့ရွာတွေကနေ တအာင်းတပ်မတော်အနေနဲ့ အကြမ်းဖက် နစကထံ ပြန်ပေးနိုင်ခြေ ရှိသလား ဆိုတဲ့ အချက်ပါ။ တအာင်း (PSLF/ TNLA) တိုင်းရင်းသားလက်နက်ကိုင်တပ်မတော် အနေနဲ့ တရုတ်ရဲ့ ဖိအားတွေ ဘယ်လောက်အထိ ရှိနေပါစေ။

လက်ရှိ စစ်ရေးအရ အောင်ပွဲရ တိုက်ခိုက် သိမ်းပိုက်ရယူထားတဲ့ မြို့တွေကနေ နစက အကြမ်းဖက်စစ်တပ်ထံ ပြန်လည်ပေးအပ်မှာ မဟုတ်ဘူးလို့ ကောက်ချက်ချပါရစေ။ Geopolitics နိုင်ငံရေးသဘောအရ လက်ရှိ ထိန်းချုပ်ထားတဲ့ မြို့တွေက‌‌နေ ဖယ်ပေးလိုက်ရင် တအာင်းတိုင်းရင်းသား‌တွေအနေနဲ့ ပြည်နယ်အဆင့် ဖြစ်ပေါ်လာဖို့ အလားအလာ မရှိနိုင်တော့ဘူး ဆိုတာလောက်တော့ သိထားပါ။

တအာင်းတပ်မတော်ရဲ့ စစ်ရေး၊ နိုင်ငံရေး ထိပ်ပိုင်းက ခေါင်းဆောင်တွေရဲ့  နိုင်ငံရေး သိမှုကိုလည်း လျှော့မတွက်ထားစေချင်ပါ။

နစက အကြမ်းဖက်စစ်တပ်ရဲ့ တောင်းဆိုချက်တွေကို တရုတ်ရဲ့ ကြားဝင် ဖိအားပေး ခိုင်းစေချက်တွေကို သံတမန်သဘောအရ လိမ္မာပါး‌နပ်စွာနဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ တိုက်ခိုက်သိမ်းပိုက်ရရှိထားတဲ့ ‌နေရာဒေသတွေကနေ ဖယ်ပေးမှာ မဟုတ်ဘူး ဆိုတာလောက်တော့ သိထားကြစေချင်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တွေမှာ တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ကူမင်း ဆွေးနွေးပွဲအတွင်း စစ်ကောင်စီဘက်မှ နယ်မြေတောင်းဆိုခဲ့မှုအပေါ် TNLA အနေနဲ့ သဘောမတူခဲ့သလို မဖြစ်နိုင်သည့်အချက်တွေ တောင်းဆိုခြင်းလို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLAအနေနဲ့ ၂၀၂၅ မေလ ၄ ရက်‌နေ့ လူထုကို အသိပေးတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တယ်။

တရုတ်နိုင်ငံ ကူမင်းမြို့ မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ TNLA သိမ်းပိုက်ထားတဲ့ မိုးကုတ်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်မြို့နယ်တွေကနေ TNLA တပ်ဖွဲ့ဝင်အားလုံး ဆုတ်ခွာပေးရန် အာဏာသိမ်းစစ်ကောင်စီဘက်မှ တောင်းဆိုခဲ့ကြောင်း သိရတယ်။

စစ်ကောင်စီနဲ့ ဆွေးနွေးရာမှာ PSLF/TNLA ဘက်မှ အဓိက တောင်းဆိုချက်အနေနဲ့

(၁) နှစ်ဖက်တပ်အနေနဲ့ ရောက်ရှိတဲ့နေရာမှာ ရပ်တန့်ထားပြီး အပစ်အခတ်ရပ်စဲရန်

(၂) စစ်ရေးလှုပ်ရှားမှုတွေမှာ နှစ်ဖက်တပ်အနေနဲ့ ထိုးစစ်တွေ ပြုလုပ်ခြင်း မပြုရန်နဲ့ စစ်ကောင်စီ တပ်အနေနဲ့ ဒရုန်း တိုက်ခိုက်ခြင်း၊ လက်နက်ကြီး ရမ်းသန်းပစ်ခတ်ခြင်း၊ လေကြောင်း ဗုံးကြဲချခြင်း အစရှိတဲ့ စစ်ရေး လှုပ်ရှားမှု အားလုံး ရပ်တန့်ရန်

(၃) ထိန်းချုပ်နယ်မြေဒေသတွေမှာ ဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ ဆေးဝါးတွေ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ဖြတ်သန်းသွားလာခွင့်ပြုရန်  တောင်းဆိုထားကြောင်း သိရတယ်။

စစ်အာဏာရှင်စနစ်ကို အဆုံးသတ်အောင် မလုပ်ဆောင်နိုင်လို့ရှိရင် ငြိမ်းချမ်းရေးသံသရာ၊ စစ်ရေးသံသရာကနေ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။ ဥပမာ ၁၉၈၉-၉၀ မှာ မြန်မာပြည် မြောက်ပိုင်း‌ရော၊ တောင်ပိုင်းရော အပစ်အခတ်ရပ်စဲ‌ရေးတွေ ရှိခဲ့ကြတယ်။ သို့သော် ၂၀၀၉/၂၀၁၀ မှာ တခါ ပြန်ပျက်ပြယ်သွားတယ်။ အခု တိုက်ပွဲတွေ ပြန်ဖြစ်တယ်။ ပစ်လိုက်၊ ရပ်လိုက် ငြိမ်းချမ်းရေးသံသရာ၊ စစ်ရေးသံသရာ ဆက်နေတာမျိုး မဖြစ်ရအောင် သေသေချာချာ ညီညီညွတ်ညွတ်နဲ့ အပြီးသတ် တိုက်ပွဲဆင်နွှဲရမှာ ဖြစ်ပါတယ်။ ဒါမှ ဒီသံသရာကနေ လွတ်မြောက်ပြီး ကျနော်တို့ မျှော်မှန်းတဲ့ ဖက်ဒရယ်ပြည်ထောင်စု ရောက်ရှိမှာ ဖြစ်ပါတယ်။ အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းရေး မဆောင်ရွက်နိုင်ဘူးဆိုရင် ကျနော်တို့ရဲ့ နောက်မျိုးဆက်တွေ စစ်ဘေး စစ်ဒဏ် ခံနေရပြီး လူသားတယောက်လို့ နေနိုင်မှာ မဟုတ်ပါဘူး။ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကို ဆက်လက် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ နိုင်ငံကို ပြန်ပြီး ကောင်းမွန်ထူ‌ထောင်လာအောင်၊ ဦးမော့လာအောင်၊ ဆောင်ရွက်နေတဲ့ (NUG အပါအဝင်) မိတ်ဆွေတွေ အကုန်လုံးနဲ့ ချိတ်ဆက် ဆောင်ရွက်ထားတယ်ဆိုတဲ့ အ‌ကြောင်းနဲ့ လာမယ့် ဩဂုတ်လထဲမှာ စစ်ကောင်စီနဲ့ ထပ်မံတွေ့ဆုံရန်ရှိကြောင်း TNLA တွဲဖက်အထွေထွေအတွင်းရေးမှူး 'ဗိုလ်မှူးကြီး တားပန်လ' က လူထုကို အသိပေးထားသလို TNLA ပြောခွင့်ရ 'လွေးယေဦး' ကလည်း အဲဒီသတင်းစာရှင်းလင်းပွဲမှာ “မဟာမိတ်တွေကို ဘယ်လို အာမခံချက် ပြောနိုင်သလဲဆိုရင် ကျမတို့‌ မျှော်မှန်းချက် ပန်းတိုင်အတိုင်း အာဏာရှင်ကို အမြစ်ပြတ် ချေမှုန်းရမှာ ဖြစ်ပါတယ်။ ကျမတို့ ပါဝင်နိုင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်တဲ့ နည်းလမ်းတွေ ရှာဖွေပြီး အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေး ပြည်သူနဲ့ အတူဆောင်ရွက်မှာဖြစ်တယ်ဆိုတဲ့အကြောင်း TNLA ရဲ့ ရပ်တည်ချက်‌ ပြောကြားချက်တွေထဲက တဆင့် ကောက်နုတ်ရေးပြရခြင်း ဖြစ်တယ်။

လက်ရှိမှာ Operation 1027 အတွင်း PSLF/ TNLA အနေနဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ္မတူ၊ မိုင်းလုံ၊ မိုင်း‌‌ငေါ့  ၁၂ မြို့ သိမ်းပိုက်ထားပြီး ဖြစ်တယ်။

၁၀၂၇ စစ်ဆင်ရေးကြီးက စလို့ လက်ရှိအချိန်အထိ TNLA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ မြို့ ၁၁ မြို့နဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ စုစုပေါင်း ၁၂ မြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီး အုပ်ချုပ်ရေး ဖော်ဆောင်နေတာ ဖြစ်တယ်။

{ ၂ }

လက်ရှိ ကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ စစ်ရေးအကျပ်အတည်းကနေ ရှောင်ကွင်းဖို့ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ နစက အဖွဲ့တွေ ၂၀၂၅ ဒီဇင်ဘာလထဲမှာ ကျင်းပဖို့ စီစဉ်နေတဲ့  ‌ရွေးကောက်ပွဲအပေါ်  တအာင်း (PSLF/TNLA) တိုင်းရင်းသားလက်နက်ကိုင်တပ်မတော်ရဲ့ သဘောထားအမြင်ကို ကြိုတင်ကောက်ချက်ချ ပြောရရင် လုံးဝ ဆန့်ကျင်ကန့်ကွက်နိုင်တယ်ဆိုတာ သေချာသလောက်ပါပဲ။

ဘာကြောင့်ဆို TNLA တအာင်း (ပလောင်)တိုင်းရင်းသားလက်နက်ကိုင်တပ်မ‌တော်အနေနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံတဲ့အတွက်  ၂ဝ၂ဝ ရွေးကောက်ပွဲကို အသိအမှတ်မပြုခဲ့တဲ့အကြောင်းကို TNLA ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်တာဘုန်းကျော်က ပထမဆုံး ပြုလုပ်တဲ့ TNLA ဗိုလ်လောင်းသင်တန်းဆင်းပွဲမှာ ပြောကြားခဲ့ဖူးတယ်။ ခေတ်ပညာတတ် လူငယ်တွေပါဝင်တဲ့ ‌ဗိုလ်သင်တန်းဆင်းပွဲကို TNLA ထိန်းချုပ်ရာ နယ်မြေအတွင်းမှာ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၃ ရက်နေ့က ပထမဦးဆုံးအကြိမ် ဗိုလ်လောင်းသင်တန်းဆင်းပွဲအခမ်းအနားကို‌ အောင်မြင်စွာနဲ့ ကျင်းပနိုင်ခဲ့သလို နိုင်ငံ‌ရေး၊ စစ်‌ရေး သင်တန်း‌တွေကိုလည်း စဉ်ဆက်မပြတ် ပို့ချ‌နေတယ်ဆိုတာလည်း အသိပေးလိုက်ပါရစေ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပြည်သူ ရွေးကောက်တင်‌မြှောက်ထားတဲ့ အစိုးရထံကနေ မဲမသမာမှု အကြောင်းပြပြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းမှုဖြစ်ပြီးနောက် ရှမ်းပြည်နယ်မှာ ပူး‌ပေါင်းစစ်ရေးလှုပ်ရှားနေတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်ကြတဲ့ ကိုးကန့် (MNTJP/MNDAA)၊ တအာင်း (PSLF/ TNLA) နဲ့ ရခိုင် (ULA/AA) တို့က အစောဆုံး ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ၂၀၂၁ ခုနှစ် မတ်လ ၃၀ ရက်‌နေ့မှာ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သာကိုလည်း တွေ့ရတယ်။

နောက်ဆက်တွဲ ညီနောင်မဟာမိတ် ၃ ဖွဲ့ အနေနဲ့ ပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကို ကာကွယ်နိုင်ရေး၊ မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်ရေး၊ မိမိတို့ဒေသကို မိမိတို့ ယခုထက် ပိုမိုထိန်းချုပ်နိုင်ရေး၊ မိမိတို့အဖွဲ့အစည်းများအပေါ် စစ်ကောင်စီမှ လေကြောင်း၊ လက်နက်ကြီး‌တွေနဲ့ နေ့ ည အချိန်မရွေး ပစ်ခတ်တိုက်ခိုက်နေမှုတွေအပေါ် ဟန့်တားမှုရရှိနိုင်ရေး၊ မြန်မာပြည်သူတရပ်လုံးရဲ့ လိုလားချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ လက်ရှိ တရုတ်-မြန်မာ နယ်စပ်အပါအဝင် မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်လာတဲ့ အွန်လိုင်းလောင်းကစား လိမ်လည်မှု ပပျောက်ရေး၊ Online Game (ကျဖျင့်) ကုမ္ပဏီများနဲ့ အဆိုပါလုပ်ငန်းတွေကို လုပ်ဆောင်နေကြတဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ ပြည်သူ့စစ်အဖွဲ့တွေကို နှိမ်နင်းနိုင်ရေး စတဲ့ ရည်ရွယ်ချက် တွေနဲ့ Operation 1027 (၁၀၂၇ စစ်ဆင်ရေး)ကို အတူတကွ ဟန်ချက်ညီ ပူးပေါင်းဆင်နွှဲလိုက်ကြောင်း အသိပေးထုတ်ပြန်ခဲ့တယ်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

၁၀၂၇ ရဲ့ အောင်မြင်မှုနဲ့ နိုင်ငံရေး၊ စစ်ရေး အကျိုးကျေးဇူးတွေကိုတော့ အပြင်လူထက် အာဏာရှင်မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ PDFတပ်တော်‌တွေက တိုက်ခိုက်ရေး ရဲဘော်‌တွေထက် ဘယ်သူမှာ ပိုမသိနိုင်တဲ့အတွက် ကြုံလို့ တဆက်တည်းပြောရရင် ၁၀၂၇ စစ်ဆင်ရေးတုန်းက တိုက်ခိုက်သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်တပ် လက်အောက်ထံ ပြန်ပေးလိုက်ရမှုအပေါ်  ကိုးကန့်တပ်မတော် (MNTJP/MNDAA) ရဲ့ လုပ်ရပ်အပေါ် အပြစ်ဆိုစရာ အကြောင်းမရှိခဲ့သလို ဘယ်လက်နက်ကိုင် PDF တွေမှာ အပြစ်တင်ထားတာ မရှိသလောက်ပါပဲ။ ဘာလို့ဆို စစ်ရေးသဘောတရားကို နားလည်ထားတဲ့ PDFအဖွဲ့တွေအနေနဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ အကျိုးကျေးဇူးကို သိထားကြလို့ပါပဲ။

စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်လျှောက်လှမ်းခဲ့တဲ့ လူငယ်တွေက တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ စိုးမိုးထိန်းချုပ်ထားရာ နေရာဒေသတွေမှာ နီးစပ်ရာအဖွဲ့တွေ စုဖွဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေအဖြစ်နဲ့ စစ်ပညာကို သင်ကြားခဲ့တာဆိုရင် ဒေသခံတိုင်းရင်းသားတပ်တွေနဲ့အတူ အာဏာသိမ်းစစ်အစိုးရတပ်တွေကို တော်လှန်တိုက်ခိုက်နေပြီ။

အထူးသဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ ရောက်ရှိနေတဲ့ ပြည်သူ့ကာကွယ်ရေး PDF တပ်တွေအနေနဲ့ မြေပြင် တိုက်ပွဲဖော်ဆောင်မှု စစ်ရေးသတင်းတွေကို လျှို့ဝှက်နိုင်သမျှ လျှို့ဝှက်ထားပြီး သတင်းမထုတ်ပြန်ခဲ့ကြပါဘူး။ နယ်မြေ‌ဒေသအရ ယခင်ထဲက တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ အများဆုံး တည်ရှိရာဒေသဖြစ်တဲ့အတွက် နောက်ဆက်တွဲ လုံခြုံရေးအရ PDF‌ တွေအနေနဲ့ စစ်ရေးလုပ်ဆောင်ချက်တွေကို ထုတ်ဖော်မပြခဲ့ကြပါဘူး။

စစ်အာဏာရှင် ဆန့်ကျင်‌တော်လှန်ရေး စစ်ရေးအခြေအနေတွေကို လိုအပ်သလောက်ပဲ သတင်းထုတ်ပြန်ပြီး တပ်ဖွဲ့ ဘေးကင်းလုံခြုံရေးကို အဓိက ဦးစားပေးဆောင်ရွက်ရင်း မိတ်ဖက် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်နေခဲ့သလို Operation 1027မှာလည်း ပါဝင်ရင်း စစ်ရေးအတွေ့အကြုံနဲ့ တော်လှန်ရေးအတွက် လက်နက်အပါအဝင် ကောင်းကျိုးတွေ ရရှိခဲ့တယ်ဆိုဝာာလောက်တော့ ပြောလိုက်ပါရစေ။

{ ၃ }

ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ အပါအဝင် မြန်မာနိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ဆက်လက် ကူးစက်ပျံ့နှံ့ဖြစ်ပွားနေတဲ့ အချိန်ကာလမှာပဲ မင်း‌‌အောင်လှိုင် ဦး‌ဆောင်တဲ့စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်အာဏာသိမ်းခဲ့တယ်။

စစ်အာဏာသိမ်းမှုကို အလိုမရှိတဲ့ မြန်မာပြည်တဝှမ်းလုံးမှာ ငြိမ်းချမ်းစွာနဲ့ အကြမ်းမဖက်ဘဲ ဆန္ဒထုတ်ဖော်ပြသခဲ့ကြတဲ့ ရဟန်းရှင်လူ ပြည်သူလူထုကို စစ်တပ်နဲ့ခိုင်းဖတ် လက်ဖြောင့်သေနတ်သမားတွေက ကျည်ဆန်အစစ်တွေ မီးခိုးဗုံးတွေနဲ့အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခြင်း၊ သတ်ဖြတ်ခြင်းပြုခဲ့တယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကလည်း စစ်တပ် ခိုင်းသမျှ ဆန္ဒပြလူထုကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့သလို အကျဉ်းထောင်ထဲကို ဖမ်းပြီးပို့ဆောင် ထောင်ချခဲ့တယ်။

ဆန္ဒပြ လူထုကို မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်တပ်က ကမ္ဘာသိ အကြမ်းဖက် ပြစ်ခတ်မှု စတင်တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့ တရက်တည်းမှာပင် ရဲတပ်ဖွဲ့နဲ့စစ်တပ်ရဲ့ အကြမ်းဖက် ပစ်ခတ်ခဲ့မှုကြောင့် မြန်မာနိုင်ငံအနှံ့အပြားက ပြည်သူလူထု အယောက် ၁၀၀ ကျော် သေဆုံးခဲ့တယ်။

အဲဒီအကြမ်းဖက် ပစ်ခတ်မှုကို တအာင်းတပ်မတော်အနေနဲ့ လက်မခံ ကန့်ကွက်တဲ့အထဲမှာ ပါဝင်တာကို အစောဆုံး တွေ့ရတယ်။

စစ်တပ်က အာဏာသိမ်းမှုဖြစ်ပြီးနောက် ရှမ်းပြည်နယ်မှာ ပူး‌ပေါင်းစစ်ရေးလှုပ်ရှားနေတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်ကြတဲ့ ကိုးကန့် (MNTJP/MNDAA)၊ တအာင်း (PSLF/ TNLA) နဲ့ ရခိုင် (ULA/AA) တို့က အစောဆုံး ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ၂၀၂၁ ခုနှစ် မတ်လ ၃၀ ရက်‌နေ့မှာ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့တယ်။

“အသက်ပေးဆပ် စွန့်လွှတ်ခဲ့ရသူ‌တွေရဲ့ မိသားစု‌တွေနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်းနဲ့ မြန်မာစစ်တပ်အ‌နေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူလူထုကို အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်နေခြင်း ချက်ချင်းရပ်ပြီး မိဘပြည်သူတွေ တောင်းဆိုနေတဲ့ နိုင်ငံရေးပြဿနာ ဖြေရှင်းမှုကို အမြန်ဆုံးဆောင်ရွက်ရန် လိုအပ်‌ကြောင်းနဲ့ မြန်မာစစ်တပ်အနေနဲ့ မရပ်တန့်ဘဲ ဆက်လက်လုပ်ဆောင်နေမယ် ဆိုပါက မြန်မာ့နွေဦးတော်လှန်ရေးကို ဆင်နွှဲနေကြတဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့အတူ မိမိကိုယ်မိမိ ခုခံကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း”ကိုလည်း တအာင်း (PSLF/ TNLA)ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့အ‌နေနဲ့ ပူးတွဲကြေညာခဲ့တယ်။

အချုပ်အားဖြင့်ဆက်ရရင် Operation 1027 ရဲ့  အခန်းကဏ္ဍအ‌နေနဲ့ စစ်အာဏာရှင်ကိုဆန့်ကျင်တော်လှန်နေတဲ့ PDF တပ်တွေအတွက် များစွာ အရေးပါခဲ့သလို စစ်အာဏာရှင်ကို နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်တော်လှန်နေသူတွေအတွက် များစွာ အထောက်အကူ ဖြစ်စေခဲ့တာကတော့ ဘယ်သူမှ ငြင်းလို့မရတဲ့ ပကတိအခြေအနေပါ။

Operation 1027 ကို ဖော်ဆောင်ခဲ့တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်ကြတဲ့ ရခိုင်(ULA/AA)၊ ကိုးကန့် (MNTJP/MNDAA)၊ တအာင်း (PSLF/ TNLA)တပ်တော်တွေကို အပြစ်မြင် အပြစ်တင့် မ‌စောကြဖို့နဲ့ မင်းအောင်လှိုင်အပါအဝင် အကြမ်းဖက်စစ်တပ် အကြိုက်နဲ့စစ်အာဏာရှင် အားပေး လော်ဘီတွေရဲ့  အာဘော်နောက်လိုက်ပြီး တော်လှန်ရေးကို အနှောင့်အယှက်ဖြစ်စေမယ့် အပြုအမူ၊ အပြောအဆိုတွေကို မပြုလုပ်ကြဖို့ တော်လှန်‌ရေးသစ္စာဖြင့် လေးစားတမှုနဲ့ အသိပေး‌လိုက်ပါရစေ။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar