Breaking News

မာတီနာ - စံနှုန်းများ ပြိုလဲခြင်း

မာတီနာ - စံနှုန်းများ ပြိုလဲခြင်း

မိုးမခ ၊ ဇွန် ၁ ၊ ၂၀၂၅


နွေဦးဟာ ခပ်အေးအေးပဲ။ ဇာတိမြေမှာတော့ ချွေးတပြိုက်ပြိုက်နဲ့ အိပ်လို့ မရ၊ ထိုင်လို့ မရ အချိန်တွေ ရောက်ပြီပေါ့။  ကဆုန် နယုန် ဆွေ့ဆွေ့ခုန်လို့ ဆိုတာကိုး။ ပျဉ်းမတွေနဲ့ ငု တွေလည်း ပွင့်ပြီးလို့ အသီးကလေးတွေ သီးစပြုရော့မယ်။  စိန်ပန်းတချို့လည်း ရဲရဲနီလို့၊ အချို့လည်း အသီးတွေနဲ့ ဖြစ်ရောပေါ့။ ကုက္ကိုပင်တွေလည်း ပန်း‌နုရောင် အပွင့်တွေ ဝေနေလောက်ပြီ။  ဒီမှာတော့ မေမြို့ဆောင်းလောက် အေးနေတုန်း။ 

When despair for the world grows in me

and I wake in the night at the least sound

in fear of what my life and my children’s lives may be,

I go and lie down where the wood drake

rests in his beauty on the water, and the great heron feeds. 

‘လောကကြီးကို စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့အခါ၊ 

ကိုယ့်အတွက်၊ ကိုယ့်သားသမီးတွေအတွက် 

အိပ်မပျော်နိုင်လောက်အောင် 

စိုးရိမ်ကြောင့်ကြမှုတွေ များနေတဲ့အခါ၊ 

တောအုပ်ကလေးထဲ သွားပြီး 

မြက်ခင်းပြင်ပေါ် လဲလျောင်းနေလိုက်ပါ။ 

ရေပြင်ရဲ့ အေးချမ်းမှုမှာ ပျော်မွေ့ပါ။ 

ဗျိုင်းတွေ အစာရှာနေပုံကို စောင့်ကြည့်ပါ’

လို့ စာရေးသူ ဝန်ဒယ်လ် ဘယ်ရီ က ဆိုပါတယ်။ 

အဲဒီလို နေရာမျိုးတွေကို အလွယ်တကူ သွားလို့ ရရင်တော့ ဟုတ်တာပေါ့လေ။ ကိုယ်တို့နားမှာတော့ ပန်းခြံကြီး တခုရှိလို့ တော်ပါသေးရဲ့။ နွေဦးရာသီ ရောက်တော့ ပန်းတွေအမျိုးမျိုး အလှည့်ကျ ပွင့်ကြတယ်။ စိတ်ရှုပ်လာတိုင်း ပြေးပုန်းစရာ နေရာကလေး ရှိတယ် ဆိုရမှာပေါ့။ ပန်းတွေက စိတ်ကို ရွှင်လန်းစေတယ်လေ။ ပန်းတွေမှ မဟုတ်ပါဘူး။ သဘာဝကြီးကိုက ပင်ပန်းဆင်းရဲနေတဲ့ စိတ်ကို ကုစားနိုင်တယ်။ အနည်းဆုံးတော့ ပင်ပန်းနေတဲ့ လူသားကို ထွေးပွေ့ပေးတတ်တယ်လေ။

ချယ်ရီတွေ ပွင့်နေလိုက်ပုံက သိပ်လှတယ်။ ကိုယ်ဟာ ချယ်ရီပင်ကို ခပ်လှမ်းလှမ်းကနေ ကြည့်ပြီး တပင်လုံးရဲ့ အလှကို ခံစားလိုက်၊ အနီးကပ်ပြီး ချယ်ရီ တပွင့်ချင်းစီရဲ့ အလှတရားကို စေ့ငုလိုက်နဲ့ ကြည့်လို့မဝနိုင်ဘူး။ လေပြေညင်းကြောင့် လှုပ်ခါသွားတဲ့ ပန်းခိုင်တွေ၊ ဝေ့ဝဲကျလာတဲ့ ပွင့်ဖတ်ကလေးတွေ၊ ရေကန်ထဲမှာ ပြေးနေတဲ့ လှိုင်းအိကလေးတွေ၊ ရေပြင်ပေါ်မှာ ကူးခတ်နေတဲ့ ဘဲရိုင်းတွေဟာ လူလောကကြီးရဲ့ ပူပင်သောကတွေနဲ့ လုံးလုံးကင်းကွာနေတာပဲ။  ဖြစ်နိုင်မယ်ဆိုရင် ချယ်ရီပင်အောက်မှာ ထိုင်ပြီး စာအုပ်တအုပ်လောက် ဖတ်နေချင်မိတော့တယ်။  အပူအပင်ကင်းကင်းနဲ့ပေါ့လေ။ 

စိတ်ဒုက္ခကတော့ မကင်းနိုင်ပါဘူးလေ။ နောက်ရက်တွေမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ပြင်ဆင်ပေးဖို့ လုပ်ရမယ်။ အချက်အလက် ရှာဖွေစုဆောင်းပေးဖို့ဆိုတော့ ရှာလိုက်၊ ဖတ်လိုက်နဲ့ ဦးနှောက်ခြောက်လှတယ်။ ကြိုးပမ်းမှုတွေ အများကြီးကြားထဲက ဆူပွက်လာနေတဲ့ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးကို ရှာလို့ မတွေ့ဘူး။ တဖွဲဖွဲ ကြွေကျနေတဲ့ ပန်းပွင့်ကလေးတွေကိုသာ ငေးနေချင်တော့တယ်။ ကိုယ့်ရဲ့ စိတ်ဟာ လောကကြီးကို စိတ်ပျက်လက်ပျက် ဖြစ်နေပြီဆိုတာမျိုးပဲ။ ကိုယ့်သက်တမ်းတလျှောက် ရှိလာတဲ့ အယူအဆ၊ အတွေးအခေါ်တွေဟာ မှန်ကန်ပါသေးရဲ့လား၊ စံထားလို့ ဖြစ်နိုင်ပါဦးမလား ဆိုတာကိုပဲ တွေးနေမိတော့တာ။   

တချို့နေရာတွေမှာ ကိုင်းခုတ်ပြီး ထိုးစိုက်ထားပုံရတဲ့ ချယ်ရီပင် သေးသေးလေးတွေကလည်း တပင်လုံးဝေနေအောင် ပွင့်နေတယ်။ ရင့်ကျက်ပြီးသား အပင်က ကိုင်းကို ယူစိုက်ထားတာဆိုတော့ အပင်ကြီးထွား ရင့်မာလာသည်အထိ စောင့်စရာမလိုဘဲ ပွင့်တော့တာပဲ။ အပင်ကြီးမှာ ပွင့်နေတဲ့ ချယ်ရီပွင့်နဲ့ ကိုင်းစိုက် အပင်ကလေးမှာ ပွင့်နေတဲ့ ချယ်ရီပွင့်က အတူတူပါပဲ။ 

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ တဲ့၊ ဂျီနီဗာ ကွန်ဗင်းရှင်းတဲ့၊ ပါရီထရီတီတဲ့၊ ချာတာတွေလဲ အမျိုးမျိုး။ ဒုတိယကမ္ဘာစစ် ပြီးတဲ့နောက်မှာတော့ နောက်ထပ် စစ်ကြီးတွေ မဖြစ်ရအောင် ဆိုပြီး ဖွဲ့စည်းလိုက်တဲ့ ကုလသမဂ္ဂ အဖွဲ့ကြီးနဲ့အတူ လူ့ရပိုင်ခွင့် ကြေငြာစာတမ်းက အစပြုတဲ့ ရပိုင်ခွင့် သဘောတူစာချုပ်အမျိုးမျိုး ပေါ်ထွက်လာတယ်။ အဖွဲ့ဝင်နိုင်ငံတွေဟာ အဲဒီ သဘောတူစာချုပ်တွေကို လက်မှတ်ထိုးပြီး လိုက်နာဆောင်ရွက်ကြရတယ်ပေါ့။ အဲဒီလိုပဲ ကမ္ဘာကြီး တည်ငြိမ်သာယာ ငြိမ်းချမ်းရေးအတွက် နိုင်ငံအချင်းချင်းကြားမှာလဲ သဘောတူစာချုပ်တွေ အမျိုးမျိုးနဲ့ စည်းနှောင်ကြတယ်။ အင်အားကြီး တိုင်းပြည်တွေ နျူဖျက်သိမ်းရေးစာချုပ် သဘောတူညီချက် လက်မှတ်ထိုးကြတော့ လက်ခုပ်ဩဘာသံတွေ ညံခဲ့တာပေါ့လေ။  

တနေရာမှာတော့ ချယ်ရီပင်ကြီးကို ခုတ်လှဲထားတာ တွေ့ရရဲ့။ အပင်အိုလို့လား၊ ရှုပ်တယ် ထင်လို့လား၊ ချယ်ရီကို မကြိုက်လို့ တခြားအပင်နဲ့များ အစားထိုးစိုက်ဖို့ စိတ်ကူးလေသလား။ ကိုယ်ကတော့ နှမြောမိတယ်။ ချယ်ရီကို ချစ်တာကိုး။ ချယ်ရီပန်းရဲ့ အလှကို မြတ်နိုးတာကိုး။ ခုတ်လှဲသူကတော့ ဒီအပင်ကို ဆက်ထားရှိလောက်အောင် တန်ဖိုးမထားလို့ ဖြစ်မှာပေါ့။ နေရာတကာမှာ ချယ်ရီတွေကို မြင်နေရတာကို မုန်းနေတာမျိုးတောင် ဖြစ်နိုင်သေးတယ်။ လောလောဆယ်တော့ လဲပြိုနေတဲ့ ချယ်ရီပင်ကို မြင်ရတာ မချိဘူး။ ကိုင်းစိုက်ပြီး ပွားထားတဲ့ ချယ်ရီလေးတွေကိုမှ အားမနာ။  ခုတ်ရက်လေခြင်း။ 

အင်အားကြီးသူတွေက အစဉ်အလာကြီးတဲ့ စာချုပ်စာတမ်းတွေကို ဖောက်ဖျက်တာကို တွေ့မြင်ရတဲ့အခါ ကတိကဝတ်ဆိုတာ ဘာလဲလို့ မေးခွန်းထုတ်ချင်မိတယ်။ အင်အားကြီးသူတွေက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို မထီမဲ့မြင်ပြုတဲ့အခါ အရာရာဟာ ပျက်သုဉ်းသွားတာပါပဲ။ စည်းမျဉ်းတွေ၊ ဥပေဒေတွေနဲ့ ထိန်းကွပ်ထားတဲ့ဘောင်တွေ ရိုက်ချိုးခံရတဲ့အခါ အင်အားနည်းသူတွေက ဘယ်လို ခုခံကာကွယ်ရမှာလဲ။ ကိုယ်တို့လို အားနည်းတဲ့သူတွေ တစာစာ အော်နေတာကို ဘယ်သူကများ နားထောင်မှာမို့လဲ။ ဥပေဒေ၊ စည်းကမ်း၊ သတ်မှတ်ချက်တွေ ဆိုတာ အားနည်းသူတွေအတွက် လိုက်နာဖို့ ဆိုပေမဲ့ အားကြီးသူတွေအတွက်တော့ စိတ်တိုင်းကျ ခြယ်လှယ်ဖို့ ဖြစ်နေခဲ့တာကိုး။ 

လူ့အသိုင်းအဝိုင်းကြီးကို ထိန်းကျောင်းထားတဲ့ ကျင့်ဝတ်တွေ စံနှုန်းတွေကို ချိုးဖောက်ပြလိုက်တဲ့ အင်အားကြီးသူတွေရဲ့ လက်ထဲမှာ အင်အားနည်းသူတွေက လက်ခုပ်ထဲက ရေ ဖြစ်ရတယ်။ ဘာမှ မတည်မြဲတဲ့ လောကကြီးမှာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ဖို့ အင်အားကြီးခြင်းကသာလျှင် အသေချာဆုံး ဖြစ်လေတော့ သဘာဝအားဖြင့် အင်အားနည်းသူတွေမှာ အကာအကွယ်မဲ့ရတာပဲ။ တကယ်တော့ ပန်းခြံကြီးထဲက မြက်ခင်းပြင်ပေါ်မှာ အလေ့ကျပေါက်တဲ့ ဒေစီပန်း အဖြူရောင်လေးတွေ ရှိတယ်။ သိပ်လှတဲ့၊ ထင်ရှားတဲ့၊ ဆွဲဆောင်လွန်းတဲ့ ချယ်ရီလို တောင်ဇလပ်လို ပန်းတွေကို ငေးနေမိတာကြောင့် မြေပြင်မှာ ကပ်နေတဲ့ ပန်းကလေးတွေကို သတိမထားမိဘူး။ ချယ်ရီတွေကို မော့ကြည့်ရင်း အငမ်းမရ တိုးကပ်မိတဲ့အခါ မြေပြင် မြက်တွေကြားက ပန်းကလေးတွေကို နင်းမိသွားတတ်တာပဲ။ မြက်ခင်းကို ညှိတဲ့ မြက်ရိတ်စက်ရဲ့ ဓားသွားထဲကိုလည်း ဒီပန်းကလေးတွေက ပါသွားတတ်သေးရဲ့။ 

ကိုယ်ကြည့်ဖူးတဲ့ ရုပ်ရှင်တွေထဲကလို ကမ္ဘာပေါ်မှာ လူဦးရေ များလွန်းနေပြီမို့ လျှော့ချဖို့ လိုနေပြီလို့ ယူဆနေကြပြီလား။ တကယ်တော့ ဒီလို အယူအဆ ပေါ်လာလို့သာ ဒီလို ရုပ်ရှင်တွေ ပေါ်ထွက်လာတာ မဟုတ်လား။ Infinity War ထဲက သားနို့စ် (Thanos) လို လူကောင်း လူဆိုး မခွဲ၊ လက်ဖြောက် တချက်တီးလိုက်တာနဲ့ ဦးရေထက်ဝက် ပျောက်ဆုံးစေတာမျိုးကို ရွေးမလား၊ ကင်းစ်မန်း (Kingsman) ထဲက ဗယ်လင်တိုင်းလို အားကြီးသူတွေ ချန်ထား၊ အားနည်းသူတွေ အကုန်သေ ဆိုတဲ့ အဖြစ်မျိုးကို ရွေးမလား၊  ရွေးချယ်ခွင့်ဟာလည်း အားကြီးသူရဲ့ လက်ထဲမှာပါပဲ။ 

အားကြီးသူ အနိုင်ယူစတမ်း ဆိုတဲ့ တောရိုင်းဥပဒေသာလျှင် မှန်ကန်နေဆဲ ဆိုတာ သိလိုက်ပြီး ဘာကတိကဝတ်၊ ဘာစာချုပ်စာတမ်း၊ ဘာဥပဒေစည်းမျဉ်းကိုမှ မယုံကြည်နိုင်တော့တဲ့နောက် ကိုယ်ဟာ သဘာဝတရားထဲကို ပြေးဝင်ပြီး ပုန်းခိုနေလိုက်ဖို့ကိုပဲ ရွေးချယ်မိပါတယ်။  

I come into the peace of wild things

who do not tax their lives with forethought

of grief. I come into the presence of still water.

And I feel above me the day-blind stars

waiting with their light. For a time

I rest in the grace of the world, and am free.

ဘာအခကြေးငွေမှ တောင်းခံခြင်းမရှိတဲ့ သဘာဝတရားရဲ့ ငြိမ်းချမ်းမှုထဲကို တိုးဝင်။ တည်ငြိမ်နေတဲ့ ကန်ရေပြင်ကို ငေး။ ညဘက်မှာ အလင်းရောင်ပေးဖို့ စောင့်စားနေမယ့် ကြယ်တွေ ရှိတယ်ဆိုတာကို ခံစား။ ခဏတဖြုတ်လောက်တော့ ကိုယ်ဟာ လွတ်လပ်ပေါ့ပါး ငြိမ်းချမ်းနေသလိုပါပဲ။ 



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar