ပြည်တွင်းစစ်၊ သယံဇာတ အလွန်အကျွံထုတ်ယူမှုနဲ့ သဘာဝကပ်ဘေးကျိန်စာ
မြန်မာနွေဦးခရိုနီကယ် - မေ ၃၁ မြင်ကွင်း
(မိုးမခ) ဇွန် ၁ ၊ ၂၀၂၅
ပြည်တွင်းစစ်၊ သယံဇာတ အလွန်အကျွံထုတ်ယူမှုနဲ့ သဘာဝကပ်ဘေးကျိန်စာ
နှစ်ပေါင်း ၇၅ နှစ်ကျော်လာပြီ ဖြစ်တဲ့ ပြည်တွင်းစစ်မီးက လွန်ခဲ့တဲ့ ၄ နှစ် စစ်အာဏာသိမ်းမှုပြီးနောက်မှာ အရှိန်အဟုန်နဲ့ ပြန်လည် တောက်လောင်လာခဲ့ပါတယ်။ ပြည်တွင်းစစ် ပထမဆုံးစတင်ခဲ့တဲ့ ကာလထက် မနိမ့်တဲ့ အတိုင်းအတာနဲ့ ပျက်ဆီးမှု၊ သေဆုံးမှု၊ စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေ ရရှိလာခဲ့ပါတယ်။ နောက်ထပ် ဘယ်လောက်ထိ ဆိုးရွားဦးမလဲ ဆိုတာ မခန့်မှန်းနိုင်သေးတဲ့ အခြေအနေလို့လည်း ဆိုနိုင်ပါတယ်။
ပြည်တွင်းစစ်မီး တောက်လောင်ဖို့ လောင်စာက အမုန်းတရားနဲ့ ငွေကြေး ဖြစ်တယ်လို့ ဆိုရင် လွန်အံ့မထင်ပါ။ စစ်ပွဲတပွဲတိုက်ခိုက်ဖို့အတွက် တဖက်ရန်သူကို မုန်းတဲ့အမုန်းတရားကို လှုံ့ဆော်ပေးနိုင်မှသာ မိမိတို့တပ်တွေက တဖက်ကိုအနိုင်တိုက်ခိုက်ဖို့ စိတ်ဓါတ်ရေးအရ အင်အားဖြစ်စေတာဖြစ်ပါတယ်။ ရန်သူ့ဘက်ရဲ့ ရက်စက်မှု၊ မတရားပြုကျင့်မှု၊ နိုင့်ထက်စီးနင်းလုပ်ဆောင်မှု၊ ငွေကြေး၊ သယံ ဇာတတွေကို မတရား ရယူအသုံးချနေတယ် ဆိုတဲ့အကြောင်းရင်းတွေကို လှုံ့ဆော်ကြရတာ သဘာဝဖြစ်ပါတယ်။ အဆိုပါအကြောင်းရင်းတွေက အပြည့်အဝမဟုတ်သည့်တိုင် တစိတ်တပိုင်း မှန်ကန်နေတယ်ဆိုတာမျိုးနဲ့ စစ်ပွဲတွေကိုပြတ်ပြတ်သားသားတိုက်ခိုက်ကြဖို့ နှိုးဆော်ကြတဲ့ သဘောလို့ဆိုရင် မှားမယ်မထင်ပါ။
စစ်ပွဲတွေ အတွက် ဒုတိယ လိုအပ်ချက်က ငွေကြေးဖြစ်ပါတယ်။ လက်နက်ခဲယမ်း ဝယ်ဖို့ရာ ငွေ ကြေးလိုသလို လက်နက်ကိုင် တပ်တွေကို ရိက္ခာနဲ့ ခံစားခွင့်နဲ့ အခြားအသုံးစရိတ်တွေအတွက် ငွေ ကြေးက မရှိမဖြစ်လိုအပ်လာပါတယ်။ တဖက်မှာ စစ်မက်ဖြစ်ပွားနေတာကြောင့် နိုင်ငံထဲမှာ ဝန် ဆောင်မှု၊ ကုန်ထုတ်လုပ်မှု နဲ့ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်မှုတို့ထက် သယံဇာတထုတ်ယူရောင်းချမှုလို လုပ်ငန်းတွေသာ လုပ်ကိုင်နိုင်တဲ့ အနေအထား၊ ကျွမ်းကျင်မှု၊ ရေရှည် ရင်းနှီးမြှုပ်နှံပြီး အကျိုးခံစားရတဲ့လုပ်ငန်းတွေထက် ဆူလွယ်နပ်လွယ်ရင်းနှီးမြှုပ်နှံမှုတွေသာ လုပ်ကိုင်ဖို့အခွင့်သာတဲ့ အနေ အထားဖြစ်ပါတယ်။
ဒီအခြေအနေတွေက နိုင်ငံရဲ့ ရေမြေဒေသအသီးသီး မှာ ရှိတဲ့ သယံဇာတအမျိုးမျိုးကို ထုတ်ယူဖို့ လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးကို မလွှဲမရှောင်သာ ရွေးချယ်စေတာ ဖြစ်ပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ အဖွဲ့အစည်းက ကိုယ်တိုင်ကြီးကြပ်ပြီး ထုတ်လုပ်တာဖြစ်စေ ပုဂ္ဂလိကထုတ်လုပ်တဲ့သူတွေကို အခွန်အကောက်ရယူပြီး ထုတ်စေတာဖြစ်စေ မိမိတို့ ထိန်းချုပ်နယ်မြေတွေမှာထုတ်ယူကြတာ မြန်မာနိုင်ငံအနှံ့တွေ့မြင်နေကြရပါတယ်။ စစ်ကိုင်းတိုင်း၊ ကချင် ပြည်နယ်၊ ရှမ်းမြောက်၊ ရှမ်းအရှေ့၊ ကရင်ပြည်နယ်တို့မှာ တဦးချင်း လက်နဲ့မဟုတ်ဘဲ စက် ယန္တရားတွေနဲ့ ရွှေမျောနဲ့ ရွှေတွင်းတွေ အများအပြား ရွှေထုတ်ယူမှုရဲ့ အကျိုးဆက်က ရေအရင်း အမြစ်တွေပျက်စီးသွားတာ၊ သစ်တောပျက်စီးတာ၊ မြစ်ကြောင်း တိမ်ကောတာ၊ စိုက်ပျိုးမြေတွေ ပျက်စီးတာတွေနဲ့ မြစ်ရေ၊ မြေတွေမှာ အဆိပ်သင့်တဲ့ အကျိုးဆက်တွေ ခံစားနေကြရတာ ဖြစ်ပါတယ်။ ဒီနေ့ ဆိုရှယ်မီဒီယာ သတင်းတွေမှာ ချီဖွေမြို့ ရေကြီးတဲ့ သတင်းကြားသိကြရတာ ဖြစ်ပါတယ်။ ဧရာဝတီမြစ်ရဲ့ မြစ်ဆုံအဖျားပိုင်းမှာ ရေကြီးပြီးနောက် ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမြို့ကိုလည်း ခု ၃၁ ရက်နေ့ညပိုင်းမှာ ရေစတင်မြင့်တက်လာနေပြီး အနိမ့်ပိုင်း ရပ်ကွက်တွေ ကို ရေစတင်ဝင်လာနေပြီ လို့ ဆိုရှယ်မီဒီယာမှာ ခုညပိုင်းမှာ တွေ့နေရပြီဖြစ်ပါတယ်။
အလားတူ ကချင်ပြည်နယ် ဖားကန့်ရဲ့ ကျောက်စိမ်းတွင်းတွေက လူလုပ်ဘေးအန္တရာယ် မကြာခဏ ကျရောက် စေတာ ဖြစ်ပါတယ်။ ဖားကန့်မှာ မြေစာပုံပြိုတာ၊ နွံကန်ပေါက်တာတွေကြောင့် ဖြစ်ရပ် တခုချင်းမှာပင်လျင် အသက်ဆုံးရှုံးရသူ ဆယ်ဂဏန်းကနေ ရာဂဏန်းထိရှိတဲ့ဖြစ်ရပ်တွေ မကြာ ခဏဖြစ်ပွားနေတာ တွေ့ရမှာဖြစ်ပါတယ်။ ဖားကန့်ဒေသက ရေစီးရာချောင်းတွေမှာလည်း ကျောက်စိမ်းတူးရာက ထွက်တဲ့မြေစာပုံတွေက ချောင်းရေစီးတွေ ညစ်ညမ်းစေတာ၊ ရေစီးနှေးကွေး လမ်းကြောင်းပြောင်းစေရာက ရေကြီးမှုတွေ ဖြစ်ပေါ်စေတာပါ။
တနင်္သာရီတိုင်းမှာလည်း သတ္တု တူးဖေါ်မှုတွေ အခုလိုကာလမှာ အရှိန်အဟုန်နဲ့ မြင့်တက်လာနေပြီး သစ်တောပြုန်းတီးတာ၊ ရေစီးဆင်းရာလမ်းကြောင်းတွေ ပြောင်းလဲစေတာနဲ့ ဓါတုပစ္စည်းသုံးစွဲရာက ညစ်ညမ်းမှုတွေ စတဲ့အကျိုးဆက်တွေ ပိုမိုဖြစ်ပေါ်စေတာ တွေ့ရပါတယ်။
ရှမ်းပြည်နယ် အရှေ့ပိုင်း ဝ ပြည်သွေးစည်းညီညွတ်ရေးတပ် က ထိန်းချုပ်နယ်မြေထဲမှာလည်း ကချင်ပြည်နယ်မှာ ထွက်ရှိတဲ့ မြေရှား သတ္တုထုတ်လုပ်တဲ့ နေရာတွေတွေ့ရှိရကြောင်း မကြာသေးခင်က ဂြိုဟ်တုဓါတ်ပုံတွေအရ သိရှိကြရပါတယ်။ ရှမ်းအရှေ့ တာချီလိတ်၊ ကျိုင်းတုံတို့နဲ့ ဆက်စပ်နေတဲ့ ဒေသတွေမှာ ရွှေတူးဖော်တာကြောင့် မြစ်ကြောင်းတွေ တိမ်ကောလာတာ၊ သစ်တောပြုန်း တီးလာတာတွေက အရင်နှစ်အတန်ကြာထည်းက သိရှိပြီး ပြဿနာတရပ်ဖြစ်ပြီး ခုအခါမှာ အိမ်နီး ချင်းထိုင်းနိုင်ငံဘက်ကိုပါ သက်ရောက်မှုရှိတဲ့ ပြဿနာတရပ် အဖြစ်ရောက်ရှိလာနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်မှာ မြစ်ဖျားခံလာတဲ့ မြစ်၊ ချောင်းတွေမှာ ပါဝင်နေတဲ့ သတ္တုတူးဖေါ်ရေးလုပ်ငန်းတွေက ဓါတုအဆိပ်ဓါတ်က မြစ်တွေ ချောင်းတွေထဲက ငါးတွေကို ရောဂါဖြစ်စေတာ ထိုင်းနိုင်ငံဘက်မှာ အထောက်အထားတွေတွေ့ မြင်လာကြပါတယ်။
ကချင်ပြည်နယ်က ရွှေ၊ မြေရှား၊ ကျောက်စိမ်း၊ ရှမ်း၊ စစ်ကိုင်း၊ မန္တလေး ရှမ်းပြည်နယ်တို့မှာ ရွှေ၊ တနင်္သာရီနဲ့ မြန်မာနိုင်ငံတောင်ပိုင်း ဒေသအချို့မှာ သတ္တုတူးဖေါ်မှု၊ စစ်ကိုင်း၊ ပဲခူး၊ မကွေးတိုင်းဒေသအချို့၊ တနင်္သာရီတို့မှာ သစ်ထုတ်လုပ်မှု စတာတွေရဲ့ ဆိုးကျိုးသက်ရောက်မှုတွေက ခုနှစ်တွေမှာ ခပ်စိပ်စိပ်တွေ့မြင်လာကြရပါတယ်။ စစ်ပွဲတွေဆင်နွှဲကြရတဲ့အခါ အရေးတကြီးလိုအပ်လာတဲ့ ငွေကြေးအတွက် သယံဇာတတွေကို ထုတ်လို့ရနိုင်သလောက်ထုတ်ယူကြဖို့ အခြေအနေကတွန်းပို့စေတာဖြစ်ပြီး သယံဇာတအလွန်အကျွံထုတ်ယူမှုကြောင့် ဖြစ်ပေါ်လာမယ့်အကျိုးဆက်တွေကို ဒီပတ်ဝန်းကျင်ဒေသမှာနေထိုင်နေကြတဲ့ဒေသခံနဲ့ ဆက်စပ်ဒေသတွေလို့ဆိုနိုင်တဲ့ မြစ်ချောင်းတလျှောက်က တခါတရံ နိုင်ငံနယ်နိမိတ်ကျော်လွန်တဲ့အထိ သက်ရောက်ခံစားကြရမှာ ဖြစ်ပါတယ်။
သစ်တောပြုန်းတီးမှုတွေက ရပ်တန့်ပြီး သစ်ပင်တွေ ပြန်လည်စိုက်ပျိုးသည့်တိုင် ဆယ်စုနှစ်များစွာအထိ နဂိုအနေအထား ပြန်ရောက်ဖို့ မလွယ်ကူပါဘူး။ သတ္တု နဲ့ ကျောက်မျက်တူးဖေါ်မှုတွေ၊ ရေမြေ သဘာဝကိုထိခိုက်စေတဲ့ မြေရှားသန့်စင်မှုတွေရဲ့ ထိခိုက်ပျက်စီးမှုဟာလည်း နှစ်အနည်းငယ်အတွင်း ကုစားဖို့ မလွယ်ကူတဲ့ အနေအထားတွေ ဖြစ်ပါတယ်။
မြေရှားသယံဇာတ ပမာဏအများအပြားရှိတယ်လို့ဆိုတဲ့ ယူကရိန်းနိုင်ငံသည်ပင်လျင် ရုရှားနဲ့ စစ်ပွဲဖြစ်ပွားပြီး ၂ နှစ်အကြာမှာ စစ်လက်နက်တွေထောက်ပံ့ပေးခဲ့တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ သယံ ဇာတအကျိုးတူထုတ်လုပ်ဖို့တောင်းဆိုမှုကို လိုက်လျောခဲ့ရတဲ့အဖြစ်က နိုင်ငံတကာက သာဓကတခုဖြစ်ပါတယ်။ မြန်မာနိုင်ငံအဖို့လည်း ပြည်တွင်းမှာ စစ်ကောင်စီ၊ တော်လှန်ရေးလက်နက်ကိုင် အင် အားစုအသီးသီးက စစ်ပွဲတွေအတွက် လိုအပ်တဲ့ ငွေကြေးအတွက် လက်လှမ်းီတဲ့နေရာဒေသတွေက သယံဇာတတွေ ထုတ်ယူနိုင်သလောက်ထုတ်ယူကြမှာ သံသယဖြစ်စရာမရှိပါဘူး။ ဒီလို အလွန် အကျွံထုတ်ယူမှုတွေရဲ့ ကျိန်စာဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနဲ့ အဆိပ်သင့်မှု၊ သဘာဝကပ်ဘေးတွေတွေကို ကျိန်စာအဖြစ်နဲ့ နောင်ဆယ်စုနှစ်များစွာအထိ ခံစားကြရမှာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar