စစ်ဘေးနဲ့ ရေဘေးကို တပြိုင်တည်း ကြုံတွေ့နေကြရတဲ့ ပြည်သူတွေရဲ့ ဘဝ၊ ငလျင်ဘေးက ပြန်လည်ရုန်းထဖို့ ကြိုးပမ်းနေဆဲ မန္တလေး
မြန်မာနွေဦးခရိုနီကယ် - ဇွန် ၁ မြင်ကွင်း
(မိုးမခ) ဇွန် ၂ ၊ ၂၀၂၅
စစ်ဘေးနဲ့ ရေဘေးကို တပြိုင်တည်း ကြုံတွေ့နေကြရတဲ့ ပြည်သူတွေရဲ့ ဘဝ၊ ငလျင်ဘေးက ပြန်လည်ရုန်းထဖို့ ကြိုးပမ်းနေဆဲ မန္တလေး
မြန်မာနိုင်ငံက ပြည်သူတွေရဲ့ ဘဝက စစ်ဘေးနဲ့ ရေဘေးအန္တရာယ်၊ စစ်ဘေးနဲ့ ငလျင်ဘေး စတဲ့ တခုမကတဲ့ ဘေးအန္တရာယ်ကို တပြိုင်နက်တည်း ကြုံတွေ့နေကြရတဲ့အဖြစ်က တွေးကြည့်ရင် ရင်နာစရာကောင်းလှပါတယ်။
လွန်ခဲ့တဲ့ ၂ လက စစ်ကိုင်းနဲ့ မန္တလေးတိုင်းတို့မှာ လှုပ်ခတ်သွားတဲ့ ငလျင်ကြီးကြောင့် အနယ်နယ်အရပ်ရပ်က မန္တလေးမြို့မှာ လာရောက်နေထိုင်နေကြတဲ့ ရှမ်းမြောက်က၊ ကချင်ပြည်နယ်က စစ်ဘေးတိမ်းရှောင်နေထိုင်သူတွေ တချို့ အသက်ဆုံးရှုံးကြရတဲ့အဖြစ်တွေ သတင်းတွေဲ ကြားသိခဲ့ကြရပါတယ်။ ငလျင်ဘေး ကြုံတွေ့ကြရတဲ့ ဒုက္ခတွေကနေ ပြန်ပြီးရုန်းထဖို့ ကြိုးစားနေကြချိန်မှာ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်က ဒေသအချို့မှာ ရေကြီးတဲ့ဘေးနဲ့ ရင်ဆိုင်နေကြရပြန်ပါတယ်။
အချို့မြို့တွေမှာ တိုက်ပွဲဖြစ်ပွားတဲ့ ဒေသတွေကနေ မြို့ကို စစ်ဘေးတိမ်းရှောင်လာသူတွေ နေထိုင်တဲ့ ရပ်ကွက်နေရာတွေကို ရေနစ်မြုပ်တဲ့ အဖြစ်တွေ ဖြစ်ပွားနေတဲ့အကြောင်း သတင်းတွေမှာ တွေ့နေရတာ ဖြစ်ပါတယ်။ ကချင်ပြည်နယ် ချီဖွေမြို့ ရေကြီးပြီး ချောင်းရေအရှိန်အဟုန်နဲ့ စီးလာပြီး စစ်ဘေးရှောင်တွေနေတဲ့ အဆောက်အဦတွေ ရေနဲ့ မျောပါတဲ့အထိ ဖြစ်ပွားခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ ချီဖွေမြို့ဟာ မကြာသေးတဲ့ လပိုင်းတွေအတွင်း KIA က တိုက်ခိုက်ထိန်းချုပ်ထားတဲ့ ဒေသဖြစ်ပါတယ်။ ကချင်ပြည်နယ်ရဲ့ ဒီဒေသတွေဟာ အမျိုးအစားစုံလင်တဲ့ သစ်တောတွေ၊ ဧရာ ဝတီမြစ်ရဲ့ မြစ်ဖျားပိုင်း လှပတဲ့သဘာဝပတ်ဝန်းကျင် ရှိပေမယ့် သစ်ခုတ်၊ သတ္တုတူးဖေါ်၊ ရွှေတူးတဲ့ လုပ်ငန်းတွေကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးပြီး အခုလို မိုးရာသီမှာ သဘာဝဘေးဒဏ်ကို အရင့်အရင် မကြုံခဲ့ဖူးတဲ့ ပမာဏ အတိုင်းအတာထိ ဆိုးရွားစွာ ခံစားလာကြရတာ ဖြစ်ပါတယ်။
မြစ်ကြီးနားအထက်ဘက်မှာရှိတဲ့ ချီဖွေမှာရေကြီးပြီး နောက်ဆက်တွဲ မြစ်ကြီးနားမြို့ဆီ ရောက်လာခဲ့ပြီဖြစ်ပါတယ်။ မြစ်ကြီးနားမြို့ အနိမ့်ပိုင်းရပ်ကွက်တွေ မေလ ၃၁ ရက်ညပိုင်းကတည်းက စတင်ရေဝင်လာနေပြီး ဇွန်လ ၁ ရက်နေ့မှာတော့ ရေကထပ်မံမြင့်တက်လာကာ စိုးရိမ်ရေမှတ်ကိုရောက်လုနီးအမှတ်ထိမြင့်တက်လာခဲ့တယ်လို့ သတင်းတွေမှာဖော်ပြထားကြပါတယ်။ မြစ်ဖျားပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းလို့ဆင်းလာတဲ့ရေတွေဟာ မြစ်ကြီးနားမြို့ပြီးတဲ့နောက် ဧရာဝတီမြစ် အောက်ပိုင်းကို ဆက်လက်ဆင်းလာဦးမှာ ဖြစ်လို့ မြစ်တလျှောက်က လူနေမြို့တချို့မှာလည်း တမြို့ပြီးတမြို့ မြစ်ရေမြင့်တက်တာ လူနေရပ်ကွက်တွေ ရေမြုပ်တဲ့ အကျိုးဆက်တွေ ကြုံတွေ့ရနိုင်ချေ ရှိနေပါသေးတယ်။
ဧရာဝတီမြစ်တလျှောက်မှာ စစ်ဘေးဒဏ်ခံစားနေရတဲ့ မြို့တွေနဲ့ ငလျင်ဘေးခံစားနေရတဲ့မြို့တွေ ရှိနေသေးတာဖြစ်လို့ ရေဘေးဒဏ်ကို ရင်ဆိုင်ကြရဦးမှာ ဖြစ်ပါတယ်။
သဘာဝဘေး အန္တရာယ်ကို ကာကွယ်ဖို့ ကြိုတင်ပြင်ဆင်ဖို့ ကောင်းမွန် ထိရောက်တဲ့ အုပ်ချုပ်ရေး မရှိ၊ ရံပုံငွေကြေးမရှိတဲ့ အနေအထားမျိုးမှာ ပြည်သူလူထုရဲ့ ဘဝတွေက ဒုက္ခမျိုးစုံခါးစည်းခံရတဲ့ အနေအထားဖြစ်ပါတယ်။
စစ်ပွဲတွေနဲ့လွဲမှားတဲ့စီမံခန့်ခွဲမှုတွေက သဘာဝပတ်ဝန်းကျင်ကိုထိခိုက်ပျက်စီးစေပြီး တဖန်သဘာဝပတ်ဝန်းကျင်ပျက်စီးမှုက အခြားသော ဘေးဒုက္ခတွေကို ဖြစ်ပေါ်စေတဲ့အဆိုးသံသရာကို မြန်မာ နိုင်ငံက ပြည်သူလူထုအနေနဲ့ ရင်ဆိုင်နေကြရတာ ဒီနေ့ခေတ်ကာလရဲ့ မြင်ကွင်းတွေပဲ ဖြစ်ပါတယ်။
စစ်အာဏာရှင် စနစ်ကို အမြစ်ဖြတ်မှ မြန်မာနိုင်ငံကို နယ်ချဲ့ကိုလိုနီလက်မှ လွတ်လပ်ရေးရယူပေးခဲ့တယ်ဆိုတဲ့ မြန်မာစစ်တပ်က ဆယ်စုနှစ်အတန်ကြာမှာ နိုင်ငံရေးအာဏာမက်မောတဲ့စစ်တပ်အဖြစ်အသွင်ပြောင်းခဲ့ပြီး မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်မီး ဆယ်စုနှစ် ၇ ခုကျော်ကနေ အခုဆို ၈ခုထဲရောက်ရှိနေပြီ ဖြစ်ပါတယ်။
စစ်အာဏာရှင် အမြစ်ဖြတ်ရေး၊ စစ်တပ်ကို နိုင်ငံရေးမှ အပြီးတိုင်ဖယ်ရှားရေးအတွက် သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုတွေကို လောလောဆယ်မှာအရေးမကြီးဘူးလို့ သဘောထားသင့်သလား ဒါမှမဟုတ် ပြန်လည်ပျိုးထောင်ဖို့ခက်ခဲတဲ့ သဘာဝပတ်ဝန်းကျင်နဲ့သယံဇာတတွေကို စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး ကြိုးပမ်းနေစဥ်မှာ တပြိုင်နက်ထဲ ထိန်းသိမ်းသင့်သလား ဆိုတဲ့ မေးခွန်းလည်း မေးစရာရှိနိုင်ပါတယ်။ သို့ပေမယ့် လက်ရှိအခြေအနေမှာတော့ သဘာဝပတ်ဝန်း ကျင် သယံဇာတ ထိန်းသိမ်းရေးတွေက ဘယ်ဘက်ကမှ မနှစ်သက်ကြတဲ့ စကားလုံးတွေ ဖြစ်နေတာလည်း ဖြစ်ပါတယ်။
စစ်ကိုင်းနဲ့ မန္တလေးတို့မှာ အဆိုးရွားဆုံး သေဆုံးပျက်စီးခဲ့ရတဲ့ ငလျင်ဘေး ကျရောက်ပြီး ၂ လ ပြည့်လာတဲ့တိုင် မန္တလေး၊ စစ်ကိုင်း မြို့တွေ အပျက်အစီးကနေ ရုန်းထဖို့ အားယူနေရဆဲ ပျက်စီးသွားတဲ့ နေစရာအိမ်တွေ ပြန်လည် တည်ဆောက်ဖို့ အခက်အခဲပေါင်းများစွာ နဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ မိုးရာသီ ဝင်ရောက်လာသည့်တိုင် လုံခြုံတဲ့ အမိုးအကာအောက် မရောက်သေးသူတွေလည်း ရှိနေဆဲဖြစ်ပါတယ်။
ငလျင်ဒဏ်ခံစားရတဲ့မြို့တွေအနက် လူဦးရေအထူထပ်ဆုံးနဲ့အဆောက်အဦထိခိုက်ပျက်စီးမှု အများဆုံးမြို့ဖြစ်တဲ့ မန္တလေးမှာ တပိုင်းတစပြိုပျက်နေတဲ့တိုက်အဆောက်အဦတွေကို ဖြိုဖျက်ရာမှာ မတော်တဆထိခိုက်မှုတွေနဲ့ သေဆုံးမှု၊ ဒဏ်ရာရမှုတွေ ခုရက်ပိုင်းဖြစ်ပွားခဲ့တာကိုကြည့်ရင် ငလျင်ဘေးကနေ ပြန်လည်ရုန်းထနေတဲ့ မန္တလေးမြို့ အခြေအနေကို အကဲဖြတ်နိုင်ပါတယ်။
စက်ယန္တရားနဲ့ မဖြိုနိုင်တာကြောင့် လူလုပ်အားနဲ့ အဆောက်အဦတွေ ဖြိုဖျက်ကြရာမှာ မထင်မှတ်ထားတဲ့ နေရာက ပြိုကျပြီး အလုပ်သမားတဦးထိခိုက်သေဆုံးခဲ့ရတဲ့ အဖြစ်အပျက် မေလ ၃၁ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ ချမ်းအေးသာစံ မြို့နယ်ထဲမှာ ဖြစ်ပွားတဲ့အဆိုပါ ဖြစ်ရပ်မှာ တဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့ပါတယ်။ အဆိုပါ ဖြစ်ရပ် မတိုင်ခင် တရက်ကလည်း ချမ်းအေးသာစံ မြို့နယ်ထဲမှာပင် ငလျင်ဒဏ်ခံထားရတဲ့တိုက်ဖြိုချစဥ်ပြိုကျပြီး အလုပ်သမား ၂ ဦး ဒဏ်ရာရတဲ့အဖြစ်အပျက် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဆောက်အဦဖြိုချရှင်းလင်းရာမှာ စက်ယန္တရားအသုံးပြုဖို့ နေရာ အကျယ်အဝန်းမလုံလောက်တဲ့ အခက်အခဲရှိနိုင်သလို စက်ယန္တရားငှားရမ်းခကုန်ကျစရိတ်မြင့်တာ၊ လိုအပ်ချက်မြင့်မားပြီး ယန္တရားအလုံအလောက်မရှိတဲ့ ပြဿနာ စသဖြင့် အမျိုးမျိုး ရင်ဆိုင်နေကြရတဲ့ အနေအထားမှာ အခုလို လူအားနဲ့ ဖြိုချရှင်းလင်းတဲ့ အခြေအနေဖြစ်ပါတယ်။
အခြားသော မြို့ကြီးတွေနဲ့နှိုင်းယှဥ်ရင် ကုန်သွယ်မှုအချက်အချာကျတဲ့ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ဖြစ်တဲ့မန္တလေးမြို့အနေအထားက ငလျင်ဘေးကနေ ပြန်လည်ရုန်းထဖို့ အသည်းအသန် ကြိုးစားနေရတဲ့အနေအထားဖြစ်ပြီး ကူညီထောက်ပံ့ပေးဖို့ အဓိကတာဝန်ရှိတဲ့ စစ်ကောင်စီအစိုးရ အနေနဲ့ ငလျင်ပြန်လည်ထူထောင်ရေးထက် စစ်ရေးလုံးပန်းမှုတွေနဲ့ နိုင်ငံရေးထွက်ပေါက်ဖြစ်တဲ့ နှစ်ကုန်မှာကျင်းပမယ့် ရွေးကောက်ပွဲတို့ကိုသာ ဦးစားပေးလုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar