ဘာကြောင့် ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဖမ်းဆီးမှုများကို ဆန့်ကျင်သော ဆန္ဒပြပွဲများ ယခုဖြစ်ပေါ်နေသနည်း
ဘာကြောင့် ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဖမ်းဆီးမှုများကို ဆန့်ကျင်သော ဆန္ဒပြပွဲများ ယခုဖြစ်ပေါ်နေသနည်း
နိုင်ငံတကာသာဂိ (မိုးမခ) ဇွန် ၁၁၊ ၂၀၂၅
လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ သတင်းထောက် ဟာမက်အာလီယာဇစ်က အခုလို ရှင်းပြပါတယ်။
လော့စ်အိန်ဂျလိစ်တွင် ဆန္ဒပြပွဲများ စတင်ဖြစ်ပေါ်ခဲ့သည်မှာ လူဝင်မှုကြီးကြပ်ရေးအေးဂျင့်များက အထောက်အထားမဲ့ဟု သံသယရှိဖွယ် လူများကို ၎င်းတို့၏အလုပ်ခွင်များတွင် ဖမ်းဆီးရန် ရောက်ရှိလာချိန်တွင်ဖြစ်သည်။ ၎င်းတို့သည် မြို့အာဏာပိုင်များကို ၎င်းတို့ရောက်ရှိမည်ကို ကြိုတင်မပြောကြားခဲ့ဘဲ၊ သဘောမတူသည့် ဆန္ဒပြသူများက ၎င်းတို့ကို တားဆီးရန် ကြိုးပမ်းခဲ့ကြသည်။
ဤပဋိပက္ခသည် ဒါနဲ့တင် ပြီးသွားမည် မဟုတ်ပါ။ ထရမ့်အစိုးရသည် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဖမ်းဆီးမှုများကို အရှိန်မြှင့်လုပ်ဆောင်နေပြီး၊ အလုပ်ခွင်များတွင် ဖမ်းဆီးမှုများသည် နောက်ထပ် အဓိကခြေလှမ်းဖြစ်သည်။ အနာဂတ်တွင် ဖမ်းဆီးမှုများသည် ပို၍ ဆိုးဝါးဖို့သာ ရှိသည်။
လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဖမ်းဆီးမှုများ တိုးမြှင့်လုပ်ဆောင်ခြင်း၊ နိုင်ငံတကာမှ ရွှေ့ပြောင်းနေထိုင်သူများကို ပစ်မှတ်ထား တိုးမြှင့် ရှာဖွေခြင်း
ယခုနှစ်တွင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ထိန်းသိမ်းရေးဌာန (ICE) မှ အရာရှိများသည် ရှာဖွေရလွယ်ကူသော ရွှေ့ပြောင်းနေထိုင်သူများဖြစ်သည့် ရာဇဝတ်မှုမှတ်တမ်းရှိသူများ၊ တရားရုံးတွင် အမှုတင်ထားသူများ၊ နိုင်ငံရေး ခိုလှုံခွင့်တောင်းဆိုသူများကို ဖမ်းဆီးခဲ့သည်။ အေးဂျင့်များသည် ဤသူများ၏ လိပ်စာကို လွယ်လွယ်နဲ့ ထောက်လှမ်းနိုင်ကြလို့ ဖြစ်သည်။
ရလဒ်အနေဖြင့်၊ အစိုးရသည် တစ်ရက်လျှင် လူပုဂ္ဂိုလ် ၇၀၀ ခန့်ကို နှင်ထုတ်ခဲ့ပြီး၊ ၎င်းသည် ဘိုင်ဒင်အစိုးရလက်ထက်ထက် များစွာမပိုခဲ့ပေ။
ပြီးခဲ့သည့်လက ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အကြံပေး စတီဖင်မီလာက ICE သည် တစ်ရက်လျှင် အနည်းဆုံး ဖမ်းဆီးမှု ၃,၀၀၀ ပြုလုပ်ရန် လိုအပ်သည်ဟု ညွှန်ကြားခဲ့သည်။ ၎င်းသည် ဘိုင်ဒင်လက်ထက်ထက် ၁၀ ဆခန့် ပိုများသည်။
မျိုးစုံသော ဖမ်းဆီးရေး နည်းလမ်းများ
ထိုပမာဏသို့ရောက်ရှိရန်၊ အေဂျင်စီသည် နည်းဗျူဟာအသစ်များ ရှာဖွေနေသည်။ အစိုးရသည် ရွှေ့ပြောင်းနေထိုင်သူများအပေါ် ရာဇဝတ်မှုဆိုင်ရာ စွဲဆိုထားသည့် အမှုများကို တရားရုံးကနေပယ်ဖျက်ပေးပြီး၊ ၎င်းတို့ တရားရုံးမှ ထွက်ခွာသည့်အခါ စောင့်၍ ဖမ်းဆီးခဲ့သည်။ ၎င်းအပြင် အလုပ်ခွင်များသို့ ရောက်ရှိလာကာ ဖမ်းဆီးမှုများ ပြုလုပ်နေသည်။ ထို့ပြင် အမျိုးသားအစောင့်တပ်ဖွဲ့နှင့် မရိန်းတပ်ဖွဲ့များကို ဖမ်းဆီးမှုများတွင် အကူအညီပေးရန် တောင်းဆိုထားသည်။
ထရမ့်သည် ဤသို့ပြုလုပ်နိုင်ပါသလား။
သမ္မတအိမ်ဖြူတော်က လော့စ်အိန်ဂျလိစ်သို့ ဖက်ဒရယ်တပ်ဖွဲ့များ စေလွှတ်ရခြင်းမှာ ဒေသခံရဲတပ်ဖွဲ့များသည် “ပုန်ကန်သူများ” ကို ရင်ဆိုင်ရန် အကူအညီလိုအပ်သောကြောင့်ဟု ဆိုသည်။ သို့သော် Posse Comitatus အက်ဥပဒေအရ လက်နက်ကိုင်တပ်ဖွဲ့များသည် ပြည်တွင်းမှာ ဥပဒေစိုးမိုးရေးအဖြစ် တိုက်ရိုက် ဆောင်ရွက်ခွင့်မရှိပေ။ ဆောက်သည်စတန်ဥပဒေကျောင်းမှ ပါမောက္ခနှင့် လေတပ်ဒုဗိုလ်မှူးဟောင်း ရေချယ်ဗန်လန်ဒင်ဟမ်အား ထိုအကြောင်းကို မေးမြန်းခဲ့သည်။
ဤလုပ်ရပ်များသည် တရားဝင်ပါသလား။
ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲသူများသည် သမ္မတက ဖက်ဒရယ်တပ်ဖွဲ့များကို ပြည်သူများအပေါ် အကြမ်းဖက်ရန် ဖိနှိပ်သည့် လက်ကိုင်တုတ်အဖြစ် အသုံးပြုခြင်းမှ တားဆီးလိုခဲ့သည်။ ၎င်းမှာ ကိုလိုနီခေတ်တွင် အင်္ဂလိပ်စစ်သားများက ဘုရင်၏ အမိန့်နဲ့ လူများ၏အိမ်များကို ကျုးလွန်မှုများ ပြုလုပ်ခဲ့သည့်ပုံစံကို ရှောင်ရှားရန်ဖြစ်သည်။ သို့သော် အမျိုးသားအစောင့်တပ်ဖွဲ့များသည် ဒေသခံပြည်သူများဖြစ်ပြီး ၎င်းတို့၏ ရပ်ရွာများတွင် နေထိုင်ကြသည်။ ထို့ကြောင့် ဖက်ဒရယ်တပ်ဖွဲ့အဖြစ် ပြောင်းလဲ မသတ်မှတ်မချင်း ၎င်းတို့သည် ရဲတပ်ဖွဲ့လုပ်ငန်းများတွင် ကူညီခွင့်ရှိသည်။ ထရမ့်သည် ပြီးခဲ့သည့်ပြီးခဲ့သည့်စနေနှင့်တနင်္ဂနွေတွင် ၎င်းတို့ကို ဖက်ဒရယ်တပ်ဖွဲ့အဖြစ် သတ်မှတ်ခဲ့သည်။ ထိုအခါ ၎င်းတို့သည် ပုံမှန်စစ်တပ်နှင့် မခြားနားတော့ပေ။ ၎င်းတို့သည် ICE အေးဂျင့်များကဲ့သို့ ဖက်ဒရယ်ဝန်ထမ်းများနှင့် ICE ထိန်းသိမ်းရေးဌာနကဲ့သို့ ဖက်ဒရယ်အဆောက်အအုံများကို ကာကွယ်ရန်သာ လုပ်ဆောင်နိုင်သည်။
ထို့ကြောင့် ကယ်လီဖိုးနီးယားအမျိုးသားအစောင့်တပ်ဖွဲ့နှင့် မရိန်းတပ်ဖွဲ့များသည် ဆန္ဒပြပွဲများကို ထိန်းချုပ်နိုင်ပါသလား။
သမ္မတက Insurrection Act ကို အသုံးမပြုမချင်း မထိန်းချုပ်နိုင်ပေ။ ထိုဥပဒေသည် ပုန်ကန်မှုများကို ဖိနှိပ်ရန်နှင့် ပုန်ကန်မှုများကို ရင်ဆိုင်ရာတွင် ဖက်ဒရယ်ဥပဒေကို အကောင်အထည်ဖော်ရန် တပ်ဖွဲ့များကို လမ်းပေါ်တွင် ရဲတပ်ဖွဲ့အဖြစ် ဆောင်ရွက်ခွင့်ပြုသည်။
ထရမ့်က ဆန္ဒပြသူများကို “ပုန်ကန်သူများ” ဟု ယမန်နေ့က ပြောခဲ့သည်။ ပုန်ကန်မှုဆိုသည်မှာ မည်သည်ကို ဆိုလိုသနည်း။
အမေရိကန်၏ ဥပဒေတွင် ၎င်းကို ရှင်းလင်းစွာ မဖော်ပြထားပေ။ ၎င်းသည် ICE အေးဂျင့်များကို ၎င်းတို့အလုပ်လုပ်ကိုင်ခြင်းမှ တားဆီးရန် ကြိုးပမ်းသူများကို လည်း သမ္မတက ဆိုလိုချင် ဆိုလိုနိုင်သည်။ တရားရုံးများသည် ပုန်ကန်မှုဟူသည်မှာ မည်သည်ကို ဆိုလိုသနည်း ဆိုတာကို အငြင်းပွားလိုမည် မထင်ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲသူများက သမ္မတအား ဤကိစ္စတွင် လုံး၀ ဆုံးဖြတ်ပိုင်ခွင့်ပေးထားသည်။ ထို့ကြောင့် ထရမ့်က Insurrection Act ကို အသုံးပြုပါက၊ ၎င်းသည် ခိုင်မာသော ဥပဒေအခြေခံကနေ ဆုံးဖြတ်ခွင့် ရှိသည်ဟု ဆိုနိုင်ပါသည်။
အမေရိကန်သမ္မတမှာ လူထုမဲနဲ့ တိုက်ရိုက်ရွေးချယ်ထားသဖြင့် (လွှတ်တော်အမတ်တွေကနေ ဆင်းသက်လာတာမဟုတ် သဖြင့်) သမ္မတ၏ အမိန့်မှာ များစွာ ကျယ်ပြန့်သည်ဟု ဆိုနိုင်ပါသည်။ သမ္မတ၏ ဆင်ခြင်တုံ့တရားပေါ်မှာသာ မူတည်ပါသည်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar