PDF တွေ ထိန်းချုပ်နယ်မြေတွေကနေ ဆုတ်ခွာပေးဖို့ TNLA က အမိန့်ပေး၊ စက်တင်ဘာမှာ MNDAA က သိန္နီမြို့ ပြန်လွှဲမယ့် သတင်းပေါ်ထွက်
မြန်မာနွေဦးခရိုနီကယ် - ဇွန် ၉ မြင်ကွင်း
(မိုးမခ) ဇွန် ၁၀၊ ၂၀၂၅
PDF တွေ ထိန်းချုပ်နယ်မြေတွေကနေ ဆုတ်ခွာပေးဖို့ TNLA က အမိန့်ပေး၊ စက်တင်ဘာမှာ MNDAA က သိန္နီမြို့ ပြန်လွှဲမယ့် သတင်းပေါ်ထွက်
နောင်ချိုမြို့နယ်ထဲက PDF တော်လှန်ရေးတပ်ဖွဲ့တွေကို TNLA က နောက်ပြန်ဆုတ်ဖို့ ညွှန်ကြားနေကြောင်း DVB သတင်းဌာနက ဒီနေ့နေ့စွဲနဲ့ရေးသားဖေါ်ပြလိုက်ပါတယ်။ PDF နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး ဖေါ်ပြထားရာမှာ နောင်ချိုကြီး ကျေးရွာကနေ ၃ ရက်အတွင်း ရွှေ့ပေးဖို့ ၊ နောင်အုန်းကနေ ၂ ရက်အတွင်း ရွှေ့ပေးဖို့ TNLA က ဆိုင်ကယ်နဲ့ လိုက်လံပြောဆိုကြောင်း သတင်းမှာ ရေးသားထားပါတယ်၊ PDF တွေရဲ့ ယူဆချက်ကတော့ စစ်ကောင်စီဘက်ကို ပြန်ပေးဖို့ ဆုတ်ခွာခိုင်းတာလို့ ၄င်းတို့အနေနဲ့ နားလည်ထားကြောင်း၊ TNLA တပ်ဖွဲ့ပိုင် ပစ္စည်းတွေကို ကုန်တင်ထရပ်ကားတွေနဲ့ သယ်ယူနေကြောင်းလည်း ရေးသားထားပါတယ်။ ယခုရက်ပိုင်းအတွင်း ကျေးရွာ ၃ ရွာလောက် ဆုတ်ခွာပေးလိုက်တဲ့နောက် စစ်ကောင်စီဘက်က အဆိုပါ ကျေးရွာတွေမှာ နေရာဝင်ယူထားတဲ့ အနေအထားထိရောက်ရှိနေကြောင်း ဖေါ်ပြထားပါတယ်။
အခုလို ဖြစ်ပျက်လာတာတွေရဲ့ နောက်ကွယ်မှာ ဘယ်လို သဘောတူညီမှု၊ ဆွေးနွေးမှု၊ သို့မဟုတ် မလွန်ဆန်နိုင်တဲ့ ဖိအားပေးမှုတွေ ရှိနေသလဲဆိုတာတော့ မသိရှိနိုင်ကြပါဘူး။
ယမန်နေ့က ရေးသားတဲ့ ဆောင်းပါးမှာ နောင်ချိုမှာ TNLA နယ်မြေတွေ ဆုံးရှုံးဆုတ်ခွာနေရတဲ့ အနေအထားဟာ ပုံမှန်စစ်ပွဲမှာ ရှုံးလို့ နောက်ဆုတ်ရတဲ့ သဘောထက် နိုင်ငံရေးအရ ဆုတ်ခွာဖို့ ဆုံးဖြတ်ချက်ဖြစ်နေသော်လည်း စစ်ရေးအရ ဆုံးရှုံးလို့ ဆုတ်ခွာရတဲ့ အသွင်သဏ္ဍာန်မျိုး ဖေါ်ဆောင်တာ ဖြစ်နေမလားဆိုတဲ့ သံသယ တချို့ လူမှုကွန်ရက်မှာ ရေးသားထားကြတာကို ဖေါ်ပြခဲ့ပါတယ်။
နောက်ရက်မှာပဲ အခုလို TNLA အဖွဲ့က PDF တပ်ဖွဲ့တွေကို နောင်ချိုမြို့နယ်ထဲက နယ်မြေတချို့ကနေဆုတ်ခွာဖို့ ညွှန်ကြားတဲ့သတင်းက ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီ တပ်နဲ့ TNLA အကြား ထိန်းချုပ်နယ်မြေတွေနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေ ရှိနေတယ်လို့ ကောက်ချက်ချနိုင်ပြီး ဒီဆွေးနွေးမှုတွေမှာ တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုတွေ ရှိနေတယ်ဆိုတာ သံသယ ဖြစ်စရာမလိုပါဘူး။
အခုလို TNLA နဲ့ စစ်ကောင်စီ တပ်တွေရဲ့ ရင်ဆိုင်နေတဲ့ စစ်မျက်နှာ နောင်ချိုကနေ ဆုတ်ခွာနေတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ တအာင်းပြည်ကောင်စီ Ta’ang Land Council လို့အမည်ပေးထားတဲ့ အုပ်ချုပ်ရေး အရအမြင့်ဆုံးအာဏာရှိတဲ့ အဖွဲ့အစည်း တခုကိုဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ နကိုရှိနှင့်ပြီး ဖြစ်တဲ့ တအာင်း နိုင်ငံရေးအတိုင်ပင်ခံ ကော်မတီ TPCC ရဲ့ ဇွန်လ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ကျင်းပတဲ့ အစည်းအဝေးမှာ အခုလို “တအာင်းပြည်ကောင်စီ” ဆိုတဲ့ အမြင့်ဆုံးအာဏာပိုင်ကို ဖွဲ့စည်းခဲ့တာဖြစ်ပြီး TNLA ရဲ့ ကိုယ်စားလှယ်၊ တအာင်းအမျိုးသားပါတီ နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ကိုယ်စားပြုသူတွေပါဝင် ဖွဲ့စည်းခဲ့တာလို့ ထုတ်ပြန်ချက်ထဲ ဖေါ်ပြထားတာတွေ့ရပါတယ်။
အခု ဖွဲ့စည်းလိုက်တဲ့ TLC ရဲ့ ဥက္ကဌ တာဝန်ကို TNLA လက်နက်ကိုင် အဖွဲ့ရဲ့ ဥက္ကဌ ဖြစ်သူ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက တာဝန်ယူထားပြီး လက်နက်ကိုင်တပ်က ၃ ဦး နိုင်ငံရေးပါတီက ၃ ဦး၊ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းထားတဲ့ TPCC က ၃ ဦး စုစုပေါင်း ၉ ဦးနဲ့ ဖွဲ့စည်းခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။
TNLA အနေနဲ့ ယမန်နှစ် နှစ်လယ်ကာလလောက်မှာ စစ်ကောင်စီ ထိန်းချုပ်ခဲ့တဲ့ နယ်မြေအများအပြားကို သိမ်းယူခဲ့ပြီး ကြားကာလ အုပ်ချုပ်ရေး အစီအမံတွေနဲ့ အုပ်ချုပ်ခဲ့ရာက အခုအခါမှာ လက်နက်ကိုင် အဖွဲ့ နိုင်ငံရေးပါတီနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေပါဝင်တဲ့ အတိုင်ပင်ခံကောင်စီတို့ကို အခြေပြုပြီး အမြင့်ဆုံးအာဏာပိုင် အဖွဲ့အစည်းဘာကြောင့် အလောတကြီးဖွဲ့ဖို့ လုပ်ဆောင်သလဲ ဆိုတဲ့မေးခွန်းလည်း ရှိကောင်းရှိနိုင်ပါတယ်။
စစ်ရေးအရ လှုပ်ရှားမှုတွေ၊ သိမ်းယူထားတဲ့ နယ်မြေတွေကို စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်နေခြင်းနဲ့ နယ်မြေနောက်ထပ် သိမ်းယူဖို့ ရည်မှန်းချက်တွေ ထပ်မရှိတော့တဲ့ ရည်မှန်းချက်နဲ့ စစ်ရေးအရ ထိန်းချုပ်ထားပြီး နယ်မြေတွေကို တရားဝင်မှုရရှိအောင် ကြိုးပမ်းချက် တရပ်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ၂၀၂၃ အကုန်နဲ့ ၂၀၂၄ ခုနှစ်တွေမှာ စစ်ရေးအရ သိမ်းယူခဲ့တဲ့ နယ်မြေဒေသတွေကို တအာင်းပြည်ကောင်စီက အုပ်ချုပ်ပိုင်ခွင့်ရှိတဲ့ နယ်မြေတွေအဖြစ် နိုင်ငံရေးစစ်ရေးအဖွဲ့အစည်းတွေကို သိရှိလက်ခံလာစေလိုတဲ့ ရည်ရွယ်ချက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဒီလို နိုင်ငံရေးအရ ကြိုးပမ်းမှုကို နောင်ချိုမြို့နယ်ထဲက စစ်ရေးအရ ထိန်းချုပ်ထားတဲ့ နယ်မြေအချို့ကနေ ဆုတ်ခွာပေးနေတဲ့ကာလမှာ လျင်လျင်မြန်မြန်ပေါ်ထွက်လာတာလည်း ဖြစ်တာကြောင့် လက်ရှိ နိုင်ငံရေး၊ စစ်ရေးဆွေးနွေးမှုတွေရဲ့ နောက်ခံနဲ့ ဆက်စပ်နေကောင်း ဆက်စပ်နေနိုင်ပါတယ်။
အထက်ပါ သတင်းတွေနဲ့ ဆက်စပ်နေတဲ့ အခြားသတင်းတပုဒ်ကတော့ ၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA ကိုးကန့် လက်နက်ကိုင်အဖွဲ့က သိမ်းယူထားတဲ့ သိန္နီမြို့ကို လာမယ့် စက်တင်ဘာလမှာ စစ်ကောင်စီထံ ပြန်လည် လွှဲပြောင်းပေးမယ် ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ DVB သတင်းဌာနက အမည်မဖေါ်လိုတဲ့ သတင်းရင်းမြစ် တခုကို ကိုးကားရေးသားထားပြီး လားရှိုးမြို့လိုပဲ အလားတူ လွှဲပြောင်းပေးရမယ့် သဘောလို့ နားလည်ရပါတယ်။ လားရှိုးမြို့၊ သိန္နီမြို့ အပြင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဖြတ်သန်းရာ ပြည်ထောင်စုလမ်းမကြီး ပေါ်မှာ စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ အခြားမြို့ ၄ မြို့လောက် ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုမြို့တွေ ဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုလို့ ယူဆထားကြတဲ့ တရုတ်နိုင်ငံရဲ့ BRI စီမံကိန်းနဲ့ ချိတ်ဆက်နေတဲ့ ကုန်သွယ်ရေးလမ်းကြောင်းပေါ်က မြို့တွေမှာ စစ်ပွဲမဖြစ်ပွားဖို့၊ စစ်ကောင်စီ ထိန်းချုပ်မှုအောက် ပြန်ပေးဖို့ စတဲ့ တောင်းဆိုချက်တွေ ရှိနေလိမ့်မယ်လို့ မှန်းဆထားကြပါတယ်။
MNDAA အနေနဲ့ လားရှိုးမြို့ ကို ပြန်လည်လွှဲပြောင်းခဲ့တဲ့ အဖြစ်က စစ်ကောင်စီတပ်တွေကို ရှမ်းမြောက်ဒေသက တဆင့် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေး၊ နေပြည်တော်ထိ မောင်းထုတ် အနိုင်ယူရေးဆိုတဲ့ ရည်မှန်းချက် အိပ်မက်တွေကို ပျက်ပြယ်စေခဲ့ပါတယ်။ ဒီရည်မှန်းချက်တွေက NUG နဲ့ ရှမ်းမြောက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား ဆွေးနွေးသဘောတူမှု ရှိချင်မှလည်း ရှိခဲ့မှာ ဖြစ်ပေမယ့် ၁၀၂၇ စစ်ဆင်ရေး လှိုင်းလုံးတွေ အရှိန်ကောင်းစဥ်က အများက မျှော်လင့်ယုံကြည်ခဲ့ကြတဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ NUG လက်အောက်က PDF အဖွဲ့တွေ၊ LPDF လို့ခေါ်တဲ့ ဒေသအလိုက် လက်နက်ကိုင် အဖွဲ့တွေ၊ သီးခြား ရပ်တည်နေကြတဲ့ လက်နက်ကိုင် အဖွဲ့တွေ အကြား ပူးပေါင်းဆောင်ရွက်မှု ရှိပေမယ့်လည်း နယ်မြေ ထိန်းချုပ်စိုးမိုးရေး ဆိုင်ရာနဲ့ ပတ်သက်တဲ့အခါ အကျိုးစီးပွား ဆန့်ကျင်ဘက်ဖြစ်မှု၊ ပွတ်တိုက်မှုတွေ ရှိနေတဲ့ အချက်၊ နိုင်ငံရေးရည်မှန်းချက် ပန်းတိုင်မှာ မသိမသာကွဲလွဲမှုတွေ ရှိနေကြခြင်းက အခုလို အာဏာသိမ်း စစ်တပ်အဖို့ ထွက်ပေါက်ရစေမယ့် အခြေအနေတွေ ပေါ်ထွက်လာတာလားလို့ စဥ်းစားတွေးဆ စရာရှိပါတယ်။
စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေ နိုင်ငံရေးအင်အားစုတွေအကြား နိုင်ငံရေးအရ ဘယ်လောက်ထိ သဘောတူညီမှုတွေ ရှိနိုင်မလဲ၊ ဘယ်အရာတွေက ဘုံအကျိုးစီးပွားဖြစ်ပြီး ဘယ်အရာတွေက အကျိုးစီးပွားဆန့်ကျင်ဘက် ဖြစ်နေသလဲဆိုတာတွေအထိ လက်တွေ့ အခြေအနေတွေကို ပွင့်ပွင့်လင်းလင်း ရင်ဆိုင် ပြောဆိုညှိနှိုင်းဖို့ အရေးတကြီးလိုအပ်နေတာလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar