အစ္စရေးလ်က အီရန်ကို လက်ဦးမှုရယူ တိုက်ခိုက်ခြင်းနဲ့ ကမ္ဘာကြီးအပေါ် သက်ရောက်လာနိုင်တဲ့ အကျိုးဆက်တွေ
မြန်မာနွေဦးခရိုနီကယ် - ဇွန်လ ၁၃ မြင်ကွင်း
မိုးမခ၊ ဇွန်လ ၁၄၊ ၂၀၂၅
အစ္စရေးလ်က အီရန်ကို လက်ဦးမှုရယူ တိုက်ခိုက်ခြင်းနဲ့ ကမ္ဘာကြီးအပေါ် သက်ရောက်လာနိုင်တဲ့ အကျိုးဆက်တွေ
သောကြာနေ့နဲ့ တိုက်ဆိုင်နေတဲ့ ဇွန်လ ၁၃ ရက်နေ့ နံနက်စောစောပိုင်း အစ္စရေးလ်က အီရန်နိုင်ငံရဲ့ စစ်ရေးပစ်မှတ်၊ စစ်ဦးစီးချုပ်၊ တော်လှန်ရေးအစောင့်တပ်ရဲ့ ဦးစီးချုပ် အပါအဝင် အနုမြူ စီမံကိန်းက သိပ္ပံပညာရှင်တွေရဲ့ နေထိုင်တဲ့ နေရာတွေကိုပါ တပြိုင်နက်ထဲ လေကြောင်းတိုက်ခိုက်မှု၊ ဝေဟင်က ဒရုန်းတွေ နဲ့ လက်ဦးမှုရယူ တိုက်ခိုက်ခဲ့တာကြောင့် အစ္စရေးလ်နဲ့ အီရန်နှစ်နိုင်ငံအကြား စစ်ဖြစ်ပွားပြီလို့ သတ်မှတ်နိုင်တဲ့ အနေ အထားရောက်ရှိခဲ့ပါတယ်။
နကိုကတည်းက ဂါဇာမှာ ဟားမားစ် စစ်သွေးကြွ လက်နက်ကိုင်တွေကို အကြောင်းပြုပြီး ပါလစ္စတိုင်းတွေကို လူမျိုးစုရှင်းလင်းရေး တိုက်ခိုက်ချေမှုန်းမှုတွေ နှစ်နဲ့ချီလုပ်ဆောင်နေတာ ဖြစ်လို့ အရှေ့အလယ်ပိုင်းက နကိုကတည်းက စစ်ရေးအရလှုပ်ရှားမှုတွေ နေ့စဥ်နဲ့အမျှ ဖြစ်ပွားနေနှင့်ပြီး ဖြစ်ပါတယ်။ သို့ပေမယ့် ပါလစ္စတိုင်းလူမျိုး ၂ သန်းလောက်နေထိုင်တဲ့ ဂါဇာဒေသကို တိုက်ခိုက်မှုဟာ နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံအကြား ဖြစ်ပွားတဲ့ စစ်ပွဲမဟုတ်ပဲ ဂါဇာကို ကိုလိုနီသဖွယ် ထိန်းချုပ်ထားတဲ့ အစ္စရေးလ်ရဲ့ အလွန်အကျွံ အင်အားသုံးချေမှုန်းမှုတွေ သာဖြစ်ပြီး၁ နှစ်ခွဲကျော်ကာလအတွင်း အရပ်သား ၅ သောင်းကျော်အထိ သေဆုံးပြီးဖြစ်ပါတယ်။ အစ္စရေးလ် အနေနဲ့ ဒီလို စစ်ဆင်ရေးတွေ လုပ်နိုင်အောင် အမေရိကန်ပြည်ထောင်စုနဲ့ အနောက်ဥရောပက ဗြိတိန်၊ ဂျာမနီ၊ အီတလီ၊ ပြင်သစ်တို့လိုနိုင်ငံတွေက လက်နက်ငွေကြေး ထောက်ပံ့ပေးနေကြတာ ဖြစ်ပါတယ်။
ဒီလိုအခြေအနေ နောက်ခံမှာ အစ္စရေးလ်နိုင်ငံကပဲ အရှေ့အလယ်ပိုင်းမှာတော့ ဒေသတွင်း စီးပွားရေး နဲ့ စစ်အင်အားကြီးတဲ့ ရှီးယား မွတ်ဆလင်နိုင်ငံ အီရန်ကို စတင်လက်ဦးမှုယူ တိုက်ခိုက်ခဲ့ပြန်ပါတယ်။ ဒီတိုက်ခိုက်မှုတွေမှာ အမေရိကန်ပြည်ထောင်စုက သူတို့အနေနဲ့ မပါဝင်ကြောင်း ပြောပေမယ့်လည်း အီရန်က ပြန်လည်တုံ့ပြန်တိုက်ခိုက်တဲ့ ဒုံးကျည်တွေ အစ္စရေးလ်နိုင်ငံ တဲလ်အဗစ်မြို့ကို ကျရောက်ချိန်မှာ အမေရိကန်ပြည်ထောင်စုရဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေက ကူညီကာကွယ် ပစ်ခတ်ပေးကြတာ ဖြစ်ပါတယ်။
နေတိုးစစ်အုပ်စုဝင် ဖြစ်တဲ့ အမေရိကန်နဲ့ အချို့သော အနောက်ဥရောပနိုင်ငံတွေက အစ္စရေးလ်ကို မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့် ဆိုတဲ့အကြောင်းပြချက်နဲ့ ကူညီနေကြရာမှာ ပါလစ္စတိုင်းလူမျိုးတွေထဲက အမျိုးသမီး၊ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေ သောင်းဂဏန်းအထိ သေဆုံးနေတဲ့ အစ္စရေးလ်ရဲ့ ဂါဇာကမ်းမြောင်က ရှင်းလင်းချေမှုန်းရေးတွေကို လျစ်လျူရှုနေကြတာလည်း ဖြစ်ပါတယ်။
အခု အစ္စရေးလ်ရဲ့ အီရန်ကို လက်ဦးမှု ရယူတိုက်ခိုက်မှုမှာလည်း အစ္စရေးလ်ရဲ့ မိမိကိုယ် ခုခံကာကွယ်ခွင့် ဆိုတဲ့ အကြောင်းပြချက်ကို အနောက်နိုင်ငံတွေက ဆက်လက်ကိုင်စွဲကာ စစ်ပွဲတွင်းတိုက်ရိုက်ပါဝင် မပတ်သက်သည့်တိုင် နောက်ကွယ်က အားပေးကြဦးမယ့် အနေအထား ဖြစ်ပါတယ်။
အစ္စရေးလ်- အီရန် စစ်ပွဲခုထက် ကျယ်ပြန့်လာခဲ့ရင် ဒေသတွင်းနိုင်ငံတွေ ဖြစ်တဲ့ ယီမင်၊ လက်ဘနွန်တို့လို နိုင်ငံတွေက အနည်းနဲ့ အများ ပါဝင်ကူညီမှုတွေ ရှိလာခဲ့ရင် အရှေ့အလယ်ပိုင်းက စစ်မီးဟာ ကမ္ဘာစစ်လို့ မဆိုနိုင်သည့်တိုင် ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်း၊ အာရုံစိုက်မှုတွေကို ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်။ ရေနံ ထုတ်လုပ်မှု လျော့ကျခြင်း၊ ကုန်သွယ်ရေးလမ်းကြောင်းတွေ လုံခြုံရေး စိုးရိမ်မှုတွေ ဖြစ်ပေါ်လာခြင်း ဒီထက်ဆိုးရွားရင် လမ်းကြောင်း ပိတ်ဆို့မှုတွေ ဖြစ်ပွားခြင်းကြောင့် ကုန်စျေးနှုန်းတွေ မြင့်တက်တဲ့ အကျိုးဆက်တွေကို ဥရောပ၊ အာရှ နိုင်ငံတွေ အားလုံးခံစားကြရနိုင်ပါတယ်။
ယူကရိန်း-ရုရှားစစ်ပွဲကို အဆုံးသတ်မနိုင်သေးခင်မှာ ကမ္ဘာကုန်သွယ်ရေးလမ်းကြောင်းနဲ့ ရေနံထုတ်လုပ်မှုမှာ အဓိကကျတဲ့ အရှေ့အလယ်ပိုင်းမှာ စစ်ပွဲကြီးတခု ထပ်မံဖြစ်ပွားလာမယ့် အနေအထားက မြန်မာနိုင်ငံအရေးလို ကမ္ဘာ့နေရာဒေသတချို့မှာ ဖြစ်တဲ့ ပြည်တွင်းစစ်ပွဲလိုမျိုး အဖြစ်အပျက်တွေကို နိုင်ငံတကာက အာရုံစိုက်မှု လျော့ကျလာမှာ သေချာပါတယ်။ အဝေးမှာ လောင်နေတဲ့မီးထက် အိမ်နောက်ဖေးမှာ လောင်တဲ့မီး အိမ်ဘေးမှာ လောင်တဲ့မီးကို ပိုအလေးထားကြတဲ့ သဘောလည်း ဖြစ်ပါတယ်။ ယူကရိန်း-ရုရှား စစ်ပွဲက ယူကရိန်းနဲ့ တင် ဖြစ်တာမဟုတ်ပဲ အခြားသော အနောက်ဥရာပ နိုင်ငံတွေကိုပါ ရုရှားက ခြိမ်းခြောက်တယ်လို့ နေတိုးစစ်အုပ်စုဝင် နိုင်ငံတွေက အဓိပ္ပါယ်ဖွင့်ဆိုပြီး ယူကရိန်းကို လက်နက် ငွေကြေးကူညီနေကြပေမယ့် ရုရှားကို ကူညီတဲ့ တရုတ်လိုနိုင်ငံမျိုးတွေကိုတော့ ဝေဖန်ရှုတ်ချကြတာလည်း စံနှုန်းနှစ်မျိုးနဲ့ ရပ်တည်ကြသလို ဖြစ်စေပါတယ်။
အလားတူ ပါလစ္စတိုင်း အရပ်သား ၅ သောင်းကျော် သေဆုံးခဲ့တဲ့ အစ္စရေးလ်ရဲ့ အင်အား အလွန်အကျွံသုံး ချေမှုန်းရေးတွေကိုလည်း လူ့အခွင့်အရေး၊ လူမျိုးသုဥ်းသတ်ဖြတ်မှု၊ ethnic cleansing ခေါင်းစဥ်တွေနဲ့ အကျုံးဝင်နေသည့်တိုင် အကာအကွယ်ပေးနေကြတဲ့ အဖြစ်က ကမ္ဘာပေါ်မှာ လစ်ဘရယ် စံနှုန်းတွေ လေးစား တန်ဖိုးထားပါတယ်လို့ အနောက်အုပ်စုနိုင်ငံတွေရဲ့ ပြောဆိုမှုတွေကို ဘယ်သူမှ မယုံကြည်ကြတော့တဲ့ အနေအထားမျိုး ဖြစ်လာစေပါတယ်။
ဒီလို ကမ္ဘာ့အခြေအနေ နောက်ခံမှာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ၊ နွေဦးတော်လှန်ရေး၊ စစ်အာဏာရှင် စနစ်တိုက်ဖျက်ရေးဆိုတဲ့ အရေးအတွက် နိုင်ငံတကာက အလေးထားမှု ထောက်ခံအားပေးမှု ပိုပြီး လျော့ကျလာနိုင်ခြေလည်း ရှိနေတာ ဖြစ်ပါတယ်။
နိုင်ငံတကာရဲ့ စိတ်ဓာတ်ရေး အကူအညီ၊ သံတမန်ရေး အကူအညီတွေကို တိုးပြီးမျှော်လင့်ဖို့ မဖြစ်နိုင်တော့တဲ့ အနေအထားကို ရောက်ရှိနေပြီး Authoritarianism လို့ခေါ်တဲ့ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်တဲ့ နိုင်ငံတွေ၊ လူမှုအဖွဲ့အစည်းတွေ ပိုမိုများပြားလာနေတဲ့ အနေအထားဖြစ်ပါတယ်။ ဥပမာအားဖြင့် အမေရိကန်ပြည်ထောင်စု၊ ဟားမားစ် တိုက်ခိုက်မှုကို အကြောင်းပြုပြီး အာဏာကို ပိုမိုချုပ်ကိုင်လာတဲ့ အစ္စရေးလ် ဝန်ကြီးချုပ် စတဲ့ သာဓကတွေကြောင့် ကမ္ဘာမှာ ဒီမိုကရေစီစနစ်၊ လူတဦး တယောက်လက်ထဲ အာဏာလွှဲအပ်မထားဘဲ ဥပဒေကို ဦးစားပေးအုပ်ချုပ်တဲ့ စနစ်နဲ့ နိုင်ငံတွေ ပိုပြီးနည်းပါးလာနေတာ ဖြစ်ပါတယ်။
မြန်မာ့အရေး ကိစ္စအတွက် ကမ္ဘာ့အကူအညီကို ပိုရဖို့ မမျှော်လင့်နိုင်တဲ့ အနေအထားမှာ လက်တွေ့ ကျတဲ့ ဖြစ်နိုင်ခြေရလဒ်၊ အဆိုပါ ရလဒ်ကို ရရှိဖို့ မဟာဗျူဟာ၊ နည်းဗျူဟာတွေ ပြန်လည် သုံးသပ်ချမှတ်ဖို့လည်း လိုအပ်နေတာ အမှန်ပဲဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar