Breaking News

ဖလော်ဒါဟန် - နယုန်မိုးမစဲ တဖွဲဖွဲ


ဖလော်ဒါဟန် - နယုန်မိုးမစဲ တဖွဲဖွဲ

မိုးမခ ၊ ဇွန် ၃ ၊ ၂၀၂၅


အညာလို ပြောမရပေမဲ့ မြန်မာနိုင်ငံရဲ့ အချက်အချာဖြစ်တဲ့ မန္တလေး ဆိုတာ နွေပူ ဖုန်ထူ၊ ဆောင်းရာသီဆို အေး၊ မိုးတွင်းဆို အဆက်မပြတ် မိုးရွာ မြို့နေ တောရွာကအစ ဒေသခံတွေ အလုပ်နားကြတယ်။

မိုးအေးအေးလေးရဲ့ အရသာကို အပြည့်အဝ ခံစားကြတာပါ။

မကြာသေးမီအချိန် စစ်ကိုင်းငလျင်ကြီး လှုပ်ပီးချိန်ကစလို့ ရာသီဥတုဆိုတာ ညင်သာမှုမရှိသလို မျှတတဲ့ အနေအထားမှာလည်း မရှိပါဘူး။

ယနေ့အချိန်အထိ လှုပ်နေတဲ့ငလျင်ဟာ ပညာရှင် သုံးသပ်သလို ငလျင်ကြီးရဲ့ နောက်ဆက်တွဲလား။

ဒါမှမဟုတ် ငလျင်ရဲ့ အသုံးတော်ခံ အနုပညာတခုအဖြစ် ရပ်တည်တော့မှာလား ဆိုတာ တွေးနေမိတယ်။

မိုးကလည်း ကြီး၊ လေကလည်း ကြမ်းတဲ့အချိန်ဆို ဘေးမှာရှိနေတဲ့ သစ်ပင်ကြီးတွေက အချက်ပေးသံက ကျယ်လောင်လိုက်တာဆို မပြောပါနဲ့။

မန္တလေးရဲ့ အပူ

မန္တလေးရဲ့ မိုး

မန္တလေးရဲ့ လေ

မန္တလေးအနီးတဝိုက်မှာ လှုပ်နေတဲ့ စစ်ကိုင်းငလျင်။

ဘယ်လိုများတောင် ရာသီတွေ ကြမ်းနေရတယ် မသိ။

ရာသီကြမ်းမှာ ဒေသထွက် သရက်သီးတွေ ဆိုတာ တောင်လိုပုံလို့ သရက်တောမို့ သရက်သီး ပေါပေမဲ့ သရက်ရာသီကလည်း ဈေးမရှိ။ ပဲထွက်တဲ့ဒေသမို့ ပဲဈေးက ကောင်းလား ဆိုတော့ မကောင်းတကောင်း။ ရက်ကန်းနဲ့ အသက်မွေးကြတော့ ရက်ကန်းဈေးကောင်းလာဆိုတော့ မီးက အချိန်နဲ့မပေး။

ဒေသခံ ပြည်သူတွေဆိုတာ ရာသီကြမ်းသလို ကုန်းဈေးနှုန်းကလည်း အတက်ကြမ်းမှာ ရပ်မနေ။ ပြည်သူတွေ စုဆောင်းမိတာ ဆိုလို့ စစ်မှုထမ်းအတွက် ပေးရတဲ့ လစဉ်‌ကြေးပဲ ရှိမယ် ထင်ပါရဲ့။

အဆင်မပြေမှုတွေမှာ ပြည်သူတွေဘဝက ရေဘေးနဲ့ပတ်သက်လို့ ကြိုတင်ပြင်ဆင်မှု ဆိုတာကလည်းမရှိသလို အသိပညာပေးနိုင်ဖို့ ဝေလာဝေး။

မကြာခင် ဝါဆို ဝါခေါင်၊ ရေဖောင်ဖာင်မှာ အဘယ်ကဲ့သို့‌သော ဘေးမျိုးကို ကြုံရအုံးမယ်ဆိုတာ မသိနိုင်သေး။

ရပ်ရွာလူထုကတော့ ရေကြီးမှာကို မလိုလားကြတော့တဲ့ အခြေအနေပါ။

အလုပ်အကိုင်ကလည်းပုဂ္ဂလိက အပြင်အလုပ်သမားများဘဝကလည်း စက်ရုံတွေဆိုတာ လည်ပတ်နေတယ် ဆိုတာထက် ရပ်ထားရမယ့် အနေအထားတခုမဖြစ်ဖို့ တွန်းထုတ်နေရတဲ့အနေအထားပါ။

ယခင်က နေ့ ည အိုဗာတိုင်တွေနဲ့ လည်ပတ်နေတဲ့ စက်ရုံများတောင် အခုဆို ပုံမှန်အနေအထားအဆင့်တောင် မလည်ပတ်နိုင်သေးပါ။

ဒီလို မရှင်းမရှင်း အနေအထားမှာ ငလျင်‌ကြောင့် ပြိုပျက်ခဲ့ရတဲ့ အဆောက်အအုံများမှာ တိုက်ဖြိုအလုပ်သမားရဲ့ ဈေးကွက်က ကောင်းလို့ပါပဲ။

အနီးအနားမှာရှိတဲ့ လူငယ်တွေ မြို့တက်ပြီး လုပ်အားခကောင်းကောင်းမှာ ဘဝတွေ ကူးခတ်နေကြတယ်။

အချို့လည်း ဒဏ်ရာတွေ ရကြတာပေါ့။

မပီပြင်လှတဲ့ ပြည်သူတွေရဲ့ဘဝက ဦးတည်ချက်လည်း ပျောက်၊ ရည်မှန်းချက်လည်းပျောက်၊ ကြုံရာကျပန်း အလုပ်တွေမှာ တခဏတာ ဘဝနေထိုင်မှုအတွက် ဖြေရှင်းနိုင်ဖို့ပဲ တွေးလာကြတယ်။

မကြာမီ စကစ ရဲ့ ရွေးကောက်ပွဲက မြို့ကြီးများနဲ့ အနီးဝန်းကျင် ရပ်ရွာအဝန်းအဝိုင်းလေးကို အုပ်ချုပ်ရေးမှူး ဆိုသူတွေ ဘယ်လိုမျိုး အမိန့်တွေ ခြွေကြအုံးမလဲ မသိ။

ပြည်သူကရော သေနတ်နဲ့ အသက် ဘယ်ဟာ ရွေးမလဲမှာ အဖြေက ရှင်းနေပြီးသားပါ။

ကျွန်မတို့ကတော့ စင်ပေါ်က ဆိုပေမဲ့ ပွဲကြည့်ပရိသတ်က ပိုများနေတော့ လက်ခုပ်လက်ဝါးလည်း မမျှော်နိုင်တဲ့ ဘဝပါ။

အာဏာရှင်ဆိုတာ ပြည်သူ‌တွေရဲ့ ဘဝကို သေနတ်‌ပြောင်းဝ ချိန်ထားဖို့မလိုတဲ့ အ‌နေအထားဆို  အမိန့်နဲ့ ထိန်းချုပ်ပြီး အနိုင်ကျင့်တာ မဆန်းပါဘူး။

ဒီလိုစနစ်ကို ခေတ်အဆက်ဆက် ကျင့်သုံးခဲ့တဲ့ နည်းဗျူဟာက ခေါင်းဆောင်သာ ပြောင်းသွားမယ် လုပ်ရိုးလုပ်စဉ်ကတော့ မပြောင်းလဲပါ။

 ယနေ့အချိန် အချို့သော မြို့ရွာတွေမှာဆို သေနတ်ပြောင်းဝနဲ့ ချိန်ရွယ်ထားပြီး အကြောက်တရားက တွန်းအားပေးနေတော့ မိမိဘဝ လုံခြုံဖို့နဲ့ အသက်ရှင်ဖို့ ကြိုးစားနေထိုင်ကြရတယ်။

အခုဆို ရာသီကလည်း ကြမ်း၊ ခေတ်စနစ်ကလည်း ဆိုးတဲ့အချိန်မှာ ပြည်သူတွေ အဆိုးကနေ အကောင်းဖြစ်ဖို့က မိမိကိုယ်ကို အကောင်းဆုံးသော နည်းလမ်းများကို‌ ရွေးချယ်တတ်ဖို့တော့ လိုပါလိမ့်မယ်။

ဒါမှသာ လူ့ဘောင်သစ်ခရီး လျှောက်လှမ်းရာမှာ အတွေးအမြင်အသိ မှန်ကန်စွာနဲ့ လူ့အခွင့်အ‌ရေးကို လူသားတိုင်း စားသုံးခွင့်ရကြမယ် ဆိုတာလေးကို မျှဝေရင်း။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar