ဒေါ်အောင်ဆန်းစုကြည်မွေးနေ့နဲ့ မြန်မာ့နိုင်ငံရေး
မြန်မာနွေဦးခရိုနီကယ် - ဇွန် ၁၉ မြင်ကွင်း
(မိုးမခ) ဇွန် ၂၀၊ ၂၀၂၅
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့နဲ့ မြန်မာ့နိုင်ငံရေး
နှစ်စဥ်ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဟာ လူထုထောက်ခံမှု အများဆုံးရရှိထားတဲ့ ခေါင်းဆောင်တယောက်ရဲ့ ပုဂ္ဂိုလ်ရေးရာ ကိစ္စတရပ်ထက်ပိုတဲ့ အဓိပ္ပါယ်ဆောင်ပြီး ဘယ်နိုင်ငံရေးအင်အားစုတွေက ဘယ်လိုသဘောထားရှိသလဲ၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးအရ ဆုတောင်းကြတဲ့ထက် ကျော်လွန်ပြီး နိုင်ငံရေးအင်အားစု အချင်းချင်း ထားရှိတဲ့ သဘောထား၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ဒေါ်အောင်ဆန်းစုကြည် အပေါ်ထားရှိတဲ့ သဘောထား သို့မဟုတ် ဗမာနိုင်ငံရေးအင်အားစုဖြစ်တဲ့ NLD ပါတီ၊ အမျိုးသားညီညွတ်ရေး အစိုးရ စတဲ့အင်အားစုတွေ အပေါ် ထားရှိတဲ့ သဘောထားတွေကို အကဲခတ်နိုင်တဲ့ အချိန်လို့လည်း ဆိုနိုင်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ နိုင်ငံရေးလှုပ်ရှားမှု၊ လူထုရဲ့ နိုင်ငံရေးအပေါ် စိတ်ဝင်စားမှု၊ နိုင်ငံတကာ အစိုးရနဲ့ အဖွဲ့အစည်းတွေရဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် သဘောထားတို့ကိုလည်း အကဲခတ်နိုင်တဲ့ ကာလဖြစ်ပါတယ်။
အခုနှစ် ဇွန်လ ၁၉ ရက်မှာကျရောက်တဲ့ နှစ် ၈၀ ပြည့်မွေးနေ့မှာ ဘယ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့က မွေးနေ့ ဆုတောင်း လုပ်ဆောင်ကြသလဲလို့ လေ့လာကြည့်တဲ့အခါ တအာင်းလက်နက်ကိုင် အဖွဲ့ TNLA ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ် တားဘုန်းကျော် က ဗီဒီယိုအတို တခုမှာ “Happy Birthday ဒေါ်အောင်ဆန်းစုကြည်၊ အမြန်ဆုံးလွတ်မြောက်ပါစေ၊ မြန်မာပြည်ကို အမြန်ဆုံးဦးဆောင်နိုင်ပါစေ” လို့ မွေးနေ့ဆုတောင်းတာ တွေ့ရပါတယ်။ TNLA အဖွဲ့အနေနဲ့ စာနဲ့ ထုတ်ပြန်ချက်နဲ့ ဆုတောင်းတာမျိုး မဟုတ်ပေမယ့် ပုဂ္ဂိုလ်ရေးအရ TNLA တပ်ဖွဲ့ရဲ့ တာဝန်အရှိဆုံး ခေါင်းဆောင်တဦးဖြစ်သူက ဆုတောင်းခြင်း ဖြစ်လို့ TNLA အနေနဲ့ NLD ပါတီ၊ ဒေါ်အောင်ဆန်းစုကြည် တို့နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးမျိုး လိုလားတဲ့ သဘောလို့ ကောက်ချက်ချနိုင်ပါတယ်။ အခြား တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေထဲကတော့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို အဖွဲ့အစည်းအနေနဲ့ ဖြစ်ဖြစ် တဦးချင်းဖြစ်ဖြစ် မွေးနေ့ဆုတောင်း လူသိရှင်ကြားပြောဆို ထုတ်ပြန်တာမျိုး ခု စာရေးနေချိန်အထိ မတွေ့ရပါဘူး။
လက်နက်ကိုင် အဖွဲ့တွေ အပြင် အချို့သော နိုင်ငံတကာအစိုးရနဲ့ မြန်မာနိုင်ငံဆိုင်ရာ သံရုံးစတာတွေက မွေးနေ့ ပန်းခြင်းပေးပို့တာ၊ လွတ်မြောက်ဖို့ ဆုတောင်းတဲ့ ကြေညာချက်တွေ ထုတ်ပြန်ခဲ့ကြတာတွေ့ရပါတယ်။ ရန်ကုန်မြို့က မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးက မွေးနေ့လက်ဆောင် ပန်းခြင်းကို ရွှေဂုံတိုင်ပါတီရုံး အရှေ့မှာ သွားရောက်ချထားခဲ့တာ ထူးထူးခြားခြား တွေ့ရပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ စစ်ကောင်စီနဲ့ ကောင်းမွန်တဲ့ သံတမန် ဆက်ဆံရေးလည်း ရှိသလို အခုလိုဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကိုလည်း ပါတီရုံးမှာ ပန်းခြင်းသွားရောက်ချထားပြီး လုပ်ဆောင်ခဲ့တာတွေ့ရပါတယ်။ တဖက်မှာတော့ စစ်ကောင်စီ အစိုးရနဲ့ အစိုးရချင်းဆက်ဆံရေးကို ကောင်းမွန်စွာထိန်းသိမ်းထားသလို အိန္ဒိယနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်ဟာ တချိန်က သံအမတ်တာဝန် ထမ်းဆောင်ခဲ့ပြီး ကွယ်လွန်သွားတဲ့ အိန္ဒိယနိုင်ငံရေး ခေါင်းဆောင်တချို့နဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုကို အသိအမှတ်ပြုတဲ့ သဘောလားလို့ဆန်းစစ်စရာ ရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့နဲ့ ပတ်သက်လို့ လူသိရှင်ကြား လွတ်မြောက်ဖို့ ဆုတောင်းတဲ့ ထုတ်ပြန်ချက်၊ အသိပေးချက်တွေ ဖေါ်ပြကြတဲ့ အခြားသော နိုင်ငံတွေကတော့ အမေရိကန်၊ ဥရောပ သမဂ္ဂ၊ ဗြိတိန် နဲ့ ဒိန်းမတ် သံရုံးတို့ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေ အနေနဲ့ ၂၀၁၇ ရိုဟင်ဂျာ အရေးမှာ NLD အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ဘက်က ကာကွယ်ပြောဆိုခဲ့တာ၊ ၂၀၁၉ ICJ တရားရုံးမှာ သွားရောက် ကာကွယ်ခဲ့တာတွေဖြစ်ပွားခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ယခင်လောက် နီးစပ်တဲ့ ဆက်ဆံရေး မရှိခဲ့ပေမယ့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရချိန်က စလို့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက်ပြန်လည် ရပ်တည်လာတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသား အားလုံး ပြန်လည်လွတ်မြောက်ဖို့ ကို စွဲမြဲစွာ ကိုင်စွဲတောင်းဆိုလာကြတာ ဖြစ်ပါတယ်။ အရှေ့အာရှ နိုင်ငံတွေ နဲ့ အာဆီယံ အဖွဲ့အစည်းတို့အနေနဲ့တော့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့နဲ့ ပတ်သက်လို့ ထုတ်ပြန်တာ ဆုတောင်းတာတွေ လုပ်ဆောင်ခြင်း မရှိပါဘူး။
ဒီအခြေအနေတွေက နိုင်ငံတကာ အစိုးရ၊ သံတမန်တွေရဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ နဲ့ ပတ်သက်လို့ သဘောထား၊ မှတ်ချက်၊ ရပ်တည်ချက်တွေ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့နဲ့ ပတ်သက်လို့ ဗမာလူထု ရဲ့ အကြားမှာတော့ တဦးချင်း ဆုတောင်းတာ၊ လူမှုကွန်ရက်မီဒီယာတွေမှာ ဓါတ်ပုံတွေ၊ ဂရပ်ဖစ် သရုပ်ဖော်တွေ၊ ဗီဒီယိုတွေ နဲ့ ဆုတောင်းပေးကြတာတွေ အများအပြားတွေ့ကြရပါတယ်။ မြို့တွေမှာ မြေအောက် နိုင်ငံရေးလှုပ်ရှားမှု လုပ်နေကြတဲ့ ကျောင်းသား အဖွဲ့တွေ၊ တက်ကြွလှုပ်ရှားသူတွေကတော့ ဂုံးကျော်တံတားမှာ စာတန်း ချိတ်ဆွဲတာ၊ လျှပ်တပြက် ဆန္ဒပြမှုတွေကို မန္တလေးမြို့နဲ့ ရန်ကုန်မြို့တို့မှာ လုပ်ဆောင်ခဲ့ကြပါတယ်။
ယခင်နှစ်လို ပန်းသပိတ် လို့ခေါ်တဲ့ ပန်းပန်ခြင်း၊ ဘုရားမှာ ပန်းစည်းလှူဒါန်းပြီး ဆုတောင်းပေးခြင်းတွေကြောင့် ယခင်နှစ်တွေက စစ်ကောင်စီရဲ့ ဖမ်းဆီးခံရမှု အများအပြားရှိခဲ့ပြီး ဒီနှစ်မှာတော့ အဆိုပါလှုပ်ရှားမှုတွေကို တိုက်တွန်းလုပ်ဆောင်တာလည်း သိပ်မတွေ့ရသလို ဖမ်းဆီးခံရတဲ့ သတင်းတွေလည်း ယခင်နှစ်တွေလောက် မတွေ့ရပါဘူး။
ယခုနှစ်မှာ မွေးနေ့ဆုတောင်း ဗီဒီယိုကို အွန်လိုင်းကတဆင့် ပေးပို့ခြင်းအားဖြင့် အရေအတွက် ၈ သောင်းကျော်ခဲ့ရင် ဂင်းနက်စ် စံချိန်ဝင်မယ်ဆိုတဲ့ လှုပ်ရှားမှုသာ ကျယ်ကျယ်ပြန့်ပြန့်တွေ့ခဲ့ရပါတယ်။ ဒီလှုပ်ရှားမှုက ပြည်ပနေ မြန်မာနိုင်ငံသားတွေရော ပြည်တွင်းက သူတွေပါ ပါဝင်နိုင်တဲ့ လှုပ်ရှားမှုဖြစ်ပြီး မနေ့က မွေးနေ့ ကျရောက်ချိန်မှာတော့ ဗီဒီယိုအတို ၁သိန်းကျော် စုဆောင်းရရှိပြီး စံချိန်ကို ချိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒီအခြေအနေတွေ အဖြစ်အပျက်တွေကို လေ့လာကြည့်ရင် မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ရေပန်းစားဆဲ၊ လူထုထောက်ခံမှုရရှိနေဆဲဖြစ်တာ တွေ့ရမှာ ဖြစ်ပါတယ်။ ယခုနှစ် မွေးနေ့ကျရောက်ချိန်မှာ အသက် အားဖြင့် ၈၀ ရှိနေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အကျဥ်းထောင်ထဲမှာ နောက်ထပ် ဘယ်လောက်နေထိုင်ရဦးမလဲ မြန်မာနိုင်ငံရေးအပြောင်းအလဲမှာ ပြန်လည်ဦးဆောင်နိုင်ဖို့နဲ့ အသက်အရွယ် အားဖြင့် ကျန်းမာရေးအားဖြင့် အင်နဲ့အားနဲ့ လုပ်ဆောင်နိုင်မယ့် ကာလ ခုနှစ်များစွာတော့ မကျန်ရှိတော့တာလည်း အလေးထားရမယ့် အချက်တချက်ဖြစ်နေပြန်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar