Breaking News

ခေါင်းကြီး - အရေးကြီးပြီ သွေးနီးကြစို့

ခေါင်းကြီး - အရေးကြီးပြီ သွေးနီးကြစို့

မိုးမခ၊ ဇွန် ၂၀ ၊ ၂၀၂၅


*ကမ္ဘာမြေပေါ်တစ်လွှားက

အခြေအနေ အချိန်အခါ

အစဉ်အလာ အနေအထား

အသွားအပြန် အလားအလာတွေ...

ဝံပုလွေနဲ့ကျား

နဂါးနဲ့လင်းယုန်

ကြောင်မင်းနဲ့ကြွက်မင်း

မြေခွေးသတင်းတွေပါအကုန်

ဇာတ်စုံခင်းထားတဲ့ 

ဇာတ်ခုံပေါ်က ဖြစ်စဉ်တွေအားလုံးကို

အကုန်အစင် နားမလည်နိုင်ပေမဲ့...။


တစ်ပင်တိုင်လား နှစ်ပါးသွားလား

အော်ပရာလား ပြဇာတ်လား

ဇာတ်ပေါင်းခန်းလား ဇာတ်ခေါင်းကွဲခန်းလား

ဇာတ်ဝင်ခန်းလား ဇာတ်သိမ်းခန်းလား 

ဆိုတာကိုတော့...။


ဉာဏ်ပညာတံခါးကိုဖွင့်

ဆင်ခြင်တုံတရားကိုမြှင့်

ကိုယ်ချင်းစာတရားကိုဆင့်ပြီး

နှလုံးသားကိုအသင့်ပြင်

မျက်စိကိုဖွင့် နားကိုစွင့်ထားရင်

မြင်ရကြားရ နားလည်ကြပြီး

ဆင်ခြင်သုံးသပ် ခန့်မှန်းဆုံးဖြတ်နိုင်ကြမှာ 

အသေအချာပါပဲ...။


*အခုကာလ အပိုင်းအခြားတွေမှာတော့...

တောရိုင်းများရဲ့ ဥပဒေသ

အင်အားပြ အနိုင်ကျင့်ဗိုလ်ကျတဲ့

ကြီးနိုင်ငယ်ညှဉ်း 

ကျားငစဉ်းလဲတွေ...။


ကျားထက်ပိုဆိုး လူးလွန့်နိုးလာပြီး

ကမ္ဘာမြေကြီး တုန်ဟည်းကွဲအက်စေ

ရက်စက်နေတဲ့ ကဝေဆိုး

မြေလျှိုးပြီး ခြေထိုးမဲ့ 

နဂါးအမျိုးတွေ...။


မြေနိမ့်ရာလှံစိုက်

မျက်ဖြူဆိုက်ရင် ဆရာပိုကြိုက်လို့ 

အချောင်နှိုက် အလစ်သုတ်ဖို့ကြံ

ကလိမ်ဉာဏ်ထုတ်နေတဲ့ 

ဝံပုလွေယုတ်တွေ...။


လမ်းအတူတူ လျှောက်သူတွေကြားထဲ

ကွဲသွားအောင် ခွဲခြားသွေးထိုးလို့

ကွဲသွားရင် ဆွဲစားရိုးထုံးစံသာ

ကိုယ်ကျိုးရှာကောက်ကျစ်တဲ့ အကြံသမားမျိုး 

မြေခွေးငဆိုးတွေ...။


အမျိုးမျိုးအသွယ်သွယ်သော ရန်စွယ်တွေက...


ကြောင်သူတော် ကြွက်သူခိုး

ဆတိုးလို့ယုတ်မာ ဦးနှောက်ပါမလာတဲ့ 

လူ့ဗာလအတန်းအစား

ကြောင်ချီး ကြောင်ပါး ကြောင်ဖားတွေနဲ့

အမှောင်များနေတဲ့ ငါတို့မြေရဲ့အနားမှာ..

တန်ခိုးထွားလို့ ကျက်စားပျော်မွေ့

အရှေ့အနောက် တောင်မြောက်မကျန်

ခြိမ်းခြောက်ဝန်းရံထားလေတော့...။


"နွားကွဲရင် ကျားဆွဲမယ်" လို့

လူတကာသိထားကြတဲ့ ရှေးရိုးစကား

လူကြိုက်မများ ခေတ်မစားတော့ပေမဲ့ 

ကျားတွေအပြင် မြင်မြင်သမျှ 

အနီးအနားမက အဝေးကသတ္တဝါတွေပါ

ဒုက္ခပေးနိုင်တဲ့အန္တရာယ်က ပိုပိုများလာ

သတိကြီးကြီးထားနိုင်ကာမှ 

တော်ရုံကျမှာ အမှန်ပါ...။


*ဒါပေမဲ့...

အနိုင်ကျင့်တိုင်း ခါးကိုင်းငုံ့ခံနေရလောက်အောင်

ဗိုလ်ကျတိုင်း ငိုပြတောင်းပန်နေရလောက်အောင်

သွေးခွဲတိုင်း သွေးကွဲအားနည်းသွားရလောက်အောင်

ခြေထိုးတိုင်း ခြေကျိုးပြိုလဲသွားရလောက်အောင်...။


ငါတို့အမျိုးရင်း သွေးချင်းတွေက...

ကောက်ရိုးချည်းပဲစား နဖားကြိုးအထိုးခံ 

ဇက်ကြိုးလှန် ကြိမ်တံနဲ့မိုး 

လမ်းချိုးဖို့ စေခိုင်းတိုင်း 

မဆိုင်းမတွ မဖြစ်မနေ

တစ်သဝေမတိမ်း ဘယ်ညာယိမ်းတတ်တဲ့

နွားငပိန်းတွေမှမဟုတ်တာ...။


ကျားပဲဖြစ်ဖြစ် နဂါးပဲဖြစ်ဖြစ်

ဝံပုလွေပဲဖြစ်ဖြစ် မြေခွေးပဲဖြစ်ဖြစ်

ကြောင်မင်းပဲဖြစ်ဖြစ် ကြွက်မင်းပဲဖြစ်ဖြစ်

ဘာပဲဖြစ်ဖြစ် ဖြစ်ချင်ရာဖြစ်...

ကျွန်ဖြစ်အောင်လုပ်မဲ့သူတွေ

နွံနစ်အောင်ယုတ်မဲ့သူတွေ

ညစ်စုတ် အနေမမှန်တဲ့သူတွေ အားလုံးကို

အမြစ်ဖြုတ် မြေလှန်ပစ်ဖို့အရေးက

သမိုင်းပေးတာဝန်ပဲမို့...။


*ငါတို့ညီနောင်သွေးချင်းတွေ...

တွေဝေမနေကြနဲ့  ပြတ်ပြတ်သားသား နိုးကြားပေးဆပ်ကြ...

စိတ်မလေကြနဲ့  တည့်တည့်မတ်မတ် အာရုံစူးစိုက်ကြ...

ကွဲမထွက်ကြနဲ့  တင်းတင်းကြပ်ကြပ် လက်တွဲမြဲကြ...

ခြေလှမ်းမမှားကြနဲ့  ခိုင်ခိုင်မာမာ ခြေကုပ်ထားကြ...

မိတ်ဆွေမပျက်ကြနဲ့  ရင်းရင်းနှီးနှီး ချစ်ခင်ဝေမျှကြ...

ကျောမခိုင်းကြနဲ့  နီးနီးကပ်ကပ် နှလုံးသားချင်းထပ်ကြ...

ရန်မစောင်ကြနဲ့  ညီနောင်စိတ်ထား ပခုံးဖက်သွားကြ...

တက်မထောင်ကြနဲ့  ရွက်စုံဖွင့် လက်ကုန်မြှင့်ထားကြ...

ငါတို့မှာ ငါတို့ပဲရှိတာမို့ ကိုယ့်အားကိုယ်ကိုး ဆက်ပြီးကြိုးစားကြ...

ဖြောင့်တန်းညီညာစုစည်းထားတဲ့

ဝါးရုံတောကြီးများအလား

စည်းလုံးခြင်းရဲ့အင်အားပြလို့...

အောင်ပွဲဆီသို့ဦးတည်ရှေးရှု

ဘယ်သူ့ကိုမှဗိုလ်မထားဘဲ

ကြုံးဝါးစိန်ခေါ်လိုက်ကြစို့။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar