တကမ္ဘာလုံး ဒုက္ခသည်တွေနဲ့ ကမ္ဘာဒုက္ခသည်များရဲ့ အနာဂတ်တွေဆီ
မြန်မာနွေဦးခရိုနီကယ် - ဇွန် ၂၀ မြင်ကွင်း
(မိုးမခ) ဇွန် ၂၁၊ ၂၀၂၅
တကမ္ဘာလုံး ဒုက္ခသည်တွေနဲ့ ကမ္ဘာဒုက္ခသည်များရဲ့ အနာဂတ်တွေဆီ
ဒီနေ့ ဇွန်လ ၂၀ ရက်က World Refugee Day ဖြစ်ပါတယ်။ ဒီနေ့ဟာ ကမ္ဘာတဝှမ်းရှိ ဒုက္ခသည်များ၏ အခက်အခဲများနှင့် သူတို့ရဲ့ ရုန်းကန်မှုတွေကို ကိုယ်ချင်းစာနာအသိအမှတ်ပြုပြီး သူတို့အတွက် ထောက်ပံ့မှုနှင့် အကာအကွယ်ပေးရေးကို ဝိုင်းဝန်းကြဖို့ အစိုးရတွေအဖွဲ့အစည်းတွေကို တိုက်တွန်းကြဖို့ ရည်ရွယ်တဲ့ အထိမ်းအမှတ် ဖြစ်ပါတယ်။ UNHCR (United Nations High Commissioner for Refugees) ရဲ့ ဦးဆောင်မှုနဲ့ သည်နေ့မှာ အခမ်းအနားတွေ နှစ်စဉ်ကျင်းပပြီး၊ ဒုက္ခသည်တွေရဲ့ အခွင့်အရေးနှင့် ဘဝမျှော်လင့်ချက်တွေကို အာရုံစိုက်ဖို့ ကမ္ဘာ့နိုင်ငံများကို တိုက်တွန်းတဲ့ နေ့အဖြစ် သဘောထားပါတယ်။
မြန်မာပြည်ကိုယ်တိုင်ကလည်း ပြည်တွင်းစစ်၏ အလယ်တည့်တည့်မှာ ရောက်ရှိနေပါတယ်။ မြန်မာပြည်သူတွေ လူဦးရေ သန်း ၅၀ ခန့်မှာ လူ ၁၀၀ တွင် လူ ၈ ဦးက အိုးအိမ်စွန့်ခွာ နေထိုင်ရသူ၊ ပညာရပ်ဆိုင်ရာ စကားလုံး - IDP or Refugee တွေအဖြစ် နေထိုင်ရပါတယ်။ ပြည်တွင်း နေရပ်စွန့်ခွာက ၃.၅ သန်း ရှိပြီး၊ ပြည်ပကို ထွက်ပြေးစွန့်ခွာရသူတွေက ရိုဟင်ဂျာတွေအပါအဝင် ၁.၅ သန်းနီးပါး ရှိတယ်လို့ ဆိုကြပါတယ်။
မြန်မာပြည်၏ ဒုက္ခသည်ဦးရေကို စာရင်းများနဲ့ ပိုင်းခြားကြည့်ရင် အခုလို တွေ့ရပါတယ်။
စစ်ကိုင်းတိုင်း – ~၁.၂၄ သန်း (စုစုပေါင်း၏ ~၃၅%)
ရခိုင်ပြည်နယ် – ~၄၉၀,၄၀၀ ဦး
မကွေး၊ ကရင်၊ ကချင်၊ ကရင်နီ နဲ့ အခြားဒေသများ – တစ်ခုချင်းစီ ~၉၀,၀၀၀ မှ ၂၆၀,၀၀၀ ကြား ရှိတယ်လို့ သတင်းများကနေ ဖော်ပြထားပါတယ်။
မြန်မာပြည်၏ ပြင်ပမှာ ဒုက္ခသည်အဖြစ် နေထိုင်ကြသူတွေထဲမှာ ရခိုင်ပြည်ကနေထွက်ပြေးစွန့်ခွာရတဲ့ ရိုဟင်ဂျာ ဦးရေ ၁.၂၇ သန်းလို့ဆိုပြီး အခြား ပြည်ပစွန့်ခွာ မြန်မာပြည်သားဦးရေက ၃ သိန်းနီး ပါးရှိတယ်လို့ စာရင်းဇယားများက ခန့်မှန်းထားကြပါတယ်။ နွေဦးတော်လှန်ရေးကနေ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပကို ထွက်ခွာလာတဲ့ဒုက္ခသည် ဦးရေအပြင် စီးပွားရေး စစ်ဘေး အထွေထွေ အခက်အခဲတွေကြောင့်၊ စစ်ကောင်စီ၏ အဓမ္မစစ်မှုထမ်းဥပဒေကြောင့် ပြည်ပကို အလုပ်လုပ်ကိုင်ဖို့ ထွက်ခွာကြသူတွေ၊ တိမ်းရှောင်ကြသူတွေကတော့ သိန်းဂဏန်း သီးခြားရှိဦးမယ်လို့လည်း ဆိုကြတာ ဖတ်ရှုရပါတယ်
တကမ္ဘာလုံးအတိုင်းအတာနဲ့ တွက်ချက်ကြည့်ရင် သည်လို တွေ့ရပါတယ်။
၂၀၂၅ ခုနှစ်အထိ ကမ္ဘာတဝန်းတွင် ၁၂၂ သန်းကျော် ခန့်ဟာ စစ်ပွဲ၊ အကြမ်းဖက်မှု၊ နှိပ်စက်ညှဉ်းပန်းမှုနှင့် သဘာဝဘေးအန္တရာယ်ကြောင့် အိုးအိမ်စွန့်ခွာပြီး ပြောင်းရွှေ့နေရ ဆဲဖြစ်ပါတယ်။ ထိုအနက် ၄၂.၇ သန်း ခန့်မှာ ပြည်ပနိုင်ငံများဆီကို ထွက်ခွာသွားကြပြီး၊ ၇၃.၅ သန်းခန့်မှာ မိမိနိုင်ငံအတွင်းမှာပဲ လှည့်လည်ခိုလှုံနေရတယ်လို့ ဆိုပါတယ်။ အဲသည်ထဲမှာ ဆူဒန်၊ မြန်မာ၊ ယူကရိန်း စသောနိုင်ငံများတွင် ဖြစ်ပွားသောပဋိပက္ခများကြောင့် ဒုက္ခသည် ဦးရေတွေ တိုးလာပါတယ်။ ၂၀၂၅ ခုနှစ်ထဲမှာတော့ အစ္စရေး၏ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ဂါဇာနဲ့ အီရန်မှာပါ နေရပ်စွန့်ခွာရသူ ဦးရေတွေ အများကြီး တိုးလာပါတယ်။ ဂါဇာမှာ လူဦးရေ ၂ သန်း အိုးအိမ်များ အားလုံး ဆုံးရှုံးခဲ့ကြရပါတယ်။ သည်ရက်သတ္တပတ်အတွင်း အစ္စရေး၏ တိုက်ခိုက်မှုကြောင့် အီရန်မြို့တော် တီဟီရန်မှာ လူဦးရေ ၁ သိန်းက နေအိမ်ကနေ စွန့်ခွာ ထွက်ပြေးနေကြရပြီလို့ သိရပါတယ်။ နောက်လည်း စစ်ရှိန်မရပ်ရင် ဒုက္ခသည် ဦးရေတွေ တိုးသည်ထက် တိုးလာဦးမှာပါပဲ။
အမေရိကန်အစိုးရက သမ္မတထရန့် တက်လာပြီးနောက်ပိုင်း ဒုက္ခသည် ကူညီရေးပေါ်လစီ ပြောင်းသွားပါတယ်။ မြန်မာပြည်နဲ့ အခြားနိုင်ငံအသီးသီးကနေ လာရောက်ခိုလှုံဖို့ ခွင့်ပြထာတဲ့ ဒုက္ခသည်တွေကို ပိတ်ပင်ပြီး အစီအစဉ်တွေကို ရပ်ဆိုင်းထားလိုက်ပါတယ်။ အမေရိကန်တွင်း ရောက်နေတဲ့ ဒုက္ခသည်တွေ၊ ယာယီခိုလှုံခွင့်ရတားသူတွေ၊ ခိုလှုံခွင့်လျှောက်ထားသူတွေကိုလည်း စာနာထောက်ထားတဲ့သဘောထားထက် ဝန်ထုပ်ဝန်ပိုးလိုရှုမြင်ပြီး တင်းတင်းမာမာဆက်ဆံလာပါတယ်။ ကမ္ဘာပေါ်မှာ ပြည်ပကပြောင်းရွှေ့လူဦးရေ အများအပြားကို ကြိုဆိုလက်ခံလေ့ရှိတဲ့သဘောထားကနေ စိမ်းကားရက်စက်တဲ့ ပေါ်လစီကိုကျင့်သုံးတဲ့အမေရိကန်ဟာ ကမ္ဘာနိုင်ငံအသီးသီးမှာ လူသားစာနာထောက်ကူမှု အကာအကွယ်ပေးမှုတွေဆောင်ရွက်နေတဲ့ အမေရိကန်ကူညီကယ်ဆယ်ရေး၊ ကျန်းမာရေး၊ ပညာရေး လုပ်ငန်းတွေကိုပါ တခါတည်း ပိတ်သိမ်းလိုက်တာမို့ ကမ္ဘာနိုင်ငံတဝန်းက ဒုက္ခသည်တွေ နေရပ်စွန့်ခွာတွေအတွက် အားကိုးရတဲ့ စားရေ ရိက္ခာ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အစီအစဉ်တွေပါ ပြိုလဲသွားမယ့် အခြေအနေကို ရင်ဆိုင်နေရချိန်လည်း ဖြစ်ပါတယ်။
ဒါက လက်ရှိ ရေတိုမြင်ကွင်း ဖြစ်ပါတယ်။ သည်နေရာမှာ ထောက်ပြချင်တာတခုကတော့ အခု အချမ်းသာဆုံးနိုင်ငံတွေမှာ သက်ကြီးရွယ်အိုတွေ များပြားလာနေပြီး သူတို့တွေက ဆင်းရဲတဲ့ နိုင်ငံတွေ နိုင်ငံသားတွေအပေါ်ကို တင်းတင်းမာမာ ရှုမြင်သုံးသပ် ဆက်ဆံနေတာ ဖြစ်ပါတယ်။ လက်ရှိ ဆင်းရဲပြီး နေရပ်စွန့်ခွာပြေးနေရတဲ့ နိုင်ငံတွေအားလုံးမှာ လူငယ်တွေ ကလေးသူငယ်ဦးရေ အများဆုံး ဖြစ်နေပါတယ်။ ငယ်ရွယ်တဲ့ မျိုးဆက်တွေက ဆင်းရဲတဲ့နိုင်ငံတွေက ဖြစ်ပြီး သူတို့က နောက် အနှစ် ၂၀-၂၅ နှစ်အတွင်းမှာ အရွယ်ကောင်း အင်အားကောင်းပြီး အနာဂတ်ကို ပိုင်စိုးလာမယ့် နေရာကို ရောက်ရှိလာမှာကို စဉ်းစားကြဖို့ ပြောချင်တာ ဖြစ်ပါတယ်။ ယနေ့ ကလေးသူငယ် နောင်ဝယ် လူကြီး ဖြစ်လာချိန်မှာ သူတို့လက်ထဲမှာ ပညာအရည်အချင်း ဗဟုသုတ မရှိနေဘဲ လူသတ်လက်နက်တွေ အဖျက်အမှောက်စိတ်တွေ ကိုင်ဆောင်ထားမယ်သာ ဆိုရင် အနာဂတ်ကမ္ဘာကြီးမှာ လူကြီးတွေကော လူငယ်တွေအတွက်ပါ နေစရာ ကျန်ရစ်တော့မှာ မဟုတ်ပါဘူး။
စာတမ်းတွေက အဆိုအရကတော့ -
Niger, Uganda, Somalia, Congo စတဲ့ နိုင်ငံတွေမှာ လူဦးရေအကြား လူငယ်တွေ အများဆုံး ဖြစ်နေပြီး အလယ်အလတ် အသက် ၁၄–၁၈ နှစ် တွေ အများဆုံး လို့ ဆိုပါတယ်။ ဒါဟာ “Demographic Dividend” လို့ ခေါ်တဲ့အတိုင်း စီးပွားရေးအတွက် တက်ကြွဖွံ့ဖြိုးနိုင်တဲ့ အခွင့်အလမ်းကြီးတစ်ခု ဖြစ်ပါတယ်။ အကောင်းဆုံးစီမံနိုင်ပါက ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်း၊ နိုင်ငံရေးစနစ် အာမခံချက်တွေ ရှိရင် သည် လူငယ်များတဲ့ နိုင်ငံတွေက ချမ်းသာလာမှာ ဖြစ်ပါတယ်။
ဥပမာ – အိန္ဒိယက လူငယ်တွေကြောင့် ယနေ့ စီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်လာနေပါပြီ။ နိုင်ဂျီးရီးယားလည်း မကြာခင်တက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်
အနောက်နိုင်ငံအပါအဝင် အခြားကြွယ်၀တဲ့ ဂျပန်၊ ဂျာမနီ၊ အီတလီ၊ တောင်ကိုရီးယား စတဲ့ နိုင်ငံတွေမှာ နိုင်ငံသားသက်တမ်းက အလယ်လတ် ၄၅ နှစ်ကျော် တွေ များနေပါပြီ။ လူငယ်တွေ မွေးဖွားနှုန်းကျဆင်းနေပါတယ်။ အဲဒါကြောင့် အလုပ်လုပ်နိုင်တဲ့သက်ငယ်တမ်းရှိသူများနည်းလာမယ်။ အသက်ကြီးသူတွေပိုများလာပြီး စရိတ်တွေ တိုးလာမယ်။ စီးပွားရေးအလားအလာ ကျဆင်းလာနိုင်ပါတယ်။ ဒါကြောင့် ဂျာမနီကတော့ နိုင်ငံခြားသားတွေဝင်ရောက်လုပ်ကိုင်ခွင့်ပေးပြီး ပြည်ပမှ လူငယ်တွေဝင်ခွင့်ပေးကာ ဖြေရှင်းနေပါတယ်။
အနာဂတ်ကာလမှာ ဖွံဖြိုးပြီးနိုင်ငံတွေဆီကို ဆင်းရဲတဲ့ဖွံဖြိုးဆဲနိုင်ငံတွေက ရွှေ့ပြောင်းနိုင်ငံသားတွေဟာ ဘယ်လိုပဲတားဆီးကန့်သတ်ထားပါစေရောက်ရှိလာကြဖို့ များပါတယ်။ မိမိနိုင်ငံက အကောင်းဘက်ကို ဦးလှည့်သွားမယ်ဆိုရင်လည်း မိမိနိုင်ငံကနေ အကောင်းဆုံး ပြန်လည်တည် ဆောက်ကြဖို့ ခွန်အားတွေ အများအပြားရှိနေဆဲ ဖြစ်ပါတယ်။ ပြည်ပမှာ နေထိုင်အသက်မွေးနေကြသူတွေ ဒုက္ခသည်စခန်းတွေကနေ ရုန်းကန်နေကြသူတွေအတွက်ကတော့ တသက်လုံး ဒုက္ခ သည်အဖြစ်ကနေ ခေါင်းငုံ့ခံ ကြီးပြင်းသွားကြဖို့ အလားအလာဆိုတာ အလွန်နည်းတဲ့အကြောင်းနဲ့ နိုင်ငံ ခေါင်းဆောင်တွေအဖွဲ့အစည်းတွေက ဒုက္ခသည်တွေကို ရှုမြင်ပုံပြောင်းကြဖို့ လိုတဲ့အကြောင်းနဲ့ ကျနော်တို့တွေကလည်း တသက်လုံး ဒုက္ခသည်အဖြစ် အရိုးထုတ်သွားကြဖို့ အစီအစဉ်မရှိတဲ့အကြောင်း တင်ပြလိုက်ချင်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar