Breaking News

ကိုသန်းလွင် - နားအကြားအာရုံ

ကိုသန်းလွင် - နားအကြားအာရုံ

မိုးမခ ၊ ဇွန် ၃ ၊ ၂၀၂၅


(၁)

များစွာသောလူတို့မှာ အသက်အရွယ်ကြီးလာသည်နှင့်အမျှ သူတို့၏နားကြားနိုင်စွမ်းသည် လျော့နည်းလာတတ်ပါသည်။ ထိုလူထဲက တဝက်မှာ ဂျင်း (gene) ကြောင့် နားလေးလာခြင်းဖြစ်ပြီး ကျွန်တော်တို့ ဘာမျှမတတ်နိုင်ပါ။

သို့သော် အခန်းတွင်း သံစုံတီးဝိုင်းကဲ့သို့ ဆူညံသံကို နှစ်ပေါင်းများစွာ နားဆင်ရခြင်းသည် နားလေးခြင်းကို ဖြစ်စေနိုင်ပြီး သင်သည် ရုပ်ရှင်ရုံအတွင်း၌ ရုပ်ရှင်မှ အသံကို ကြားရန်ခက်ခဲခြင်း၊ လူအုပ်စုနှင့် စကားပြောနေချိန်တွင် ရှင်းရှင်းလင်းလင်း မကြားရခြင်းမျိုး ဖြစ်နိုင်ပါသည်။ ကျွန်တော်တို့ငယ်ရွယ်စဉ်ကမူ ကျွန်တော်တို့ ၏ အကြားအာရုံသည် မည်သည့်အခါတွင်မှ လျော့ကျမသွားနိုင်ဟုထင်တတ်ကြသည်။ နား၊ နှာခေါင်း၊ လည်ချောင်း ပညာရှင်(otolaryngologist) များက အသက် ၇၅ နှစ်နှင့်အထက် လူအိုများ၏ ၅၅ % သည် အကြားအာရုံချို့ယွင်းကြသည်ဟု ဆိုသည်။ အကယ်၍ ထိုရောဂါကို အချိန်မီ မကုသပါက ဒီမင်းရှား(dememtia) ရောဂါနှင့် စိတ်ဖိစီးခြင်း (depression) ရောဂါများ ဖြစ်လာနိုင်ပါသည်။ 

ထို့ကြောင့် သင်၏နားအပေါ်  ကျရောက်လာနိုင်သော ဘေးအန္တရာယ်များကို သတိထား ရှောင်ရှားရန် လို အပ်ပါသည်။ 

(၂)

အသက်ကြီးရင့်လာခြင်းအပြင် ကျယ်လောင်သော အသံများကို အမြဲတစေ နားထောင်ခြင်းက နား၏ အကြားအာရုံကို စွမ်းရည်လျှော့ကျစေနိုင်ပါသည်။ ထိုသို့ နားထောင်ရခြင်း အချိန်ပိုမိုများပြား လာလေလေ သင် ၏နားမှာ ပိုမိုဆိုးရွားစွာ ခံစားရလေလေဖြစ်သည်။ အလွန်တရာ ကျယ်လောင်သော အသံ (သို့) ပေါက်ကွဲ သံတို့ သည်အကြားအာရုံ ကိုထာဝရပျက်စီးစေသည်။ အသံကိုကြားနေရချိန်များလျှင်သင်၏နားလေးလာစေ နိုင်သည်။ နားလေးလာခြင်းမှာ ထိုဆူညံသံများ၏ စုပေါင်း အကျိုးသက်ရောက်မှုဖြစ်ပြီး ၎င်းကို နောင်သောအခါ သတိပြုမိ လာသည်။ သံစုံ တီးဝိုင်းများသည် အဓိက တရားခံ ဖြစ်ပြီး မီးရှူးမီးပန်း ဖေါက်ခြင်းကို နှစ်ရှည်လများ နားထောင် ရခြင်း၊ ကျယ်လောင်သော စက်ရုံမှ အသံများ၊ ဂီတသံ အကျယ်ကြီးကိုနားထောင်ရခြင်း၊ သင်၏နားကြပ်မှ အသံ ကို အကျယ်ကြီး ဖွင့်၍ နားထောင်ခြင်းတို့သည်လည်း နားတဖြေးဖြေးလေးလာရခြင်း၏ အကြောင်းရင်းများ ဖြစ် ကြသည်။

၈၅ ဒက်စီဘဲ (decibel) ရှိသော ကျယ်လောင်သော အသံကို ထပ်ကာထပ်ကာ ကြားရခြင်း၊ ဖောက်စက်များ လည်ပတ်ခြင်း၊ မြေကြီးကို စက်ဖြင့် တူးဆွနေခြင်းမှ အသံသည် သင်၏အကြားအာရုံကို ထိခိုက်စေသည်ဟု အမေရိ ကန်(US Occupational safety and health Administration) ကဆိုသည်။ ကျယ်လောင်သော အသံများသည် သင်၏ နားအတွင်း ပိုင်းရှိ သေးငယ်သော ဆဲလ်များကို ပျက်စီးစေပါသည်။ ထိုဆဲလ်များသည် အသံကို လျှပ်စစ် signal များအဖြစ်သို့ ပြောင်းလဲစေပြီး ဦးနှောက်ကို အသံအဖြစ် နားလည်စေပါသည်။ ထိုဆဲလ်များ ပျက်စီးပါက အသစ်ပြန်လည် ပေါက်ဖွားနိုင်ခြင်း မရှိတော့ပေ။ 

သင်၏ပတ်ဝန်းကျင်က မည်သို့သောအသံများသည် အကြားအာရုံကို ပျက်စီးစေနိုင်သည်ဟု တထစ်ချ မပြောနိုင်ပါ။ သို့သော် သတိပြုရန်အချက် များစွာရှိပါသည်။ သင်သည် ပေအနည်းငယ် အကွာအဝေးရှိနေသူ တစ်ဦးကို အော်ဟစ်ပြောဆိုနေရပြီဟုဆိုပါက သင့်တွင် ပြဿနာ တစ်ခုရှိနေပါပြီ။ အချို့သော စမတ် ဖုန်းများ နှင့် နာရီများက သင့်ကို အန္တရာယ် ရှိသော နေရာ ပတ်ဝန်းကျင်သို့ ရောက်ရှိနေကြောင်းကို သတိပေးနိုင်ကြ သည်။ ထိုနည်းတူ သင်၏ နားကြပ်ထဲက ဂီတ တေးသံသာသည် အလွန်တရာ ကျယ်လောင်နေကြောင်း သတိ ပေးနိုင်သောကရိယာများပေါ်ပေါက်နေကြပါပြီ။ ဆူညံသော ပတ်ဝန်းကျင်တွင် သင်အလုပ်လုပ် ရပါလျင် သင်၏ နားကို နားပလပ် (ear plug) များဖြင့် ပိတ်ထားနိုင်ပါသည်။ ထိုအရာထက် ကောင်းမွန်သော ကာကွယ် နည်း မရှိနိုင်ပါ။ 

နားကြားထိုးတံ Q-Tip များဖြင့်လည်း နားယားခြင်းနှင့် နားထဲမှ ဖယောင်းသားများကို ဖယ်ရှားနိုင်သည်။ သို့သော် ထိုအကျင့်သည် ကောင်းသောအလေ့အကျင့် မဟုတ်ပါ။ အရေပြားမှ ဆဲလ် များသည် (conveyor Belt) များသဖွယ် ပြုမူပါသည်။ ဆဲလ်အသစ်များ ပေါက်ဖွားလာသောအခါ အဟောင်းများမှာ ပြင်ပသို့ ထွက်ပေးရပြီး ထိုဆဲလ်များနှင့်အတူ ဖယောင်းများလည်း ပါသွားပါသည်။ ထို့ကြောင့် ရိုးရိုးဖြစ်ရပ်များ အတိုင်းဆိုလျှင် နားကို ကြည်လင် သန့်ရှင်းစေရန် ကြိုးစားခြင်းမှာ အလုပ်ပိုတစ်ခုသာ ဖြစ်ပြီး မလိုအပ်ပါချေ။ ကော်တွန် စ (Cotton bud) များမှာ နားကို ဘေးပစ္စည်းအဖြစ် အနှောင့်အယှက်ဖြစ်ပြီး ယေဘုယျအားဖြင့် အန္တရာယ် ကြီး သည်။

၎င်းတို့က ဖယောင်းကို နား၏ လိုဏ်ခေါင်းဖြင့်အတွင်းသို့ တွန်းပို့နိုင်သည်။ တွန်းပို့ခံရသောဖယောင်းများမှာ တစ်ခုကိုတစ်ခု ထပ်သွားပြီး နားကို ပိတ်ဆို့သွားစေနိုင်သည်။ ထိုနားကြားထိုးတံသည် အတွင်းပိုင်းမှ နားစည်ကို ထိုးမိပါက နားစည် (diaphragm) ပေါက်ပြဲသွားပြီး အသံမကြားနိုင်တော့ပေ။ ထို့ပြင် အတွင်းပိုင်းသို့ တိုး၍ လာသော နားကြား ထိုးတံကြောင့် နားစည်၏ နောက်ပိုင်းတွင်ရှိသော အရိုးနုများကို နေရာပြောင်းရွှေ့သွားစေပါ သည်။ ထိုအရိုးနု များပေါ်မှ အသံမှာလျှောက်စီးသွားရခြင်းဖြစ်ရာ ၎င်းတို့မှာ အသံကို ကြားရစေသော အရာများ ဖြစ်သည်။ 

နားကြားထိုးတံမှ ကော်တွန်စ များသည်လည်း နားအတွင်း၌ ကျန်ရစ်နိုင်ပြီး နားကို ပိတ်သောအခါ အသံ မကြားရတော့ပါ။ ထို့ကြောင့် မိမိနားကို သန့်ရှင်းစေလိုပါက ပူနွေးသော အဝတ်ခြောက်ဖြင့် နား၏ ပြင်ပကိုသာ ပွတ်တိုက်ပေးရပါသည်။ နားအတွင်း လေပြွန်ကို မထိခိုက်စေရပါ။ အကယ်၍ နားအတွင်းတွင် ဖယောင်းများဖြင့် ပိတ်ဆို့နေသည်ဟု ယူဆပါက ဖယောင်းကို ပျော့ပျောင်းစေသော ဆေးရည်ကို ဆေးဆိုင်များမှ ဝယ်ယူပြီး သန့် ရှင်းပေးနိုင်ပါသည်။ နားကို နွေးသောရေဖြင့်ပြည့်စေပြီး သန့်ရှင်းပေးခြင်းမှာလည်း ကောင်းသော အလေ့အထ တစ်ခု ဖြစ်ပါသည်။ 

သင်၏သွေးဖိအားကို အမြဲတိုင်း၍ စစ်ဆေးသကဲ့သို့ သင်၏အကြားအာရုံ ကောင်း၊ မကောင်းကိုလည်း အမြဲတစေ အိမ်မှာဖြစ်စေ၊ သိနားလည်သော ဆရာဝန်ဖြင့်ဖြစ်စေ စစ်ဆေးနေသင့်သည်။ များသောအားဖြင့် နား  မကြားရခြင်းကို အန္တာရာယ် မရှိဘူးဟု ယူဆကြပါသည်။ 

(၃)

လူတိုင်းသည် Hearing Test လုပ်ကြည့်ပြီး ကြားနိုင်စွမ်းရည် နံပါတ် (ဒက်စီဘဲ)ကို ရနိုင်ကြပါသည်။ ကြားနိုင်စွမ်းရည်နံပါတ်က  သင်၏ နားအခြေအနေကို ပြောပြပါသည်။  John Hopkin Bloomberg School of Public Health မှ တီထွင်ထားစေသာ App မှာ Download ဆွဲပြီး စမ်းသပ်လျှင် အချိန် ၅ မိနစ်သာ ကြာသည်။ သင်၏ ကြားနိုင် စွမ်းရည် နံပါတ်မှာ နည်းလေ ကောင်းလေ ဖြစ်ပါသည်။ ဥပမာ ယေဘုယျအားဖြင့် အသက် ၂၀ အရွယ် တွင် နံပါတ်မှာ ၅ ဖြစ်ပြီး အသက် ၄၀ အရွယ်တွင် ၉ ရှိခါ အသက် ၆၀  နှင့် ၈၀ တို့တွင် ၁၆ နှင့် ၃၅ ရှိသည်။  ကြားနိုင်စွမ်းရည် ဒက်စီဘဲ မှာ နားတစ်ဖက်တွင် တစ်မျိုး  ရှိနိုင်ပါသည်။

အကြားအာရုံမှာ သင်၏ကျန်းမာရေးအတွက် အရေးကြီးသော အချက်အလက်တစ်ခု ဖြစ်ပါသည်။ သင်၏အခြား အမြင်အာရုံ၊ သွေးပေါင်ချိန်နှုန်းနှင့် အခြားကျန်းမာရေးကို တိုင်းတာသည့်နည်းများ နည်းတူ အကြားအာရုံအကြောင်းကိုလည်း သိထားရန်လို အပ်ပါသည်။ သင်၏အကြားအာရုံ နံပါတ်ဖြင့် များလေလေ သင်၏ကြား နိုင်စွမ်းရည် လျော့နည်းလေလေ ဖြစ်ပြီး ဆူညံသောပတ်ဝန်းကျင်တွင် ဆက်သွယ်ရန် ခက်ခဲနိုင်ပါသည်။

သင် တစ်ဦးတည်းသာ ကြားနိုင်စွမ်းရည် ပြောင်းလဲနေသည် မဟုတ်ဘဲ လူတိုင်း ပြောင်းလဲနေကြသည်။ နားထဲမှ အသံကို ဖမ်းယူနိုင်သည့် ဆဲလ်များသည် အသက်ကြီးလာသည်နှင့်အမျှ အင်အားလျော့နည်းသွားလေ့ ရှိသည်။ ကလေးများနှင့် အသက်အရွယ်ကြီးစ ပုဂ္ဂိုလ်များသည် အလွန်တိုးသော အသံများကို ကြားနိုင်ကြပြီး အနုတ် ၁၀ ဒက်စီဘဲ အထိကြားနိုင်ကြပါသည်။

သင်၏အကြားအာရုံ နံပါတ်သည် ၁၀ နှင့် ၆၀ အကြားတွင်ရှိလျှင် နားကြပ် ( Hearing Aid) ကိုအသုံးပြု ဘို့စဉ်းစားရန်လို အပ်ပါသည်။ ၂၀ နှင့် ၉၀ အကြားတွင် ဆရာဝန်များက ညွှန်ပြသည့်အတိုင်း ( Hearing Aid) ကို သုံးရန် လိုပါသည်။ ၆၀ ဒက်စီဘဲ မှအထက် လူများတွင် ဆရာဝန်များ ညွှန်ပြသော အစားထိုး Implant များကို သုံးရန် လိုအပ်ပါသည်။

သင်၏နားကို ကာကွယ်ရန်အတွက် အရေးကြီးဆုံးအချက်မာှ ဆူညံသော အသံများကို ရှောင်ရှားရန် ဖြစ်သည်။ ထိုအသံများမှ ဝေးရာသို့မသွားနိုင်ပါက နားပလပ် များဖြစ်စေ၊ နားကြပ်များနှင့် (earmuffs) ကာကွယ်နိုင်ပါသည်။ 

ကိုသန်းလွင်

Ref: Protect your hearing, as you grow older, By Kate Mogg, NY Times May 23.




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar