Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း‌ - စစ်နိုင်မှ ခေတ်ပိုင်မယ်၊ စစ်ရှုံးရင် ခေတ်တုံးမယ်

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း‌ - စစ်နိုင်မှ ခေတ်ပိုင်မယ်၊ စစ်ရှုံးရင် ခေတ်တုံးမယ်

မိုးမခ ၊ ဇွန် ၂၀ ၊ ၂၀၂၅


မအလရဲ့ ရွေးကောက်ပွဲရှိကြောင်းလေး သိအောင်ဆိုပြီး ခင်ရီနဲ့ လူကြမ်းတသိုက် နေပြိုတော်နား ပတ်သွားရတာပေါ့လေ။ ဥပဓိတွေကလဲ ဒုဂတိရုပ်တွေဆိုတော့ ဘယ်နေ့ ဖုတ်ကျည်းခံရမယ်မသိ။ သူတို့လဲ အာဏာသိမ်းလိုက်ရင် ကိုက်ပြီ ထင်ထားတာ၊ မှန်းချက်နဲ့ နှမ်းထွက်က တခြားဆီ။ ရေနင်းတော့ ငွေရင်းပါပျောက်ရမယ့်ကိန်းဆိုက်သလို မအလကိုလဲကြောက်ရတော့ ငြိမ်လဲမနေရဲ လှုပ်ပြန်ရင်လဲ ပီဒက်ကို လန့်ရနဲ့ ဘဝတွေခါးနေပုံများ၊ ဘယ်နားနေတယ်လဲ အသိမခံရဲ ဖင်ကြားဂဲညှပ်။ 

နောက်ထပ် ညှပ်မယ့်တဖွဲ့က စိုင်းညွှန့်လွင်တို့။ စိုင်းတွေကတော့ သိတဲ့အတိုင်း၊ လက်နက်ကိုင်နှစ်ဖွဲ့လဲ ကျောက်တောင်ကြီးကိုခေါင်းနဲ့တိုက်ရင် ခေါင်းကွဲမှာပေါ့ဆိုပြီး အသာထိုငိကြည့်နေလိုက်တာ။ ခေါင်းမကွဲဘဲ ကျောက်တောင်ကြီးကွဲပြီး စိန်ခဲမြခဲ ပတ္တမြားခဲတွေထွက်လာမှ ကျောက်တောင်ကြီးမဟုတ်ဘဲ ကျောက်ခွံကြီးမှန်းသိတော့ အသိနောက်ကျ ရှိသမျှကိုယ့်ဒေသတွေ အကုန်ပါသွားတော့တာလေ။ စစ်အင်အားလဲသေးကွေး နိုင်ငံရေးဩဇာလဲကျဆင်း ကိုယ့်လူမျိုးရဲ့အားကိုးအားထားပြုခြင်းလဲမရတော့။ အင်း နိုင်ငံရေးအကဲဖြတ်ပုံကလဲ ကိုယ့်ရေချိန်နဲ့ကိုယ်ဆိုတော့ တဖွဲ့နဲ့တဖွဲ့က မတူကြဘူးလေ။ ရှမ်းနှစ်ဖွဲ့ကမတိုက်ဖူး။ တိုက်တဲ့သူတွေကျဆုံးပြီး တဖြည်းဖြည်းဒုက္ခိတဖြစ်သွားမယ်၊ အဲဒီတော့မှ ငါက ထလှုပ်လိုက်ရင် အိုကေပြီလို့တွက်ပြီးငြိမ်နေခဲ့တာ။ ခုတော့ ပလောင်ကလဲ အင်အားကြီး ကိုးကန့်ကလဲအင်အားကြီး ရှမ်းနယ်တွေပါတီးသွားတယ်။ ဓနုတပ် အင်းလေးတပ်တွေပါပေါ်လာတယ်။ စစ်တပ်ဘက်ကဝင်လှုပ်ရှားတဲ့ပအိုဝ်းတပ်တောင် သူတို့ကိုယှဉ်နိုင်လောက်တဲ့အထိ အင်အားရှိလာတယ်။ ဂိမ်းတွေဝင်ဆော့တော့ ပါဝါတွေတက်သွားတော့တာပေါ့လေ။ အဲလိုနေခဲ့တဲ့ မွန်ပြည်သစ်လဲ ဒစ်လည်နေတာသာကြည့်။

ဟော အခု အဲဒီအလွဲမျိုးရှမ်းနိုင်ငံရေးသမားတွေက လာပြန်ပြီ။ စိုင်းညွှန့်လွင်ဦးဆောင်ပြီး နိုင်ငံရေးဆွေးနွေးပွဲလုပ်မတဲ့။ ရှမ်းအုပ်စုဟာ ပါရမယ့်ဟာတုန်းကမပါ၊ မပါရမယ့်ဟာကျ ရှေ့ကဖြစ်နေကြတယ်။ သူတို့ရှမ်းတွေတလျှောက်လုံးခံလာရတဲ့နည်းနာကြီးကို အဟုတ်လုပ် တဖြည်းဖြည်းဆုတ်ယုတ်ပြတ်‌ကြွေ ငတ်သေမယ့်ဟာကြီး လာလုပ်ပြနေတယ်။ လက်ရှိဗွက်လမ်းဖြတ်သန်းနေတုန်း အတူဝင်မရုန်းဘဲ ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလားနဲ့ ဘေးကနေဆရာကြီးလာလုပ်နေတယ်။ ဒါဟာ သုံးစားရတဲ့အတွေးအခေါ်မဟုတ်သလို ဘီလူးတပ်ကို အစွယ်ချွန်ပေးဖို့ သက်သက်ပဲဆိုတာ ကလေးကစ သိပါတယ်။ စစ်တပ်ကို စစ်နိုင်အောင်မတိုက်နိုင်မချင်း တဦးချင်းအတွက်ရော တမိသားစုချင်းအတွက်ရော တလူမျိုးချင်းအတွက်ရော တဒေသချကင်းအတွက်ရော တပြည်လုံးအတွက်ပါ ဘာကောင်းကျိုးမှ မဖြစ်နိုင်တာသိနေရက်နဲ့ ဘာ့အတွက်များ ဒီဆိတ်ခေါင်းချိပ်ပြီး ခွေးသားရောင်းတာကြီးကို ဝင်ကြော်ညာပေးနေရပါလိမ့်။ တော်လှန်နိုင်ငံရေးမှာ ကော်မရှင်ခမရှိမှန်းတော့ သိလောက်ပါရဲ့။ သူတို့ကို ခွေးကတက်မှာထား ခွေးစာလောက်ကျွေး နိုင်ငံရေးအမြီးနန့်ခိုင်းထားခဲ့တာကို မေ့ပြီ။ ကိုယ်တိုင်က တိုက်နေသူလဲမဟုတ်၊ ဦးဆောင်ဦးရွက်နေရာမှာလဲမရှိ။ စိုင်းညွှန့်လွင်ဆို မြောက်ပိုင်းလူသတ်တရားခံသံချောင်းလူဆိုတော့ ဘာနိုင်ငံရေးဂုဏ်ရောင်မှလဲ ထွက်တာမဟုတ်။ အဲဒီလူနောက် ရောင်ရောင်ပေါင်ပေါင်လိုက်နေသူတွေလဲ ချီးပေတဲ့လက် ချီးစော်နံအုံးမှာ။ ပရောဂျက်ခေတ်ကောင်းတုန်းက ရွှေထီးဆောင်းရင်း စင်ပေါ်တက် အာခဲ့ကြသူတွေဆိုတော့ ကိုယ့်ကိုယ်ကိုထင်တလုံးစိတ်က တလူလူရှိနေကြတုန်းကိုး။ တကယ်တော့ အဲဒီစင်က ဘယ်သူကမှတင်တာမဟုတ်၊ ငွေထုတ်နဲ့ပင့်လို့ အမြင့်ရောက်ခဲ့တာလေ။ စိန်နားကပ်ရောင်နဲ့ ပါးပြောင်ခဲ့တာကို အမှောင်ခွင်းမယ့် အလင်းဓာတ် ပိုးစုန်းကြူးလို ဖင်ကပ်ပါလာတယ်ထင်နေကြတာ။ ပြည်သူနဲ့အတူဖြတ်သန်းမနေတဲ့လူတယောက်ကို ဘယ်သူကမှလောက်လောက်လားလားစာရင်းမတို့ကြဘူးလေ။ ငါက ပြည်သူရဲ့အထက်ကဆိုပြီး မိန့်မိန့်ကြီးနေလို့ ဘယ်သူမှမရဘူးလေ။ ပြည်သူက သူတို့နဲ့အတူ ဘယ်သူရှိလဲဆိုတာ သိကြပါတယ်။ အဲဒီလူစကားကလွဲရင် ဘယ်သူ့စကားမှ နားမဝင်ပါဘူး။ နားထောင်စရာလို့ကို မမှတ်ပါဘူး။ စာရင်းတို့မထားပါဘူး။

အချိန်လေးနှစ်ကျော် ငါးနှစ်ထဲရောက်လာတော့ တော်လှန်ရေးသမားတွေထဲမလဲ အတော်ကျိုးစားတဲ့သူနဲ့ မကျိုးစားသူ သိသိသာသာကွဲပြားလာတယ်။ ကြိုးစားသူများကျ နာမည်ထွက်လာတာပေါ့။ ဗိုလ်ရိုင်ဂိတ်တဲ့။ ဂိတ်နာမည်တောင် သူတို့နာမည်တွေနဲ့။ သုံးရက်တိတိဆန္ဒပြခံရတဲ့အထိကို ကျိုးစားတာ၊ ဗိုလ်ရိုင်ဂိတ်များ ကမ္ဘာတောင်ကျော်ပေါ့။

အညာမှာ ဗိုလ်ရိုင်ဂိတ် နာမည်ကြီးတာနဲ့အပြိုင် ကရင်နီမှာလဲ ကမ္ဘာတဝှမ်း တောက်လျှမ်းပါတဲ့ မောက်ခမ်းဝါတဲ့၊ နာမည်ကြီးချက်တော့။ ဖေ့ဘွတ်မှာဆို သူ့အကြောင်းချည်းဘဲ။ သူကတော့ ဂိတ်ဖွင့်တာမဟုတ်ဖူး၊ ဂိတ်ဖွင့်တာထက်ကိုက်တဲ့သူပုန်ထတာ။ သူပုန်ထရင်းဂိတ်ဖွင့်တဲ့ သူပုန်လိုမျိုးကို‌ ပြောတာမဟုတ်ဖူး။ သူ့သူပုန်က သတ်သတ်။ သူက ရိုးရိုးသူပုန်မဟုတ်၊ သူပုန်သူကန်။ ကန်တဲ့သူပုန်။ ဘာကန်တာလဲဆိုတော့ နှာကန်တာ။ အဲလို သူပုန်သူကန်ထလို့ နာမည်ကြီးတာ။ နှာသူပုန်ထပြီး ကလေးမတယောက်ကို မဟားဒယားသွားလုပ်တာကနေ ကော်ဖီသူပုန်ထထားတဲ့ ပုတ်သင်ဥတွေပါ ထပ်ပေါ်လာရော။ သူပုန်ကော်ဖီကနေ ရတဲ့အမြတ်တွေကို နည်းပေါင်းစုံပတ်အုပ်တာမှာ အလီဘာဘာဆိုတာ အားလုံး သိသွားကြလို့ပြောမဆုံးပေါင် တောသုံးထောင်ဖြစ်နေတာ။ သူကတော့ ကော်ဖီတင် သောက်တတ်တာ မဟုတ်ဘဲ တော်ကီပါ ပေါက်တတ်တော့ သူ့ဘက်ကနေ ဖိုက်တင်းဆိုတဲ့သူတွေ ရှိသေးတယ်။ အံ့စရာက ဖိုက်တင်း ပြောတဲ့အထဲမှာ ဇာတ်တူကျား မဟုတ်ဘဲ ဇာတ်မတူ မ-ဖြစ်နေတာ။ အင်း ဒါလဲ သုတေသနလုပ်သင့်တဲ့ကိစ္စ။ ယောက်ျားဘသားတွေက ယောက်ျားဘာသားပြောတာကတော့ မဆန်းဘူးမဟုတ်လား။ သူစော်ကားတဲ့လိင်ပိုင်းဆိုင်ရာကျူးလွန်မှုကလဲ ဖိုက်တင်းလုပ်ကောင်းစရာမဟုတ်သလို သူဘုံးထားတဲ့ တော်လှန်ငွေအမောင့်ကလဲ နည်းနည်းနောနောမှတ်လို့။ ဒီအမျိုးသမီးရဲ့စိတ်မျိုး ဘာလို့ဖြစ်ပေါ်လာတာ်ဆိုတာ သုတေသနပြုသင့်တာပလေ။ အင်း တော်လှန်ရေးကာလဟာ စီးပွားရှာလို့အကောင်းဆုံးဆိုတာ ဟုတ်ပေတာကိုး။ ခုတော့ သူနဲ့ပတ်သက်သမျှတွေ ဓာတ်ပျက်ရတဲ့အခြေစိုက် မြွေသိုက် ဝင်နှိုက်မိကြပြီပေါ့။

အညာမလဲ ဂုဏ်ယူစရာငှက်တကောင်ကင်စားလိုက်ရတာကို ဂုဏ်မဆာနိုင်အား အဲဒီငှက်က ပစ်ချတဲ့ငှက်လား၊ ပြုတ်ကျတဲ့ငှက်လား အငြင်းပွားနေကြလေရဲ့။ အဲသလို အငြင်းပွားတာဟာ အကြောင်းမဲ့တော့မဟုတ်၊ သဘောထားကိုယ်စီဝတ်ဆင်ထားတဲ့အငြင်းပွားမှုပေါ့လေ။ ခုဆို ပျက်ကျတာဟုတ်မဟုတ် စုံစမ်းစစ်ဆေးရေးကော်မရှင်ကြီးတောင်လုပ်ထားပြီး လက်ငုတ်တိုက်ပွဲတောင် လှည့်မကြည့်အားပေါင် ဖြစ်နေပေါ့။ အင်း ဒါလဲ သုတေသနလုပ်သင့်တဲ့စိတ်အခြေအနေတခုပါဘဲ။

အဲသလို အခြေအနေတွေ ပွေလီရှုပ်နေပါတယ်ဆို ဒါးနဲ့ အဝေးပြေးသူတွေက ဒါးအောက်နေသူတွေကို ဒါးမကြောက်ရ ဥပဒေထုတ်၊ ဒါးကြောက်ရင် ဒါးနဲ့ခုတ်မယ်ဆိုဘဲ။ အင်း  ပြေးသလောက်အဝေးရောက်တွေ သူတို့အရှက်ဖြေအကွက်တွေကြောင့် အသက်သေရအုံးမယ့်သူတွေက အများကြီး။ 

ဒီကြားထဲကိုက မအလ စစ်ရှုံးနေပုံကလဲ ‌တကယ့်သောက်ဆန်းကြီး။ တပ်သားတွေ မပြောနဲ့ ဟောင်ဝစ်ဇာတွေပါ တဆုတ်တည်း ဆုတ်နေရတာ။ အင်း ခုဆို အမြှောက်တွေပါ ပြေးပေါက်မသာတော့ဘူး ငပေါက်ရေ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar