Breaking News

မောင်လူမွှေး - ဘာသာတရားကို ပုံဖျက်ကြသူတွေ

မောင်လူမွှေး - ဘာသာတရားကို ပုံဖျက်ကြသူတွေ

မိုးမခ ၊ ဇွန် ၁၂ ၊ ၂၁၀၂၅


ဇွန်လ ၁၀ ရက်နေ့က စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတစ်စီးကို တော်လှန်ရေးတပ်ဖွဲ့က ပစ်ချနိုင်ခဲ့တယ်။ လေယာဥ်ဟာ စပါးစေ့ရွာ ဘုန်းတော်ကြီးကျောင်းထဲ ကျရောက်ပေါက်ကွဲခဲ့တယ်။ ဒီသတင်းကို တောထဲ လမ်းလျှေက်သွားရင်း မောင်လူမွှေးရဲ့ အပေါင်လေး တဲကို ဝင်ပြီးပြောပြတော့ အသက်ခုနစ်ဆယ်အရွယ် မောင်လူမွှေး အပေါင်လေးဟာ ဝမ်းမြောက်ဝမ်းသာနဲ့ ကတောင် ကပါတယ်။

စစ်ကောင်စီရဲ့ ပျက်ကျတဲ့ လေယာဥ်အစိတ်အပိုင်းတွေထဲမှာ လေယာဥ်မှူး ဆောင်းတဲ့ ဦးထုပ်ကိုလည်း တွေ့ကြရတယ်။ အိုးထုပ်ဟာ ကွဲနေပါပြီ။ အိုးထုပ်မှာ ကပ်ထားတဲ့ နှစ်ဆယ့်လေးပစ္စည်း စက်ဝိုင်းလေးဟာလည်း နှစ်ခြမ်းကွဲနေပါပြီ။ " လူတွေကို သတ်နေတဲ့သူက သူ သေမှာကျတော့ ကြောက်သေးတာလို့" မောင်လူမွှေးကို လေးက ပြုံးပြီး မှတ်ချက်ချပါတယ်။

စစ်အာဏာရှင်တွေဟာ သူတို့အကျိုးစီးပွားကို ကာကွယ်ဖို့ လူတွေကို သတ်ဖြတ်တာတင်မက ဘာသာတရားကိုလည်း သူတို့ရဲ့ အကာအကွယ်အဖြစ် အသုံးချခဲ့တာ နှစ်ရာစုချီနေပြီ ဖြစ်တယ်။ ဘုရားတွေတည်တယ်။ ကျောင်းတွေ ဆောက်တယ်။ ရွှေတွေ၊ ငွေတွေ လှူဒါန်းပြီး သူတို့ရဲ့မကောင်းမှုကို ဘာသာရေးအလှူပြုမှုနဲ့ ဖုံးကြတာက အစဥ်အလာဖြစ်တယ်။

မောင်လူမွှေး နေခဲ့တဲ့ မြို့မှာလည်း မြို့သူမြို့သားတွေ သွားသွားဖူးမြော်နေကြတဲ့ မြို့နဲ့ ခပ်လှမ်းလှမ်းက စေတီတော်တစ်ဆူ ရှိတယ်။ စစ်အာဏာရှင် သန်းရွှေခေတ်က သူ့နောက်လိုက် ဝန်ကြီးတွေတည်ခဲ့တဲ့ စေတီတော် ဖြစ်တယ်။ " အဲဒီ စေတီတော်တည်တုန်းက ထောင်ကျနေတဲ့ရဲဘက်တွေကို မြေညှိခိုင်းခဲ့တာ။ သေကြတာလည်း အများကြီး။ ဘာသာရေးနဲ့ ဖုံးပစ်လိုက်တာပေါ့ကွ" လို့ မောင်လူမွှေး ဆရာတစ်ယောက်က ပြောပြဖူးတယ်။

ပျူစောထီးရွာကနေ ထွက်လာတဲ့ အမျိုးသမီးတစ်ဦးဆီကနေလည်း စစ်ကောင်စီလက်အောက်မှာ နေထိုင်ကြသူတွေရဲ့ ဘာသာရေး လုပ်ဆောင်ကြပုံတွေကို သိရတယ်။ စစ်ဗိုလ်ရဲ့ အမိန့်နဲ့ ရွာထဲက အမျိုးသမီးတွေအားလုံး ညနေတိုင်း ဘုရားမှာပန်းကပ်ပြီး စစ်ကောင်စီအဖွဲ့ဝင်တွေအတွက် ဆုတောင်းမေတ္တာပို့ပေးရတယ်လို့ဆိုတယ်။ မြို့ပေါ်က စစ်တပ်တွေထဲမှာလည်း အမိန့်နဲ့ပဲ ဘုရားဝတ်တက်၊ သုတ်တွေရွတ် လုပ်ကြရတာ အားလုံးသိကြပါတယ်။

စစ်အာဏာရှင်လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့သူတွေ အများစုဟာ ဘာသာတရားကို သူတို့ဘဝ လုံခြုံဖို့ တနည်းအားဖြင့် သူတို့ မတရားလုပ်ထားတာတွေ မပေါ်ပေါက်ဖို့ ကိုးကွယ်ဆည်းကပ်နေကြသူတွေသာ ဖြစ်တယ်ဆိုတာကို ဟိုအရင်နှစ်ပေါင်းများစွာကတည်းက မောင်လူမွှေး သိပါတယ်။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးနဲ့ မလုံလောက်လို့ ဘိုးတော်၊ နတ်ကတော်၊ ဗေဒင်ဆရာတွေပါ အိမ်ဦးခန်းကို တင်ထားကြသူတွေ ဖြစ်တယ်။ ပြည်သူတွေဆီက  မတရားနည်းနဲ့ရတဲ့ ဥစ္စာကို မကောင်းမှုလုပ်ပြီး ရတာပါကလားရယ်လို့ နားမလည်နိုင်ဘဲ သူတို့တွေ ဘာသာတရားလုပ်လွန်းလို့ ကောင်းကျိုးပေးတာရယ်လို့ တလွဲကြီးနားလည်နေကြတယ်။

အကျိုးတရားဆိုတာ အကြောင်းတရားကြောင့် ဖြစ်တယ်။ ကောင်းတဲ့ အကြောင်းတရားကိုပြုခဲ့မှ ကောင်းတဲ့ အကျိုးတရားကို ရမယ်ဆိုတဲ့ ဗုဒ္ဓသာသနာရဲ့ အခြေခံသဘောတရားကိုတောင် နားမလည်ကြရှာတာ ဖြစ်တယ်။ ထေရဝါဒ ဗုဒ္ဓဘာသာရဲ့ အခြေခံအုတ်မြစ်ဟာ ငါးပါးသီလ ဖြစ်တယ်။ ကိုယ်ကျင့်တရား ဖြစ်တယ်။ ကိုယ်ကျင့်တရား ပျက်ပြားပြီးမှ ရလာတဲ့ ပစ္စည်းဥစ္စာ၊ ပြုတဲ့အလှူဟာ ဘယ်မှာ သန့်စင်နိုင်ပါ့မလဲ။

စစ်ကောင်စီလက်အောက်မှာနေ၊ စစ်အာဏာရှင် ခိုင်းသမျှကိုလုပ်၊ ကောင်းကောင်းစားသောက်နေထိုင်ခဲ့ကြသူတွေဟာလည်း မကောင်းကျိုးကို ခံစားကြရတယ်။ သူတို့ဘဝတွေဟာ အကြောက်တရားအောက်ကနေ ဘယ်တော့မှ မလွတ်မြောက်နိုင်တဲ့ ဘဝတွေ ဖြစ်တယ်။ အကြောက်တရားကနေ သက်သာရာရအောင် တရားစာတွေ၊ မန္တန်တွေ ရွတ်ဖတ်ရတာ၊ ဘိုးတော်ကို ပသရတာ၊ နတ်ပွဲကျင်းပရတာ၊ ယတြာချေရတာနဲ့ ဘဝရဲ့အချိန်တွေကို အကျိုးမဲ့ ကုန်လွန်ကြရသူတွေ ဖြစ်တယ်။

တကယ်တော့ ဘာသာတရား ဆိုတာ မိမိစိတ်နှလုံးကို ငြိမ်းအေးအောင်၊ အဲဒီကတဆင့် မိမိပတ်ဝန်းကျင် ငြိမ်းအေးအောင် အားထုတ်ကျင့်ကြံရတာ ဖြစ်တယ်။ ကိုယ်တွေ့၊ လက်တွေ့အကျင့်အကြံမပါရင် ဘာသာတရားဟာ အနှစ်သာရမရှိဘူးလို့ မောင်လူမွှေး ယုံကြည်တယ်။ ခုတော့ ပြည်သူတွေကို သတ်ဖြတ်၊ ပစ္စည်းတွေယူ၊ အာဏာကို မတရားသိမ်းထားတဲ့ စစ်အာဏာရှင်တွေနဲ့ သူ့နောက်လိုက်တွေ လုပ်လိုက်မှပဲ ဘာသာတရားဟာ အန္တရာယ်ကင်းအောင် ကိုယ်းကွယ်ရတဲ့ ၊ ရွတ်ဖတ်ရတဲ့ ၊ ဆောင်ထားရတဲ့ အဆင့်ကို လျှောကျသွားတော့တယ်။ စစ်အာဏာရှင် ဆိုတာ လူတွေကို ချမ်းသာမှုအစစ်ပေးတဲ့ ဘာသာတရားကိုတောင် ပုံဖျက်နိုင်ပါကလား၊ ဖျက်ဆီးနိုင်ပါကလားလို့ သတိသံဝေဂရဖွယ် မြင်တွေ့မိပါတယ် ခင်ဗျာ။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar