လူမျိုးစု လက်နက်ကိုင်အဖွဲ့များအကြား ပဋိပက္ခနဲ့ ရှမ်းပြည်နယ်
မြန်မာနွေဦးခရိုနီကယ် - ဇွန် ၂၃ မြင်ကွင်း
(မိုးမခ) ဇွန် ၂၄၊ ၂၀၂၅
လူမျိုးစု လက်နက်ကိုင်အဖွဲ့များအကြား ပဋိပက္ခနဲ့ ရှမ်းပြည်နယ်
ခုရက်ပိုင်းမှာ Shan Herald Agency မှာ ဖေါ်ပြခဲ့တဲ့ သုံးသပ်ချက် သတင်းဆောင်းပါး တပုဒ်ဖြစ်တဲ့ “Partial Inter-ethnic Conflict Resolution in Shan State” မှာ တိုင်းရင်းသားလူမျိုးစု လက်နက် ကိုင်အဖွဲ့တွေအကြား ပဋိပက္ခကိုတစိတ်တပိုင်း အဖြေရှာလာကြတာကို နိုင်ငံရေးသုံးသပ်သူ Sai Wansai က တင်ပြထားတာ တွေ့ရပါတယ်။
သူ့ရဲ့ဆောင်းပါးမှာ လတ်တလောဖြစ်ပေါ်တိုးတက်မှု သတင်း ၃ ခုကို မီးမောင်းထိုးပြခဲ့ပါတယ်။ ကိုးကန့်လက်နက်ကိုင်တပ်နဲ့ SSPP/SSA ရှမ်းလက်နက်ကိုင်တပ် တို့အကြား ဆွေးနွေးပွဲမှာ အတိုင်း အတာတခုထိ ပြေလည်မှုရရှိတဲ့သတင်း၊ ချင်းညီနောင်အဖွဲ့ပြောဆိုချက်တခုမှာ လူမျိုးအခွင့်အရေးနဲ့နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုတွေကို စစ်အာဏာရှင်စနစ်ဖယ်ရှားနိုင်တဲ့အထိ ရွှေ့ဆိုင်းထားမယ်လို့ပြောဆိုချက် အဲဒီအချိန်ကာလကျရင် နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမယ်ဆိုတဲ့ သတင်း၊ နဲ့နောက်ဆုံးသတင်းတပုဒ်က BPLA ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရဲ့ သင်တန်းဆင်းပွဲသတင်းမှာ NUG/PDF နဲ့ TNLA, ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းပါဝင်လာတဲ့လက္ခဏာတွေ တွေ့မြင်ရတဲ့သတင်းတွေလို့ ဆောင်းပါးရှင်က တင်ပြထားတာ တွေ့ရပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချင်းချင်းအကြား နယ်မြေစိုးမိုးမှု ပြဿနာ၊ ကားလမ်းတွေမှာ ဂိတ်ဖွင့်ပြီး အခွန်ကောက်တာ၊ မြို့တွေ ရွာတွေမှာ ပိုင်ဆိုင်မှု နဲ့ အသက်မွေးဝမ်းကျောင်းပေါ်မူတည်ပြီး အခွန်ကောက်ခံမှုတွေလို အခွန်အကောက်ကောက်ခံမှုနဲ့ ပတ်သက်လို့ မကြေလည်မှုတွေလိုမျိုး၊ လက်နက်ကိုင် အဖွဲ့တဖွဲ့က ထိန်းချုပ်ထားတဲ့နယ်မြေ လှုပ်ရှားနေတဲ့နယ်မြေတွေထဲမှာ စစ်မှုထမ်း ဆင့်ခေါ်တဲ့ ကိစ္စလိုမျိုးတွေက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအချင်းချင်းအကြား ပဋိပက္ခဖြစ်ပေါ်စေတဲ့ အခြေခံအကြောင်းရင်းတွေ ဖြစ်ပါတယ်။ ဒီလို ဖြစ်ရပ်တွေက လူမျိုးစု အစုံမှီတင်းနေထိုင်ကြတဲ့ ရှမ်းပြည်နယ်မှာ အများဆုံးဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ဒီပြဿနာတွေက အခုလိုကာလကျမှ ဖြစ်ပွားတာတော့မဟုတ်ပါဘူး၊ လက်နက်ကိုင် တော်လှန်ရေးသက်တမ်း တလျှောက် အခါအားလျော်စွာဖြစ်ပွားလေ့ရှိပေမယ့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီး တိုင်းရင်းသားလက် နက်ကိုင် တပ်တွေရဲ့ အင်အား ကြီးမားလာချိန် ပြည်မစစ်တပ်ကသိမ်းယူထားတဲ့ နယ်မြေတွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက သိမ်းယူလာနိုင်ချိန်မှာ ရည်မှန်းချက်၊ အကျိုးစီးပွားချင်း ပဋိပက္ခဖြစ်တဲ့အခြေအနေမျိုး ရောက်ရှိလာကြတာ ဖြစ်ပါတယ်။
အထူးသဖြင့် ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတို့ ဆင်နွှဲပြီးနောက်မှာ ရှမ်းပြည်နယ်မှာ လက်နက်ကိုင်တပ်တွေရဲ့ နယ်မြေစိုးမိုးမှု မြေပုံသိသာစွာပြောင်းလဲခဲ့ပြီးနောက် ၁၀၂၇ စစ်ဆင်ရေးမှာမပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ ပါဝင်ဆင်နွှဲခဲ့တဲ့မြောက်ပိုင်းညီနောင် လက် နက်ကိုင်အဖွဲ့အချို့အကြား၊ အဖြစ်အပျက်တချို့မှာ မြောက်ပိုင်းညီနောင်လက်နက်ကိုင်အဖွဲ့အချင်း ချင်းအကြားအထိပါ အောက်ခြေတပ်ဖွဲ့တွေအကြား ပွတ်တိုက်မှု ပစ်ခတ်မှုတွေရှိခဲ့ကြတာဖြစ်ပါတယ်။
အထင်ရှားဆုံး နဲ့ တကြိမ်မက ပွတ်တိုက်မှုတွေ ရှိခဲ့တဲ့အဖွဲ့တွေကတော့ SSPP/SSA နဲ့ MNDAA အကြား ပဋိပက္ခနဲ့ KIA နဲ့ TNLA အကြား ဖြစ်ရပ်တွေ ဖြစ်ပါတယ်။ ခုရက်ပိုင်းအတွင်းမှာလည်း TNLA နဲ့ SSPP/SSA အကြား လက်နက်ကိုင် ပဋိပက္ခ ဖြစ်ရပ်တခု ရှမ်းမြောက်မိုးမိတ်မြို့နယ်ထဲမှာ ဖြစ်ပွားခဲ့ပြန်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့နယ်မြေတွေ မြို့တွေ ရွာတွေကို စစ်အင်အားအလုံးအရင်းသုံးပြီး အရှိန်အဟုန်နဲ့ တပြိုင်နက်ထဲထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြရာမှာ အောင်မြင်ခဲ့တဲ့ နယ်မြေတွေရဲ့ စိုးမိုးအုပ်ချုပ်ခွင့် ထိစပ်နေတဲ့နယ်မြေတွေမှာ အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အငြင်းအခုံဖြစ်မှုတွေက ခုကာလတွေမှာ နေရာအတော်များများ ဖြစ်ပွားလာတဲ့သဘောလည်း ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ရဲ့ အရှိန်အဟုန်ကို တရုတ်နိုင်ငံက စီးပွားရေး၊ ကုန်သွယ်ရေး၊ မဟာဗျူဟာမြောက် ကုန်စည်တွေကန့်သတ်တာ၊ သံတမန်ရေးနည်းလမ်း စတဲ့နည်းမျိုးစုံသုံးပြီး ဇက်သတ်ခဲ့ရာမှာ MNDAA က လားရှိုးကို ပြန်လည်လွှဲပြောင်းပေးခဲ့ရတဲ့ အဖြစ်က သိသာထင်ရှားတဲ့ ဂ ငယ်ကွေ့သဖွယ် ဖြစ်စေခဲ့ပါတယ်။
ဒီအနေအထားမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စစ်ကောင်စီ အပြီးတိုင် အနိုင်ယူ ရေး၊ မန္တလေး၊ နေပြည်တော်ထိသိမ်းယူရေးဆိုတဲ့ ရည်မှန်းချက်တွေကို ခဏထားပြီး စစ်ကောင်စီတပ်တွေ ပြန်လည်သိမ်းယူနိုင်ခြင်းမရှိတဲ့နယ်မြေတွေမှာ ဘယ်အဖွဲ့တွေက အုပ်ချုပ်ခွင့်၊ ထိန်းချုပ်ခွင့်ရသင့်သလဲဆိုတဲ့ မေးခွန်းက အဓိကကျတဲ့မေးခွန်းဖြစ်လာနေတာပါ။
စစ်ရေးအရတိုက်ခိုက်သိမ်းယူထားတဲ့လက်နက်ကိုင်အဖွဲ့က အသက်တွေ၊ လက်နက်ခဲယမ်းတွေနဲ့ ရင်းနှီးတိုက်ယူထားတာမို့ အုပ်ချုပ်ခွင့်ရှိတယ်ဆိုတဲ့အယူအဆနဲ့ အစဥ်အလာအရ ၊ နေထိုင်တဲ့ လူ မျိုးအချိုးအစားအရ အုပ်ချုပ်သင့်တယ်ဆိုတဲ့အယူအဆအကြား ပဋိပက္ခဖြစ်လာကြတာ ဖြစ်ပါတယ်။
ပြည်ထောင်စုမြန်မာနိုင်ငံ ဧရိယာစုစုပေါင်းရဲ့ ၄ ပုံ ၁ပုံမျှရှိတဲ့ ရှမ်းပြည်နယ်မှာ တိုင်းရင်းသားလူမျိုးစု ၁ ဒါဇင်နီးပါး နေထိုင်ကြတာဖြစ်ပါတယ်။ လူဦးရေအရ မများတဲ့လူမျိုးစုတွေလည်း ရှိသလို လူ ဦးရေများတဲ့ လူမျိုးစုတွေအနေနဲ့ကြည့်ရင် ရှမ်း၊ ပအို့ဝ်၊ ပလောင်၊ ဝ၊ ကိုးကန့်၊ လားဟူ၊ လီဆူ၊ ဓနု၊ တောင်ရိုး၊ အင်းသားတို့ဖြစ်ပြီး အဲဒီအထဲ ရှမ်း၊ ပအို့ဝ်၊ ဝ၊ ပလောင်၊ ကချင်နဲ့ ကိုးကန့်တို့မှာ ဆယ်စုနှစ်ချီ လက်နက်ကိုင်တပ်ဖွဲ့တွေရှိခဲ့ကြပြီး ထိန်းချုပ်စိုးမိုးနယ်မြေတွေရှိခဲ့ကြတာ ဖြစ်ပါတယ်။
ဒီသမိုင်းနောက်ခံအနေအထားမှာ တိုင်းရင်းသားလူမျိုးစုအဖို့ တန်းတူညီမျှမှု ကိုယ့်နယ်မြေ ယဥ်ကျေးမှု လူမျိုးစုထိန်းသိမ်းရေးတွေက ဒီမိုကရေစီရေးနဲ့ တန်းတူ ဒါမှမဟုတ်ပိုအရေးကြီးတဲ့ အရာတွေလို့ ရှုမြင်ကြတာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီး နွေဦးတော်လှန်ရေးက တိုင်းရင်းသားလူမျိးစုတွေ စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီအရေးကို အားကောင်းလာအောင်ဖြစ်စေခဲ့တာမှန်ပေမယ့် လူမျိုးစုလွတ်မြောက်ရေးနဲ့ တွဲလျက်ပါရှိနိုင်တဲ့ စစ်အင်အားကိုအားပြုတဲ့ အစွန်းရောက်တဲ့အမျိုးသားရေးအယူအဆနဲ့ လူမျိုးကြီးဝါဒအယူအဆတွေကိုလည်း ဖယ်ရှားနိုင်မှ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆီ ရောက်ရှိနိုင်ကြမယ့် အနေအထားဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar